Chapter 91

21K 4K 363
                                    

Unicode

လူသူကင်းမဲ့နေသော ကျွန်းတွင် ကမ်းစပ်သို့ လှိုင်းလုံးပုတ်ခတ်သံတို့မှအပ တိတ်ဆိတ်နေသည်။

သေဆုံးခြင်းနှင့် ရင်ဆိုင်ခဲ့ရသော ရုပ်ပုံလွှာတစ်ခုသည် ပြန်လည်နိုးထသက်ဝင်ရန် အစပြုနေသည့်အလား ဖယောင်းလို ဖြူဖွေးနူးညံ့သော သူ၏ လက်ချောင်းတို့ ဖြည်းညင်းစွာ လှုပ်ခတ်လာသည်။

"ဟင့်...''

ပြင်းထန်စွာ ရှိုက်သံတစ်ခုက ခန္ဓာကိုယ်မှ ပေါ်ထွက်လာသည်။

မစိမ်းသက်သော လေနုအေးက ဟွားဝူချင်၏ နှာသီးဝသို့ တိုးဝင်လာသည်။ အသက်ကို ဝဝရှုကာ ကျိန်းစက်နေသော သူ၏ မျက်လုံးများကို အားယူဖွင့်ရန် ဟွားဝူချင် ကြိုးပမ်းလိုက်သည်။

"အာ့...''

သူ၏ ဦးခေါင်းက အိုးထိန်းစက်လို ချာချာလည်နေပြီး ပြင်းစွာထိုးကိုက်နေသောကြောင့် သဲသောင်ပြင်ကို အားပြုထောက်ထားသော သူ၏ လက်တို့ ခွေကျသွားသည်။

အဖြစ်အပျက်တို့က ဝေဝေဝါးဝါးနှင့် သူ၏ မှတ်ဥာဏ်ထဲတွင် ထူထပ်စွာ ပိတ်နေသော မြူခိုးများလိုရှိနေသည်။
ဟွားဝူချင် သူ့ကိုယ်သူ ငုံ့၍ ကြည့်လိုက်သည်။

နှလုံးသားတည့်တည့်စိုက်ဝင်နေသော ဓားမြောင်တစ်လက်...

သွေးတို့ပေကျံနေသော အနက်ရောင် ဝတ်ရုံ...

အရာအာလုံးက အကျည်းတန်နေသည်။

ဟွားဝူချင် ရင်ဝက ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။

သူ၏ နှလုံးအိမ် အောင့်ခနဲ ဖြစ်သွားသည်။ ဓားမြှောင်ကို ဆွဲထုတ်လိုက်ခြင်းကြာင့် မဟုတ်တန်ရာ။ သည်အတိုင်း နှလုံးသွေးတို့ လည်ပတ်မှု ရပ်တန့်သွားပြီ ထင်မှတ်မိအောင် စူးအောင့် နာကျင်ရသော နာကျင်မှု။

ဟွားဝူချင် သတိရသွားချေသည်။

"ဖုန်ဟွေ့!''

သဲသောင်ပြင်မှ သူအလျင်အမြန်ထလိုက်သည်။ ရုတ်တရက် မခိုင်သော ခြေထောက်က ဒုက္ခပေးသောကြောင့် သူလဲကျသွားသည်။ သေဆုံးပြီးမှ ပြန်လည်နိုးထလာသောကြောင့် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတို့က ပုံမှန်အလုပ်လုပ်ဟန်မရှိ။

Legendary Phoenix [Complete]Where stories live. Discover now