ရှောင်ဝမ်ကလည်း သူဘာစားချင်တယ်ဆိုတာ မသိပါ။ သို့သော်လည်း ရှန်ဖူကတော့ လင်ရှုယီကို သေချာနားလည်လေတာကြောင့် ကယ်တင်ပေးရန်ရောက်ချလာတော့သည်။ သူ့လက်တစ်ဖက်ကို လင်ရှုယီရဲ့ပခုံးပေါ်မှာတင်လိုင်ရင်း သူက ခေါင်းယမ်းကာဖြင့် ရှောင်ဝမ့်ကိုရယ်လေသည်။

"မဟုတ်သေးဘူးကွ။ လင်ရှုယီလိုလူမျိုးကို မင်းက ဘာစားရမယ်ဆိုတာကိုပဲပြောသင့်ပြီး ဘာစားမလဲဆိုတာကို မမေးသင့်ဘူး။ သူဘယ်လိုနည်းနဲ့မှ ဆုံးဖြတ်နိုင်မှာမဟုတ်ဘူး။"

အထူးသဖြင့် စားစရာတွေနဲ့ပတ်သက်လာတဲ့အခါပေါ့။

ရှန်ဖူက ခဏမျှတွေးတောကာ စကားထပ်ပြောလာသည်။

"လင်ရှုယီက အစပ်မစားနိုင်ဘူး၊ ဒါကြောင့်ပယ်တယ်။ အခုက နေ့လည်စာစားချိန်ရောက်နေပြီမလို့ အစာပြေစားစရာတွေနဲ့လမ်းဘေးကစားစရာတွေကို မွန်းလွဲချိန်လောက်မှ စားဖို့ပယ်လို့ရတယ်။ အခါ ငါတို့စားရမှာက ဗိုက်ပြည့်မယ့်စားစရာပဲ။ ရှောင်ဝမ်၊ ဒီနားမှာ နာမည်ကျော်ဘဲသွေးခဲခေါက်ဆွဲဆိုင်တစ်ဆိုင်ရှိတယ်လို့ မင်းပြောလိုက်တာ ငါမှတ်မိသေးတယ်။ ဟုတ်တယ်မလား?"

ရှောင်ဝမ် ခေါင်းငြိမ့်လိုက်သည်။

ရှန်ဖူက ပြုံးရယ်ကာ လင်ရှုယီရဲ့မျက်နှာကို ကျန်လက်တစ်ဖက်နဲ့ ညင်ညင်သာသာညှစ်လိုက်သည်။

"ဒါဆို ကိုယ်တို့ အဲ့ဒါကိုသွားစားမယ်ဆိုရင် ဘယ်လိုလဲ?"

ဒီစကားနဲ့ပင် ဆုံးဖြတ်ချက်ချပြီးသားဖြစ်သွားတော့သည်။ ရှောင်ဝမ်ကတော့ တစ်ခုခုကိုတွက်ချက်စဉ်းစားပြီး ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ရှန်ဖူက အတော်လေးတော်တယ်လို့တွေးနေတာကြောင့် ရှန်ဖူ့ရဲ့စနောက်နေခြင်းကိုမမြင်လိုက်။

လင်ရှုယီက ရှန်ဖူ့ကို အေးစက်စက်ကြည့်လိုက်ပေမယ့် ဘာမှတော့မပြော။ ဒီလူက လူတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ဝင်စွက်ဖက်ရတာကိုကြိုက်ရုံတင်မဟုတ်ဘဲ သူတို့ကို စိတ်ရှုပ်စရာကောင်းအောင် ဟိုတို့ဒီထိလုပ်ရတာကိုလည်းသဘောကျသေးသည်။ သူက ယဉ်ကျေးသိမ်မွေ့တဲ့လူကြီးလူကောင်းနဲ့ လုံးဝမတူဘဲ ကလေကချေလူရမ်းကားနဲ့သာပိုတူသည်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now