Y 10 [END]

275 29 4
                                    

Episode _ 10 [Yoon : နှုတ်ဆက်လက်ဆောင် End ]

ယွန်းငယ်၏ ပြန်ပေးဆွဲမှု၊ အသတ်ခံရမှုသည် အမှုမှန် ပေါ်ပေါက် သွားကာ မိထွေးဖြစ်သူသည်လည်း အမှုရင်ဆိုင်နေရလေပြီ။ ချောက်ကမ်းပါး သည် သိပ်နက်သဖြင့် မည်သူမှ မဆင်းရဲ။ ဆင်းခဲ့ဖူးသူလည်း မရှိ။ သို့ဖြင့် အလောင်းရှာရန် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရလေသည်။ ၀ိဥာဉ်ကလေးမ သည်လည်း ကျေနပ်နေပြီ ဖြစ်သည်။

“မင်း ဘာလို့ ဒီအိမ်မှာ ရှိနေသေးရတာလဲ”

“ယွန်းငယ် နောက်ဆုံးအနေနဲ့ ဖြစ်ချင်တဲ့ ဆန္ဒတစ်ခု ကျန်နေ သေးလို့”

“မင်း ဆန္ဒတွေက သိပ်များတာပဲ ကလေးမ”

ငိုမဲ့မဲ့ ဖြစ်သွားသော မျက်နှာလေးကြောင့် မုန်းမာန် သက်ပြင်းချကာ မျက်လုံးများ မှိတ်ထားလိုက်ရသည်။ စက္ကန့်အတော်ကြာမှ စိတ်လျှော့ကာ ပြန်ဖွင့်ကြည့်ပြီး မေးလိုက်သည်။

“ပြော ဘာလဲ”

“မိသားစု ထမင်းဝိုင်း”

“ဒါ ဘယ်လို မဖြစ်နိုင်တာကြီးလဲ”

“ဖြစ်နိုင်ပါတယ် မနက်ဖြန် Halloween မလား”

“ဒါပေမယ့် …”

“ပြီးတော့ ဦးလေး မွေးနေ့မလား”

“ဟမ်? ငါရောလား၊ ငါမှ မင်း မိသားစု မဟုတ်တာ”

“တစ်သက်လုံး ဒီအိမ်မှာ မြင်ချင်နေတာလား ဦးလေး”

“မင်းတောင် ပြန်ခြိမ်းခြောက်တတ်နေပြီပဲ”

“ဦးလေး မုန်းမာန် ဆီက အကျင့်ကူးသွားတာပါ ဟီးဟီး”

မျက်ခုံးတစ်ချက်ပင့်မိသွားသော်လည်း မုန်းမာန် တစ်စုံတစ်ခုကို တွေးမိသွားကာ ပြုံးလိုက်သည်။

“ဟုတ်ပြီလေ အလကားတော့ မရဘူး”

“အင်း ဘယ်လောက်လဲ”

“၅ သောင်း”

ပြုံးပြီး ကြည့်နေသော ယွန်းငယ်က ခေါင်းညိတ်ပြလိုက်သဖြင့် နည်းနည်းတော့ မသင်္ကာသည့် အငွေ့အသက်များ ရနေသလိုလို။

“ရတယ်လေ လေးငယ် အကြွေးစာရင်းထဲ မှတ်လိုက်”

“…….”

