Y 3

184 28 0
                                    

Episode _ 3 [Yoon: သေဆုံးရသည့် အဖြစ်အပျက် ]

ယွန်းငယ်။

ယွန်းငယ်တွင် အမေ မရှိတော့သည်မှာ ကြာပြီ ဖြစ်သည်။ အဖေ့ မိန်းမကို “မေမေလေး” ဟု ခေါ်ရသော်လည်း ထိုမိန်းမကြီးသည် ယွန်းငယ်၏ အမေအရင်း မဟုတ်မှန်း ယွန်းငယ် နားလည်သည်။ ထို့အပြင် ယွန်းငယ်ကို မလိုလားသည်ကိုလည်း သိသည်။

တစ်နေ့တွင် ရွာသို့ မိသားစုလိုက် အလည်သွားဖြစ်ကြသည်။ ရွာရိုးကိုးပေါက် လျှောက်သွားကာ ကစားနေရင်းမှ ယွန်းငယ် ပြန်ပေးဆွဲခံ လိုက်ရလေသည်။ အဖမ်းခံရပြီး တောထဲရှိ ချောက်ကမ်းပါးမှ ပစ်ချ ခံလိုက်ရကာ သေဆုံးခဲ့သည်။

ယွန်းငယ် မကျွတ်မလွတ်သည့် ၀ိဥာဉ် ဘ၀ဖြင့် တည်းခိုသည့်အိမ်သို့ ပြန်လာခဲ့ရာ တောလမ်းတွင် ပြန်ပေးသမား များ အဖွဲ့နှင့် ပြန်တွေ့လေသည်။ ကံကောင်းထောက်မလို့ ယွန်းငယ်ကို မည်သူမျှ မမြင်ရချေ။ ထိုအချိန်တွင် မေမေလေးကို မြင်လိုက်ရသဖြင့် ယွန်းငယ် ပျော်သွားကာ လှမ်းခေါ်လိုက်သော်လည်း မေမေလေးကမူ မကြားရချေ။ ပြီးတော့ မေမေလေးက ငွေထုပ် တစ်ထုပ်ကို ပြန်ပေးသမား များအား ပေးကာ ချက်ချင်း လှည့်ထွက်သွားလေသည်။

ယွန်းငယ် သိပ်နားမလည်သော်လည်း ယွန်းငယ်၏ သေဆုံးမှုသည် မေမေလေးနှင့် သက်ဆိုင်နေကြောင်း အနည်းငယ် ရိပ်မိလာသည်။ သို့သော် ယွန်းငယ် ဘာမှ မလုပ်နိုင်။ ဘာကိုမှ ဖော်ထုတ်နိုင်ခြင်း မရှိ။ ယွန်းငယ်က အင်အားနည်းလွန်းသည့် ၅နှစ်သမီး ၀ိဥာဉ်လေးပဲ ဖြစ်နေသည်မလား။

ယွန်းငယ် စိတ်ထဲတွင် “လေးငယ်”ကိုသာ သတိရသည်။ လေးငယ် သည် အချစ်ဆုံး ဦးလေးဖြစ်သည်။ လေးငယ်က ယွန်းကိုလည်း သိပ်ချစ်ရှာ သည်။ အမွေအားလုံး လွှဲပေးရန် စီစဉ်ထားသည်အထိပင်။ 

လေးငယ် ကို တိုင်ပစ်ချင်သည်။ ဖြစ်ခဲ့သမျှ ပြန်ပြောပြချင်သေး သည်။ နောက်ဆုံး တောစပ်ရှိ မမတစ်ဦးက ဦးလေး မုန်းမာန်ဆီကို လမ်းညွှန်လိုက်လေသည်။ ၀ိဥာဉ် မမသည် ဦးလေး မုန်းမာန် ကျေးဇူးဖြင့် နောက်ဆုံး ဆန္ဒများ ပြည့်ဝ ခဲ့သည်။ သို့ပေမယ့် ၀ိဥာဉ် မမ၏ ကျောက်စိမ်း လက်ကောက် လေးကိုတော့ ရင်းခဲ့ရသည်။ ယွန်းငယ်မှာ ပိုက်ဆံ မရှိ။ သို့သော်လည်း အနည်းဆုံးတော့ ဦးလေး မုန်းမာန်ကို တွေ့ကြည့်ချင် ခဲ့သည်မို့ အရဲစွန့်ကာ နန်းတော်တမျှ ကြီးမားသော သည်အိမ်ကြီးဆီ လာခဲ့ခြင်း ဖြစ်သည်။

