Chapter 37

4K 605 87
                                    


ရှင်းဝဏ် သူ့ရှေ့တည့်တည့်တွင် စာသင်နေသော အရှင်ယောဝေကို ကြည့်လိုက်သည်။ သူ့ကို နည်းနည်းလေးတောင် စောင်းငဲ့မကြည့်။သူ ရှိရာဘက်သို့ မျက်လုံးလေးတောင် ဝဲမလာ။ သို့တိုင်အောင် ဘေးတိုက်မြင်နေရသော ဒင်း၏ မျက်နှာလေးကြောင့် သူမှာ ရတက်ပွေရတော့သည်။ ထိုမျက်နှာလေးမှာ မနေ့ကထက်ပင် ပို၍ ဖြူရော်ကာ လှုပ်ရှားမှုတို့မှာ ခပ်လေးလေးရှိ‌ပါ၏။ ထိုမျှမကသေး။ အမြဲလို မာရေကြောရေရှိတတ်သော စကားသံက ပုံမှန်လောက် မမာကြောသလို တချက်ချက်ဝယ် မောဟိုက်မှုတို့ စွန်းထင်းနေပြန်သည်။ ဒီတော့ ဘယ်နှယ့်တွေများဖြစ်လို့ပါလိမ့်ဟူ၍ တွေးပြီး သူ့မှာစိုးရိမ်ရတော့တာပေါ့။

ယောဝေကတော့ ကျောက်သင်ပုံးကြီးကိုသာ တတ်နိုင်သမျှ မျက်နှာအပ်ထားလိုက်သည်။ မလွဲသာလို့ စာသင်သားများဘက်ကြည့်လျှင်တောင် ဟိုသတ္တဝါလေးကို ယောင်လို့တောင်လှည့်မကြည့်မအောင် ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းထားလိုက်ပါသည်။ မတော်မအပ်သော ခံစားချက်တို့ဖြင့် ပြည့်နေမည့် မျက်လုံးများကို သူ မမြင်လိုပါ။ ထို့‌ကြောင့် သင်စရာရှိသည်တို့ကို သင်ပြီးသည်နှင့် ထိုနေရာမှ လှည့်ကာ တချိုးတည်းထွက်လာခဲ့သည်။

ရှင်းဝဏ် ဒီတခါတော့ လေမာန်သွေး မနှောင့်ယှက်နိုင်မှီ ထိုင်ရာမှထကာ ဒင်းနောက်သို့ လိုက်ခဲ့ပါသည်။ ဒီနေ့တော့ မျက်ချေမပြတ်ရလေအောင် မနေ့ကထက်ပိုနီးကပ်စွာ ကပ်လျှက် လိုက်ပါလာခဲ့သည်။ ထိုသို့လိုက်ရင်းမှ အခွင့်အခါကိုလည်း ချောင်းနေရသေးသည်။ ဘာရယ်တော့မဟုတ်။ အဆင်ပြေ၍ လမ်းသွားလမ်းလာ ပြတ်သည့်နေရာရောက်လျှင် ဒင်းကို မရမကဆွဲကာ မနေ့က ဟံ‌လွေနှင့် ကိစ္စကို ရှင်းပြရန်ဖြစ်သည်။

မနေ့ကလိုပင် ထိုသတ္တဝါလေးက နောက်မှ လိုက်ပါလာသည်ကို သိပါသည်။ သို့သော် မသိဟန်သာပြုပြီး ‌ခြေလှမ်းတို့ကို ကျောင်းဝန်းအပြင်သို့သာ ခပ်သွက်သွက်နှင်လိုက်ပါသည်။ လှည့်ပြောနေပါလျှင် ထိုစူးရဲရဲမျက်ဝန်းအစုံက မဆီလျှော်ပါသော ခံစားချက်တို့ကို သူ့နှလုံးသားထဲမှ မရမက ယိုစီးစေပြီး သူ့ကို အပြစ်သားတဦးဖြစ်စေလိမ့်မည်။ ဝဋ်လည်တယ်ဆိုတာ ဒါပဲနှင့်တူသည်။ နှမငယ် ယွန်းသူဇာကို မလျှော်ကန်သော မေတ္တာတခုဖြင့် ရွံရှာဖွယ်ရာ အပြစ်သားဖြစ်စေခဲ့သော သူက ယခုတော့ နှမငယ်၏ သားဖြစ်သူ ဟိုသတ္တဝါလေးကြောင့် သူတကာမသိသည့်တိုင် အပြစ်သားဖြစ်နေရလေပြီ။ ထိုမျှမကသေး ခင်ပွန်းဖြစ်သူကိုလည်း တမ်းတနေသေးသတဲ့။ ဘယ်လောက်ရွံစရာကောင်းလိုက်သလဲ။

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now