ဆွံ့အနေစဉ်ပင် ကော့တော့ ကော့တော့ဖြင့် လွင့်မြောသွားသော ၀ိဥာဉ် ငလည်မလေး။

“ဘာ! ဒီတူဝရီးကတော့ ! ”

နှစ်ဘ၀လုံး ငွေမက်လာသော မုန်းမာန်သည် စိတ်တိုလွန်းလို့ လူသတ်ချင်စိတ်ပါ ပေါက်သွားသော်လည်း ငွေမျက်နှာကြောင့်ပင် ဒေါသကို ပြန်လျှော့လိုက်ရပြန်သည်။ တကယ့် ကမ္ဘာ အစစ်မှာ ငွေးတိုးချေးစားလာသူ ဖြစ်သည်မို့ ကိုခန့်မှူးနိုင် ဆီက အကြွေးကို မုန်းမာန် ရအောင် တောင်းနိုင် မည်ဟု ယုံကြည်ချက် ရှိသည်။

*-*

“ကျွန်တော် ပြောတာ နားထောင်ပါဗျာ”

“ခင်များ ! အနားမကပ်နဲ့”

“ကျွန်တော်က ကောင်းစေချင်လို့ပါ”

“မလိုဘူး”

မီးဖိုချောင်တွင် ဆူညံနေသည်က တခြားမဟုတ်။ ခန့်မှူးနိုင်နှင့် မုန်းမာန် ဟင်းချက်ရန် စီစဉ်နေကြခြင်း ဖြစ်သည်။ သို့သော် ခန့်မှူးနိုင်သည် လက်သည်းညှပ်ကို ကိုင်ထားလေသည်။

“မင်းလက်သည်းရှည်တွေက လှပေမယ့် ဟင်းချက်မှတော့ ညှပ်ပစ် သင့်တာပေါ့ ကောင်လေး”

“ခင်များ ပါးစပ်ပိတ်ထား၊ ဒီ လက်သည်းတွေက ဘယ်လောက် အရေးပါလဲ သိရဲ့လား”

“မုန်းမာန်ရာ လူကြီးက ပြောရင် နားထောင်မှပေါ့”

မုန်းမာန်၏ လက်သည်းများသည် မိန်းကလေးများလို လက်သည်း ရှည်များဖြင့် ဖြစ်နေပြီး ဆိုးဆေး မတင်ထားသော်လည်း လက်သည်းခွံများ သည် ပန်းနုရောင်သန်းနေသည်။ ထို့ပြင် လက်သည်းများက ထိပ်ပိုင်းတွင် အနည်းငယ် ချွန်နေသည်မို့ သူ့လက်သည်းနှင့် ထိမိပါက ဒဏ်ရာပင် ရနိုင် လောက်သည်။ လက်သွယ်သွယ်များနှင့် သိပ်လိုက်ဖက်နေသည်ကတော့ အမှန်ပင်။

“ခင်များ ဘာသာ ချက်တော့”

အိမ်နေရင်း အစိမ်းရောင် ဖဲသားရှပ်အင်္ကျီပျော့ပျော့ကို ၀တ်ထား သည့် ကောင်လေးသည် စိတ်ဆိုးကာ အိမ်ရှေ့ထွက်သွားလေတော့သည်။ မုန်းမာန်က ဖဲသားရှပ်အင်္ကျီကို သိပ်ကြိုက်ပုံရသည်။ တောအုပ် အ၀င်ဝမှာ စတွေ့သည့်နေ့ကလည်း ရှပ်အင်္ကျီ ဖဲသားကိုပဲ ၀တ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် အနက်ရောင် ဖြစ်သည်မို့ ဖြူဝင်းသော သူ့အသားရည် နှင့် ပိုပြီး လိုက်ဖက်နေခဲ့သည်။

“လေးငယ် တစ်ယောက်တည်း ဖြစ်ပါ့မလား”

“ရပါတယ် သမီးရဲ့”

“ကိတ် လုပ်တတ်လားဟင်”

“မလုပ်တတ်ဘူး၊ ဘာလို့လဲ”

“ဒီနေ့ ဦးလေး မုန်းမာန် မွေးနေ့မလို့လေ”

