"လင်း ရောက်နေပြီပဲ"
"မမလင်းက ဒီနေ့ အစောကြီးရောက်နေတာ"
မြတ်ဝန်းညီက လင်းကို ကြည့်လိုက်သော အခါ လင်းသည် ပြုံးပြသည်။
"ထိုင်လေ ညီညီ၊ ဘယ်လိုရောက်လာတာလဲ"
"အတန်းမသွားခင် လမ်းကြုံတာနဲ့ ဝင်လာလိုက်တာပါ၊ လင်းကိုလည်း အကျိုးအကြောင်း သတင်းမေးရင်းနဲ့"
"ဪ ဒီလိုပါပဲ လင်း ဒုတိယနေရာနဲ့ ကျေနပ်လိုက်ရတာပေါ့"
ပြုံးပြုံးရွှင်ရွှင်ပြောနေသော လင်းက မြတ်ဝန်းညီထက်ပင် ပေါ့ပေါ့ပါးပါးဖြစ်နေသည်။
"လင်း စိတ်မကောင်းဖြစ်နေမယ် ထင်ပြီး ရောက်လာတာ"
ထိုအခါမှ လင်းက အလုပ်ကို ရပ်ကာ မြတ်ဝန်းညီကို အာရုံစိုက်လာသည်။
"စိတ်မကောင်းဖြစ်စရာလား၊ ဒီပွဲ အတွက် လင်း အကောင်းဆုံးကြိုးစားပြီးပြီလေ၊ ရလဒ်လည်း ထွက်လာပြီ၊ လင်း စိတ်မကောင်း ဖြစ်နေရင်ရော ရလဒ်က ပြောင်းသွားမှာ မလို့လား"
မြတ်ဝန်းညီသည် ခေါင်းညိတ်ကာ နားထောင်နေသည်။
"စိတ်ပူမနေနဲ့ လင်းဘာမှ မဖြစ်ဘူး၊ ဆုရတာ မရတာထက် အကောင်းဆုံးကြိုးစားခဲ့ပြီ မလို့ လင်းရဲ့ တာဝန်က ကျေပြီးပြီ"
"ဟုတ်ပါပြီဗျာ၊ လင်းကို ဒီလို တွေ့လိုက်ရတော့ ကျွန်တော် စိတ်အေးသွားပါပြီ"
"စိတ်မပူပါနဲ့ ညီညီရယ်၊ လောကမှာ မျှော်လင့်ထားသလို ဖြစ်မလာတိုင်း စိတ်ဓာတ်ကျစရာမှမရှိတာ၊ ကိုယ့်ဘက်က ကြိုးစားရမယ့်တာဝန်ကျေခဲ့ပြီမလို့ စိတ်ညစ်စရာမရှိပါဘူး "
မြတ်ဝန်းညီသည် နှုတ်ဆက်ကာ ပြန်မည်အပြုတွင် လင်းက မတ်တပ်လိုက်ရပ်လာသည်။
"ညီညီ၊ ဒီနေ့ညနေ အချိန်ရရင် လင်းအိမ်ကို လာခဲ့ပါလား"
"လင်းရဲ့ အိမ်ကို "
မေးခွန်းမေးသည့် လေသံဖြင့် ပြောလိုက်သော အခါ လင်းက ခေါင်းညိတ်သည်။
"အင်း အောင်ပွဲခံရအောင်လေ"
စိတ်ပူ၍ အားပေးစကား ပြောရန် ရောက်လာသော သူကို ပြုံးရွှင်စွာဖြင့် တရားချလိုင်သည့် လင်းက အောင်ပွဲခံရန်ပင် ဖိတ်လိုက်သေးသည်။ မြတ်ဝန်းညီသည် ခေါင်းကို ခါရင်း တွေးလိုက်မိသည်။
Part_16(Zawgyi)
Start from the beginning