မြပို ဒီနေ့ ထမင်းဝိုင်းလေးမှာ စောင့်နေမိသည်။ ဒီညတော့ မောင်ပြန်လာလောက်သလား။ ဖွယ်ဖွယ်ရာရာချက်ပြုတ်ထားသည့် ညစာထမင်းဝိုင်းဟာ အေးသွားမှာစိုးလို့ နွှေးလိုက် ပြန်ခူးလိုက် လုပ်နေခဲ့တာ ဒါနဲ့ဆို တစ်ဆယ့်သုံးကြိမ်မြောက်။
အိမ်ထောင်ကျပြီးတာ ဒီနေ့နဲ့ဆို နှစ်လကျော်ခဲ့ပြီ။ ညတိုင်းနောက်ကျမှ ပြန်လာတတ်သလို ပြန်လာတိုင်း အရက်နံ့က တထောင်းထောင်း။ ပြန်လာချိန်က ညကြီးအချိန်မတော်ဖြစ်နေရင်တောင် ညစာကတော့ စားတတ်တာမို့ ပြင်ပြင်ပေးနေရတာက အကျင့်ဖြစ်နေခဲ့ပြီ။ လွန်ခဲ့တဲ့တစ်ပတ်လောက်ကစပြီး ညဘက် အိမ်ပြန်မလာတော့တာက ဘာသဘောလဲ မြပိုမသိ။
မြပို သိတာက မောင်က မြပိုရဲ့အိမ်ထောင်ဦးစီး။ မောင်ထားရာနေ စေရာသွားမည်။ မနက်မနက်အဝတ်လဲဖို့ပြန်လာတတ်သည့် မောင့်အင်္ကျီတွေမှာ အရက်နံ့ကလွဲလို့ ဘာမျှစွန်းထင်းမနေခဲ့ပါ။ အပြင်မှာ ထွက်အိပ်နေလို့ သဝန်တိုရကောင်းမှန်း မြပိုမသိ။
" ကလင် ကလင် "
ဧည့်ခန်းထဲရှိ ဖုန်းကို ကိုင်ရနိုး မကိုင်ရနိုး မြပို အတန်ကြာ ငြိမ်နေပြီးမှ ဖုန်းခွက်ကိုမယူကာ နားနားကပ်လိုက်သည်။
" မြပိုလား "
" ... "
" အိပ်ခန်းထဲက ဗီရိုအသေးထဲမှာ ခင်ဗျားပိုင်သင့်တဲ့ တစ်ချို့ ထားခဲ့တယ်၊ လက်စွပ်ကတော့ ခေါင်းအုံးအောက်မှာ၊ ဒီနေ့ကစပြီး ကျုပ်ပြန်မလာတော့ဘူး၊ မြပိုတို့မိဘတွေပေးထားတဲ့အလုပ်တွေ ကျုပ်အကုန် ပြန်အပ်ခဲ့ပြီ၊ စောင့်မနေနဲ့တော့ မြပို၊ ညစာတွေအေးရင် မြပို ဗိုက်အောင့်လိမ့်မယ်၊ ဒီဘဝဒီမျှပေါ့ဗျာ "
တစ်ဖက်သက်ဆန်ဆန် အေးစက်သောစကားတစ်ချို့ကြားထဲက နူးနူးညံ့ညံ့ ဂရုစိုက်မှုတစ်ခုတော့ မြပိုဖမ်းဆုပ်မိလိုက်ပါသည်။
မောင့်ကို မြပို မျှော်ချင်သေးလို့ပါ။
ပြန်နွှေးထားသည့် ထမင်းဝိုင်းထဲမှာ မောင်ရှိမနေပေမဲ့ မြပိုလုပ်နေကျ မောင့်အတွက် ဦးချမြဲ။ မောင်နဲ့အတူ ထမင်းစားရသလို မြပို လုပ်ဆောင်မြဲ။
.................
နေ့တွေသာကုန်လွန်သွားသည်။ မောင်ကတော့ ပြန်ရောက်မလာခဲ့ပါ။ နယ်မြို့ကလေးကနေ ဘယ်ကိုရှောင်ပြေးသွားမှန်းမသိတဲ့ မောင့်ကို မြပိုလိုက်မရှာတတ်။ မောင်ထားခဲ့တဲ့အိမ်မှာ မောင့်ကို မြပိုစောင့်နေတယ်။
....................
