အကယ်၍များ မြပိုနှင့်မောင်၏ တွေ့ဆုံမှုသည် ယခုထက်ပိုရိုးရှင်းခဲ့ပါလျှင် မောင်တစ်ယောက် မြပိုကို ချစ်လာနိုင်မလားလေ။
.....................................
" နားဦး အမည်းတုံးလေးရ "
ခြံရှေ့မှ အသံကြောင့် လွမ်းပိုမော့ကြည့်တော့ ဆရာ။ ဆရာ့ဘေးတွင်တော့ ဆရာ့၏ အဆက်ဟောင်း ဦးစည်သူ။ ဦးစည်သူက သူ့ကိုဆို တစ်ချက်လေးမှမကြည်သာပေ။ သူနှင့်ဆရာ၏ ဆက်ဆံရေးက ဘာမျှ မပြောင်းလဲပါသော်လည်း ဦးစည်သူကတော့ သူ့ကိုမြင်လျှင် အစာလုခံရသည့် ငှက်တစ်ကောင်လို ထိုးသုတ်တော့မည့်အလား။
" ဘာလာလုပ်တာလဲ ဆရာ "
" ဟေ့ ကိုယ့်ဆရာကို အဲ့သလိုပဲ ပြောရသလား.. မင်းမေမေရော ရှိလား "
" ရှိတယ် .. ဝင်လာခဲ့လေ "
လက်ထဲမှ မြောင်းဖော်နေသည့် ပေါက်တူးကိုပစ်ချကာ ခြံနားကပ်ထောင်ထားသည့် ရေတိုင်ကီမှ ရေတစ်ခွက်ခပ်ကာ ရွှံပေနေသည့်လက်တို့ကို ရေဆေးချလိုက်မိသည်။
သော့မခတ်ထားသည့် ခြံတံခါးမှတဆင့် ဝင်လာသည့် ဆရာနှင့်ဦးစည်သူကတော့ သူ့ကိုကြည့်ရုံသာကြည့်ပြီး အိမ်ထဲဝင်သွားလေပြီ။
" သားလည်းဝင်လာခဲ့ .. ဆရာပြောစရာရှိလို့ "
ယားယံနေသော မေးစေ့ကို တစ်ချက်ပွတ်ကြည့်တော့ ဘယ်အချိန်ကတည်းက စင်နေမှန်းမသိသည့် ရွှံ့တစ်စက်က လက်ထဲကပ်ပါလာ၏။ ရေနှင့်မြန်မြန်ဆန်ဆန် သစ်ပစ်ကာ မေးစေ့ကို သန့်ရှင်းရ၏။
စမ်းမိသည့် ငုတ်စိတိုကလေးများကလည်း အနည်းနှင့်အများတော့ ယားယံ၏။ အခုတလော သူ၏ အသံသည်လည်း အနည်းငယ် ဩလာသလားပင်။
" လာ သား "
" ဟိုဘက်မှာထိုင်ကွာ "
သုံးယောက်ထိုင်၍ရသည့် ခုံတန်းရှည်တွင် နှစ်ယောက်တည်းထိုင်နေသည့် ဆရာနှင့်ဦးစည်သူထံမှ မတူညီသည့် စကားနှစ်ခွန်းက ထွက်ကျလာလေသည်။
ဆရာ့ဘေးနေရာအလွတ်ကိုကြည့်လိုက်၊ ရှေ့ရှိ တစ်ယောက်ခုံကို ပြန်ကြည့်လိုက်ဖြင့် အနည်းငယ်အလုပ်ရှုပ်နေပြီးမှ အမေ့ထိုင်ခုံ၏ လက်ရမ်းတွင် တင်ပါးလွှဲဝင်ထိုင်လိုက်တော့သည်။
YOU ARE READING
လွမ်းပို(Completed)
Romanceအချစ်နှင့်သိက္ခာ မာနနဲ့သစ္စာ တရားသဖြင့် ယှဥ္ပြိုင်ကြရအောင်