*-*

“လူတစ်ယောက် ရှာတယ်ဆိုတာ မလွယ်ဘူး ကလေးမရဲ့”

“ဦးလေး မရှာနိုင်ဘူးလား”

“ရှာနိုင်တာပေါ့ … ငါ ပြောချင်တာက”

“ရှာနိုင်ရင် ရှာလေ”

မုန်းမာန် ပိုက်ဆံ စကားပြောရန် အစချီလိုက်သော်လည်း အလိုက် မသိသည့် ၅ နှစ် သမီးလေးသည် ပြတ်သားစွာဖြင့် ကြည့်နေလေသည်။

“ငါ ၅ သိန်း လိုချင်တယ်”

“လူလေးတစ်ယောက် ရှာတာကို အဲ့လောက် ကုန်တယ်လား”

“ဒီမှာ ကလေးမ၊ ငါက သာမန်သူ မဟုတ်ဘူး လူ့လောကနဲ့ ပရလောကကို ဆက်သွယ်ပေးနေတဲ့သူ။ ငါသာ မရှိရင် ၁၀ သိန်း ပေးတောင် မင်းကို ဘယ်သူမှ မကူနိုင်ဘူး”

နည်းနည်းလောက် လေကြောရှည်လိုက်တော့မှ သဘောပေါက် သွားဟန်ဖြင့် ခေါင်းညိတ်လေတော့သည်။

“ရတယ်၊ လေးငယ်မှာ ပိုက်ဆံ ရှိတယ်”

“ပြီးတော့ အိမ်ငှားခ”

“ရှင်”

“တစ်ရက်ကို ၃သောင်း ပေးမလား၊ ရှာတွေ့တဲ့နေ့အထိ အပြတ် ၃သိန်း ပေးမလား”

ငွေကိုင်ကာ သုံးဖူးခြင်း မရှိခဲ့သော ယွန်းငယ်ခမျာ မျက်လုံးပြူး သွားရ ပြန်သည်။

“အိမ်ငှားခက အဲ့လောက် ဈေးကြီးတာလား”

“ဒါပေါ့ ပြီးတော့ မင်းက လက်ငင်းလည်း မဟုတ်ဘူး၊ အကုန် အကြွေးနဲ့မလား၊ နေဦး ငါ အတိုးရော တောင်းလို့ရတယ်မလား”

“ဘုရား၊ ဘုရား”

“ဒီလိုလုပ်ကွာ အကုန် အပြီးအစီး အားလုံး ၁၀ သိန်းနဲ့ပဲ ထားပေး လိုက်မယ်”

“နည်းနည်းလောက် လျှော့ပါဦးလား ဦးလေးရာ”

“တပြားမှ မလျှော့နိုင်ဘူး၊ မကျေနပ်ရင် ထွက်သွားလိုက်”

“ဒါ အနိုင်ကျင့်တာပဲ”

မုန်းမာန် အပြုံးတစ်ခုကို လုပ်ယူရင်း ကလေးမကို ချော့မော့ကာ နားဝင်အောင် ပြောပြလိုက်ရသည်။

“မင်း လေးငယ်ကဖြင့် သိန်းတစ်ရာ ဆိုရင်တောင် မျက်တောင် တစ်ချက် မခတ်ဘဲ ပေးနိုင်တဲ့အထိ ချမ်းသာတယ်ကွ သိရဲ့လား”

ယွန်းငယ် တအံ့တသြ ငေးကြည့်မိသည်။ သည်ဦးလေးကြီးက သိထားသည့် အချက်အလက်အပေါ် သိပ်ကို ယုံကြည်မှု ပြင်းပြလွန်း နေသလို ခံစားလိုက်ရသည်။ လေးငယ် ချမ်းသာသည် မှန်သော်လည်း မုန့်ဖိုး ၅၀၀ ကိုပင် ခက်ခက်ခဲခဲ တောင်းယူရသည်အထိ ကပ်စေးနဲသည်။ မသိတော့လည်း ကောင်းတာပဲဟု တွေးကာ ၁၀ သိန်းဖြင့် သဘောတူ လိုက်သည်။ ပိုက်ဆံကိစ္စက လူကြီးတွေ တွေ့မှ ရှင်းကြပါစေ။

“ဟုတ် ရတယ်၊ လေးငယ်ကိုသာ အမြန်ဆုံး ရှာပေးပါ”

*-*

October 31Where stories live. Discover now