ယွန်းငယ် ကူညီပေးချင်သော်လည်း ယွန်းငယ် ထိကိုင်လို့ မရ သည်မို့ ရပ်ကြည့်နေရုံသာ တတ်နိုင်သည်။ လေးငယ်က သူ့ အတွင်းရေးမှူး ဆီက ဖုန်းလာသဖြင့် ပြန်ဖြေကာ လိုအပ်တာများ အမိန့်ပေးပြီးတော့မှ တစ်ယောက်တည်း အချိန်ယူကာ ချက်ပြုတ်နေရသည်။

*-*

ညနေစောင်းတော့ လပြည့်ဝန်း တစ်ယောက် မြေအောက်ခန်းမှ ထွက်လာပြီး မုန်းမာန်ကို ရှာကြည့်သော်လည်း မတွေ့။ တစ်အိမ်လုံး နှံ့နေအောင် လျှောက်သွားလိုက်ရသည်သာ အဖက်တင်သည်။ နောက်ဆုံး ခြံထဲထွက်လာတော့မှ ရေကန်ထဲရှိ သစ်တုံးပေါ်တွင် ထိုင်နေကြောင်း တွေ့ရလေသည်။

“အစ်ကို ဘာလုပ်နေတာလဲ”

သစ်တုံးပေါ်တက်ကာ မုန်းမာန်ဘေးနား ၀င်ထိုင်ရန် ပြင်လိုက်သော် လည်း မိချောင်းကြီး ဖြစ်နေသဖြင့် လန့်သွားကာ လပြည့်ဝန်း ပြုတ်ကျ လေသည်။ ကံကောင်းထမကာ တစ္ဆေ ဖြစ်နေသည်မို့ ရေအောက်သို့ ကျသွားခြင်း မရှိဘဲ လွင့်မြောနေသည်။

“တစ္ဆေ ဖြစ်နေတာတောင် မိချောင်း ကြောက်သေးတာလား”

“ဟာဗျာ အစ်ကိုကလည်း ကျွန်တော်လည်း မသေခင်က လူပါနော်၊ လူဗျ။ ကြောက်တာပေါ့”

အစ်ကိုက မျက်မှောင်ကြုံ့ကာ အရှေ့သို့ ပြန်လှည့်သွားလေသည်။ အစ်ကို လက်ထဲတွင် ကြာပန်းများ ကိုင်ထားလေသည်။

“ကြာပန်းတွေ ခူးထားတာလား”

“အင်း”

“ဘာလုပ်မလို့လဲ”

“ကျွေးမလို့”

“ဗျာ … ဘယ်သူ့ကိုလဲ”

“သူ့ကို”

မိချောင်းကြီးသည် သခင့်အလိုကျ ခွံ့ကျွေးသမျှ ကြာပန်းများကို တမြုံ့မြုံ့ ၀ါးနေရရှာသည်။ ကြာပန်း စားရတာ ကြိုက်သော မိချောင်းရယ်လို့ တော့ တစ်ကြိမ်တစ်ခါမျှ ကြားဖူးခဲ့ခြင်း မရှိ။

ဒါ ဘယ်လို ရူးကြောင်ကြောင်နိုင်ခြင်းမျိုးလဲ။

သို့သော် မိချောင်း ကိုယ်တိုင်ပင် သခင်ဖြစ်သူကို မလွန်ဆန်ရဲ။ ဒါက ဘာကြောင့် ကျွန်တော်က ငြင်းခုန်နေရမှာလဲ။

“ဒီနေ့ အစ်ကို့ မွေးနေ့မလား၊ ဘာ လက်ဆောင် လိုချင်လဲ”

“မင်းမှာ ပေးနိုင်တာ ဘာရှိလို့လဲ”

ကျွန်တော်ဟာ အင်အားနည်းသည့် တစ္ဆေလေးမို့ အစ်ကို အထင် သေးသည့် ပုံစံဖြင့် ခပ်ရွဲ့ရွဲ့ မေးသည်။

“အချိန်”

“ဘာပြောတယ်”

“ပေးနိုင်တာဆိုလို့ အချိန်တွေပဲ ရှိတယ်၊ အစ်ကို ယူချင်ပါ့မလား တော့ ကျွန်တော် မသိဘူး”