မြပို ဒီနေ့ သိပ်နေလို့မကောင်းဟု ခံစားရ၍ အိမ်ဘေးက ကလေးကို မုန့်ဖိုးပေးပြီး မိဘအိမ်ဆီ လူအခေါ်လွှတ်ရသည်။ မြပိုရဲ့ခြေထောက်တွေက ဖောင်းနေတာမို့ မြပိုလမ်းလျှောက်တိုင်း နာကျင်သည်။
မှန်တင်ခုံရှေ့ အုန်းဆီလိမ်းကာ ဆံပင်ဖြီးသင်နေပေမဲ့ လက်ထဲပါလာတဲ့ ဆံချည်တွေက သိပ်ကိုများလှသည်။
မောင်ကြိုက်တတ်သည့် အရောင်နုနု အဝတ်တစ်စုံဆင်မြန်းပြီးချိန်မှာ ထုံးစံအတိုင်း မီးဖိုထဲ ဝင်မိသည်။ မောင်များပြန်လာခဲ့ရင်ဆိုသည့်အတွေးနဲ့ နှစ်ယောက်စာချက်ဖို့ ပြင်ပေမဲ့ မြပို ဒီနေ့ ဘာမှ ချက်ချင်စိတ်မရှိပြန်။
ဆန်ပြုတ်ပူပူလေးတစ်ခွက် ချက်ပြီးချိန်မှာ အမေနှင့်အဘ ရောက်လာကြ၏။ ပြုံးပြနေသော မြပိုကို မြင်တော့ အမေက ငိုသည်။ အမေဘာလို့ ငိုရသလဲလေ။
မြပို ပျော်နေရဲ့သားနဲ့ အမေက ဘာလို့ ငိုရပါသလဲ။ ဆန်ပြုတ်ပူပူက များများချက်မိသွားတာမို့ အဘအတွက်ရော အမေ့အတွက်ပါ ခူးခပ်ကျွေးမိသည်။ အမေနှင့်အဘက မြပိုကို အိမ်ပြန်ခေါ်ပေမဲ့ မြပိုမှ မလိုက်ချင်ပဲ။
မတော်လို့ မြပိုမရှိချိန် မောင်ပြန်လာရင် မြပိုကိုမတွေ့လို့ မောင်စိုးရိမ်နေမှ ဒုက္ခ။
မြပို တစ်ရေးနိုးလာချိန်မှာ အမေက မြပို၏ လက်ကလေးကို အသာဖွဖွပုတ်သည်။ အဘကတော့ မြပိုကို ကြည့်မနေခဲ့ပါ။
အမေက မြပို၏ဗိုက်ကလေးပေါ် လက်အသာတင်ကာ ပြုံးပြရှာသည်။
" မြပိုက မိခင်ဖြစ်တော့မှာ "
ဆိုသောစကားကြောင့် မြပိုပြုံးမိလာသည်။ မောင့်ရင်သွေးကလေးက မြပိုဗိုက်ထဲမှာတဲ့လား။ မြပိုက မိခင်ဆိုတော့ မောင်က ဖခင်ပေါ့။
မောင် သိလားရှင်။ မြပိုတို့က မိဘတွေဖြစ်တော့မှာ။ တစ်ခုတော့ စိုးရိမ်မိပါသည်။ မြပိုရဲ့ကလေးက မြပိုနှင့်တူလို့တော့ မဖြစ်ပါ။ တော်ကြာ မြပိုရဲ့ကလေးက စကားမတတ်ရင် အနှိမ်ခံရမှာပေါ့။
မြပိုရဲ့ကလေးက စကားတတ်စေဖို့ မောင်လည်း ဆုတောင်းပေးဖို့ မြပို မှာချင်တယ်ရှင်။
သွားလေရာအရပ်မှာ ခလုတ်မထိ ဆူးမညှိပဲ မြပိုတို့ကို လွမ်းရင် အိမ်တစ်ခေါက်ပြန်ခဲ့ဖို့ မြပို ခေါ်လိုက်ပါ့မယ်။
...............................
13:06
15/11/2020
YOU ARE READING
လွမ်းပို(Completed)
Romanceအချစ်နှင့်သိက္ခာ မာနနဲ့သစ္စာ တရားသဖြင့် ယှဥ္ပြိုင်ကြရအောင်