Chapter - 70

3.6K 782 17
                                    

Unicode

လီမွန်သကြားရည်
_______________

ပထမတော့ သခင်ကြီးရှန်နဲ့တခြားသူတွေက ဒီလိုနေရာမျိုးမှာနေရတာကို အသားမကျမှာ အဖိုးအိုယန်စိုးရိမ်နေခဲ့တာဖြစ်သည်။ အံ့ဩစရာကောင်းစွာပင် သခင်ကြီးရှန်က လုံးဝစိတ်ထဲမထားပါချေ၊ သူက ကုတင်မာမာပေါ်မှာ တစ်ညလုံးကောင်းကောင်းမွန်မွန်အိပ်ပျော်ခဲ့လေ၏။ မနက် အဖိုးအိုယန်နိုးလာချိန် ခြံထဲမှာ တစ်ယောက်မှမရှိပေ။ သူက မနက်စောစောလမ်းလျှောက်တတ်တာအပြင် သူတို့တွေ ကောင်းကောင်းအိပ်မပျော်မှာလည်း နည်းနည်းစိုးတာကြောင့် စောစောစီးစီးပင်ထလာလိုက်သည်။

သိပ်မကြာခင်မှာပဲ လင်ရှုယီလည်းထွက်လာသည်။ ဘယ်သူမှမနိုးသေးတာကိုမြင်တဲ့အခါ သူက အဖိုးအိုယန်ကို မီးဖိုခန်းထဲ တိတ်တိတ်ကလေးခေါ်သည်။

"ဘယ်လိုလုပ် တအားအစောကြီးထလာတာလဲ အဖိုးရဲ့?"

အဖိုးအိုယန်က သူ့လက်တွေကို အချင်းချင်းပွတ်ရင်း ပြုံးသည်။

"သူတို့ ကောင်းကောင်းမအိပ်နိုင်ကြမှာ အဖိုးစိုးရိမ်လို့။"

လင်ရှုယီက ပြုံးကာ အဖိုးအိုယန်ရဲ့ပခုံးကိုပုတ်သည်။

"အဆင်ပြေပါတယ်။ စိတ်လှုပ်ရှားနေစရာမလိုပါဘူး အဖိုး။"

အဖိုးအိုယန်က ငြင်းပယ်လေဟန်ဖြင့်လက်ယမ်းသည်။

"အဖိုး စိတ်မလှုပ်ရှားပါဘူး။ အစကတော့ အဖိုး ကောင်းကောင်းမလုပ်ရင် ဒါက လူလေးအပေါ်ကို ဆိုးဆိုးရွားရွားကြီးသက်ရောက်သွားမှာစိုးပြီး အဖိုး နည်းနည်းစိတ်လှုပ်ရှားမိသေးတယ်။ အခု သူတို့က ကောင်းမွန်ပြီးကျိုးကြောင်းသင့်တဲ့လူတွေဆိုတာ အဖိုးသိသွားပြီလေ၊ စိတ်မလှုပ်ရှားတော့ဘူး။ ဒါပေမယ့် အခုက သူတို့လာလည်တာ ပထမဆုံးအကြိမ်လေ၊ အဖိုးက အဆင်ပြေနိုင်သမျှအဆင်အပြေနိုင်ဆုံးဖြစ်အောင်လုပ်ပေးဖို့ တာဝန်ရှိတယ်။"

လင်ရှုယီရဲ့နှလုံးသားလေးက နွေးထွေးနူးညံ့သွား၏။

"အဖိုး၊ အဖိုး ဆန်ပြုတ်နည်းနည်းလုပ်ထားလိုက်ပါ။ ကျွန်တော် မနက်စာဝယ်ဖို့ ရှန်ဖူ့ကိုခေါ်သွားမယ်။ အခုက ပိုအေးလာပြီ၊ အိမ်မှာ မနက်စာလုပ်တာ အဆင်မပြေလောက်ဘူး။"

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now