“မလိုချင်ပါဘူး၊ မင်းနဲ့ အချိန်ဖြုန်းပြီး ငါက ဘာလုပ်ရမှာလဲ”

မုန်းမာန် ပျင်းတိပျင်းရွဲဖြင့် တစ်ညနေလုံး မိချောင်းပေါ်ထိုင်ကာ စဉ်းစားနေမိသည်။ မုန်းမာန် ဒီဝတ္တုထဲ ရောက်လာတာ ၇ နှစ်သား အချိန်မှာ ဖြစ်သည်။ ၀တ္တုထဲ ရောက်ကတည်းက မွေးနေ့ပွဲ ကျင်းပခဲ့ခြင်း မရှိ။ ကမ္ဘာ အစစ်တွင် နေထိုင်စဉ်ကလည်း မိဘမဲ့ တစ်ယောက်မို့ မွေးနေ့ကိုပင် သိရှိ ခဲ့ခြင်း မရှိ။ သိခဲ့ရင်လည်း ငွေကို သိမ်းကြုံး ရှာနေခဲ့ရသည်မို့ မွေးနေ့ လုပ်ဖို့အထိ မအားပါ။ ဒါကြောင့် ဒီညအတွက် နည်းနည်းတော့ စိတ်လှုပ်ရှား နေသည်။

ဒါက ပထမဆုံး မွေးနေ့ပါတီပါလား။

*-*

“မုန်းမာန်… မုန်းမာန် ထတော့”

ညနေခင်းက အိမ်ထဲ ပြန်ဝင်လာသော်လည်း လက်သည်း အတင်း ညှပ်ပေးချင်သည့် လူတစ်ဦးက အိမ်နောက်ဖေးတွင် ရှိနေသေးသည်မို့ အိမ်ပေါ်ထပ်သို့သာ တက်ကာ အိပ်နေခဲ့သည်။

“ဘာလဲဗျာ အိပ်နေတာကိုး”

“ညသန်းခေါင်ရောက်နေပြီ”

“အာ … အဲ့လောက်တောင် အိပ်ပျော်သွားတာလား”

“မင်းရဲ့ ပြုတ်ကျနေတဲ့ ပြတင်းပေါက်ကို ပြင်သင့်တယ်နော် ကောင်လေး၊ လေတအား တိုက်တယ်”

“ခင်များ ပိုက်ဆံ ပေးမှာလား”

ကပ်စေးနဲသော လူကြီးသည် မကြားချင်ယောင်ဆောင်ကာ အခန်း ထဲမှ ထွက်သွားလေတော့သည်။ မုန်းမာန် အိပ်နေရာမှ မထချင် ထချင်ဖြင့် ထလိုက်ရကာ အိပ်အောက်ထပ်ရှိ Kitchen သို့ ဆင်းလာရတော့သည်။ လေးထောင့် စားပွဲနှင့် အပြည့် ဖြစ်နေသော ဟင်းပွဲများကြောင့် တအံ့တသြ ဖြစ်သွားသည်။ စားပွဲ အလယ်တွင် ကိတ်တစ်လုံးနှင့်၊ ၀ိုင်ပုလင်းများပါ ရှိနေ သေးသည်။

“ဒါတွေ အကုန် ခင်များ လုပ်ထားတာလား”

“၀ယ်ထားတာ”

“သြော်”

“မင်းရဲ့ ရေခဲသေတ္တာထဲက ပိုက်ဆံတွေတော့ ခဏ ယူသုံး ထားတယ်”

“ဘာ! ခင်များ! ဘာကိစ္စ ပိုက်ဆံကို ခိုးသုံးရတာလဲ”

