Chapter 24

4.1K 658 147
                                    

ရှင်းဝဏ်မှာ စိတ်ပေါက်ပေါက်နှင့် ရေဇလားထဲတွင် တော်တော်ကြာအောင် အားပါးတရရေစိမ်ချိုးနေလိုက်ပါသည်။ ထိုမှ တနေ့လုံး မောပန်းနေသမျှတို့ပျောက်ကွယ်သွားတော့သည်။ တကယ်တည်း များလိုက်သည့်အလုပ်။ ဆေးဌာနက ပြန်လာကတည်းက ခွင့်လေးနှစ်ရက် ယူမိပါသည်။ အလုပ်က သုံးဆလောက်ပုံနေသည်။ တနေ့လုံး မနားမနေလုပ်တော့မှာ အလုပ်သုံးချိုးနှစ်ချိုးပြီးသည်။ ရောင်းရင်းတွေနဲ့တောင် ဆိုင်မထိုင်အား။

ရေချိုးပြီးသွားတော့ ခန္ဓာကိုယ်က ပေါ့ပါးလန်းဆန်းသွားသည်။ ရေချိုးခန်းထဲက ထွက်၍ အိမ်ခန်းထဲဝင်မလို့ရှိသေးသည် အိမ်စေမလေးက ဟံလွေဧည့်ခန်းထဲတွင် စောင့်နေသည်ဆိုသဖြင့် ကပျာကယာ သင့်တော်ရာ အဝတ်အစားဝတ်ကာ အိမ်ရှေ့သို့ထွက်ခဲ့တော့သည်။

"အနောင်... "

ဟံလွေက ရှင်းဝဏ်ကို မြင်သည်နှင့် အပြုံးမြမြကြိုဆိုလေသည်။ ရှင်းဝဏ် ပြန်လည် ပြုံးပြရင်းမှ ဟံလွေနဘေးတွင် ဝင်ထိုင်လိုက်သည်။

"မနက်ဖြန် ခရီးသွားရမယ်ဆိုရဲ့ ဟံလွေရယ်... အိမ်မှာနေ အားမွေးတာ မဟုတ်ကော။"

"အဲ့ဒီလို အားမွေးရင်ဖြင့် အနောင့်မျက်နှာတော် မမြင်ရမှာစိုးရိမ်မိလို့ပါ့။"

ဟံလွေက သူ့နဘေးမှာ Demon ညိုညိုထွားထွားကြီးကို တစိုက်မက်မက်ကြည့်ကာ ပြောလိုက်သည်။ ရှင်းဝဏ်က မပြောသာသည်ဖြစ်ရာ အသာငြိမ်နေလိုက်သည်။

"ဒါနဲ့   နတ်စောင်းသွဲ့ပြဇာတ်ရုံမယ် နာမည်ကြီးပြဇာတ်မင်းသားမင်းသမီးတွေ ဒီညကပြမယ်တဲ့ကော။  အကျွန်မိတ်ဆွေခမြာ လက်မှတ်ဝယ်ပြီးမသွားဖြစ်ရှာဘူးရယ်။ ဒါကြောင့် အကျွန့်ကို ပေးလိုက်ရဲ့။ အဲ့ဒါ အနောင်လိုက်ခဲ့ပါ့။ အကျွန်တို့ ဒီလိုမျိုးပွဲမကြည့်ရတာ ကြာပြီကော။"

ရှင်းဝဏ်မှာ ပင်ပန်းနေပြီဖြစ်သော်လည်း ချစ်သူကပင်လျှင် မနက်ဖြန်ခရီးရှည်ထွက်မည်ကိုပင် ဂရုမစိုက်ပဲ တောင်းဆိုမှတော့ မငြင်းသာတော့ပါ။ တချိန်လုံး ငြင်းလာတာ ဒီတခါတော့ အလိုလိုက်ဦးမှပါလေဟုဆုံးဖြတ်ကာ ခေါင်းညိတ်လိုက်ပါသည်။ ပွဲခင်းထဲရောက်မှ အိပ်တာပေါ့။

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now