ခန့်မှူးနိုင် ထမင်း ပန်းကန်များ ချပြီးမှ ခါးထောက်ကာ ပြန်ပြောလေ သည်။

“ဒီမှာ ဘယ်သူက ပိုက်ဆံတွေကို ရေခဲသေတ္တာထဲ အလွယ်တကူ ထည့်ထားတာလဲ ပြော၊ ခိုးတာ မဟုတ်ဘူး ခဏ ယူသုံးတာ။ အချိန်တန်ရင် ပြန်ဆပ်မှာပေါ့ကွာ မင်းကလည်း အကြွေးစာရင်းထဲ မှတ်ထား”

“မီးခံသေတ္တာ သပ်သပ် မ၀ယ်ချင်လို့ ရေခဲသေတ္တာထဲပဲ ထည့်ထား လိုက်တာဗျ၊ ပြီးတော့ အလွယ်တကူ ထားတာ မဟုတ်ဘူး။ ဒီအိမ်ကို သူခိုး၊ ဓားပြတောင် မလာရဲဘူး ရှင်းလား”

အပြန်အလှန် စကားများနေစဉ် ယွန်းငယ်နှင့် ကောင်လေး တစ်ယောက် ရောက်လာ လေသည်။ ကောင်လေးက ၁၈ နှစ် အရွယ် လောက်သာ ရှိလောက်သေးပြီး ရုပ်ရည်က ပြေပြစ်သည်။ အရပ်က မုန်းမာန်ထက် လောက်သာ ရှိလေသည်။

“သူက ဘယ်သူလဲ”

“ကျွန်တော် လပြည့်ဝန်းပါဗျ”

“ဘာ! ဒါဆို မင်းက သရဲပေါ့”

ချက်ချင်းဆိုသလို မုန်းမာန် ကျောပြင်အနောက်သို့ ပြေးပုန်းသည့် လူကြီး။ လူကောင်က ကြီးမားနေသည်မို့ အစ်ကို့ ကိုယ်လုံး သေးသေးလေး နှင့် ကွယ်ပေးနိုင်ခြင်း မရှိ။

“မကြောက်ပါနဲ့ ဒီနေ့ တစ်ရက်တော့ လူလိုပါပဲဗျာ”

“ဟုတ်တယ် လေးငယ်၊ မယုံရင် ယွန်းကို လာထိကြည့်”

မုန်းမာန်က ခန့်မှူးနိုင် ရှေ့မှ ဖယ်ကာ စားပွဲသို့ သွားပြီး ထိုင်နေပြီ ဖြစ်သည်။ ထိုတော့မှ ခန့်မှူးနိုင်လည်း ချောင်းတစ်ချက်ဟန့်ကာ ပြန်ထွက် လာပြီး ယွန်းငယ်ကို ချီမကြည့်လိုက်သည်။

“သမီးကို ထိလို့ ရပြီပဲ”

“ဒီနေ့က Halloween လေ လေးငယ်ရဲ့”

ယွန်းငယ်ကို စားပွဲဝိုင်းဆီ ခေါ်သွားပြီး စားစရာတွေ ခွံ့ကျွေးတော့ လေသည်။ မုန်းမာန်က လပြည့်ဝန်း အတွက်ပါ ပန်းကန် တစ်ပန်းကန် ချပေး လိုက်သဖြင့် တစ္ဆေလေးသည် ပျော်ရွှင်လွန်းလို့ မျက်ရည်ပင် ၀ဲသွားရသည်။

“ကျွန်တော်ရော စားလို့ ရတယ်လား”

“စားစရာတွေ အများကြီးပဲလေ၊ ငါတို့လည်း မကုန်ဘူး”

“ကျေးဇူးတင်ပါတယ် အစ်ကို”

“မလိုဘူး၊ ဒီ ကုန်ကျစရိတ်တွေ သူ့ဆီက အကုန် ပြန်တောင်းမှာ”

ခန့်မှူးနိုင်ကတော့ ပြန်ငြင်းချိန်ပင် မရှိ။ သူ၏ တူမငယ်လေးကို ထမင်း ခွံ့ကျွေးရင်း အချိန်ကုန်နေသည်။ ယွန်းငယ်သည်လည်း ပျော်ရွှင် နေပုံ ရသည်။ စားလို့ ပြီးတော့ ကိတ်မုန့်စားရင်း ၀ိုင်ပုလင်းများ ဖောက်ကာ အေးအေးလူလူ အနားယူနေကြသည်။ ယွန်းငယ်ကတော့ နွားနို့ တစ်ခွက် ကိုင်ကာ ထိုင်နေလေသည်။

“ယွန်းငယ် ဦးလေး မုန်းမာန်ကိုရော အစ်ကို လပြည့်ကိုရော ကျေးဇူးတင်ပါတယ်”

“ရပါတယ် ညီမလေးရဲ့”

လပြည့်က ကိတ်တစ်တုံး ထပ်ထည့်ပေးလိုက်ရင်း ပြောသည်။

“မလိုဘူး၊ ငါက ပိုက်ဆံ ရလို့ လုပ်တာ”

အကြွေး ဖြစ်နေပေမယ့်ပေါ့။ အကြွေးစာရင်းကို တွေးမိသွားကာ မုန်းမာန် တစ်ယောက် မကျေမနပ်ဖြစ်သွားပြန်သည်။ သည် ၀တ္တုထဲက ဘ၀မှာ တစ်ခါမှ သူ့ဆီမှာ အကြွေးထားရဲသူ မရှိခဲ့။ စိတ်တိုသော်လည်း တစ်ချိန်ချိန် ပြန်ရမှာပါဟု တွေးကာ ၀ိုင်တစ်ခွက်ကို သောက်ရင်း စိတ်ပြေ ရပြန်သည်။

“လေးငယ် …”

“ပြောလေ သမီး”

“သမီး အမွေတွေကိုလေ ”

“ဘာလုပ်ပေးရမလဲပြော”

“တစ်ဝက်ကို အစ်ကို လပြည့်နဲ့သမီးအတွက် လှူပေးပြီး တစ်ဝက် ကိုတော့ ဦးလေး မုန်းမာန်ကို ပေးလိုက်ပါ”

“လှူတာက ဟုတ်ပါပြီ … ဒီကောင်လေးကို ဘာလို့ ပေးရမှာလဲ”

ယွန်းငယ် ကပ်စီးနဲနေသော ဦးလေးဖြစ်သူကို မျက်စောင်း ထိုးလိုက်တော့မှ လေးငယ်က စိတ်မပါစွာဖြင့် ခေါင်းညိတ်လေသည်။

“အင်းပါ သမီး သဘောပါပဲ”

သောက်လက်စ နွားနို့ကို ကုန်အောင်သောက်ပြီးမှ ယွန်းငယ် ဆက်ပြောလေသည်။

“ဦးလေး မုန်းမာန်ကို ဦးလေးငယ်လို့ ခေါ်လို့ရလား”

“သဘော”

“ဦးလေးငယ်ကို မွေးနေ့ လက်ဆောင် ပေးခဲ့မယ်”

“ပိုက်ဆံလား”

ပိုက်ဆံလောက်သာ တွေးနေသော မုန်းမာန်ကိုလည်း ယွန်းငယ် မျက်စောင်း ထိုးလိုက်ရပြန်သည်။

“လေးငယ်နဲ့ အစ်ကို လပြည့်”

“ဘာ!”

“ဒီအိမ်ကြီးထဲမှာ ဦးလေးငယ် အထီးကျန်နေမှာစိုးလို့ လေးငယ်နဲ့ အစ်ကို လပြည့်ကို လက်ဆောင် အနေနဲ့ ပေးခဲ့မယ်”

ဒါ ဘယ်လို သောက်ကျိုးနည်း လက်ဆောင်ကြီးလဲ။

မုန်းမာန် မလိုချင်သော်လည်း မွေးနေ့ လက်ဆောင် ရဖူးသည်မှ ဒါ ပထမဆုံး ဖြစ်နေသည်မို့ ခေါင်းညိတ်လိုက်ပါသည်။ ဆန္ဒတွေ ပြည့်ဝ သွားသော ၀ိဥာဉ်ငယ်လေးသည် တစ်ဖြည်းဖြည်း မှေးမှိန်လာသဖြင့် ခန့်မှူးနိုင် အလန့်တကြား ဖြစ်သွားသည်။

“ယွန်းငယ် … ယွန်းငယ် သမီး ဘာဖြစ်တာလဲ”

“လေးငယ် မငိုပါနဲ့၊ လေးငယ် ပျော်နေတာပဲ သမီးက မြင်ချင်တာ”

အလင်းမှုန်များ ဖြစ်ကာ ပျောက်ကွယ်သွားသော ယွန်းငယ်ကြောင့် ခန့်မှူးနိုင် မျက်ရည်များ ထိန်းမရ။ ထာဝရ ခွဲခွာရပြီဆိုသော အသိကြောင့် ၀မ်းနည်းမှု များက လှိုက်တက်လာလေသည်။ လပြည့်သည်လည်း စိတ်မကောင်း။ မုန်းမာန်က ခန့်မှန်းရခက်သည့် မျက်နှာအမူအယာဖြင့် ၀ိုင်ကိုသာ ဆက်သောက်နေလေသည်။

“ကိုခန့်မှူးနိုင် ၀မ်းမနည်းပါနဲ့ ယွန်းငယ်က ကောင်းတဲ့နေရာ ရောက်ပြီး အေးချမ်းနေမှာပါ၊ စိတ်မပူပါနဲ့”

လပြည့်က ခန့်မှူးနိုင်ကို နှစ်သိမ့်ပေးရင်း တစ်ချိန်ကျ သူကိုယ်တိုင် လည်း သည်လို ခွဲခွာသွားရမည်ကို တွေးမိသွားလေသည်။

“နားငြီးတယ် မငိုနဲ့တော့ သေတဲ့လူက သေတာ ကြာပြီ၊ ထပ်ငိုရင် ခင်များ လျှာကို ဖြတ်ပစ်မယ်”

“မင်း!”

မုန်းမာန်သည် အိမ်ကြီးထဲတွင် လူတစ်ယောက်နှင့် တစ္ဆေ တစ်ကောင် တိုးလာမည့် အကြောင်းကို တွေးမိသွားကာ စိတ်ရှုပ်သွားပြီး နောက်နေ့ မနက်ခင်းတွင် ခန့်မှူးနိုင် ပြန်သွားရန်သာ မျှော်လင့်နေမိသည်။ သို့သော် အကြွေး မရမချင်းတော့ ပြန်လွှတ်လို့ မဖြစ်။

ဘာပဲဖြစ်ဖြစ် ဒီနှစ် Halloween ကတော့ ခါတိုင်းထက် ပိုပြီး ထူးခြားတာပဲ။

*-*

ယွန်းငယ် အကြောင်း ပြီးပါပြီ။

Halloween အတွက် ရေးဖြစ်တဲ့ mini series လေးပါ။ ထပ်ရေးဖြစ်ရင်လည်း ရေးဖြစ်မယ်ဆိုပေမယ့် သိပ်တော့ မသေချာပါဘူး။ မနေ့ညက တင်မလို့၊ ဖုန်းထဲ စာဖိုင် ထည့်ဖို့ မေ့သွားပြီး အိပ်ယာထဲ ရောက်မှ သတိရလို့။ ၂ ရက်ခွဲနဲ့ ရေးထားတာမို့ လိုအပ်ချက်ရှိရင်လည်း ရှိမှာပေါ့ ဟဲဟဲ။

October 31Where stories live. Discover now