Chapter 8

4.3K 681 101
                                    

ရှင်းဝဏ်မှာ ခြုံနွယ်ပိတ်ပေါင်းတို့ဖြင့် ဖုံးအုပ်ထားသော စံအိမ်ကြီးကို ကြည့်ကာ ဘာကြောင့်မှန်းမသိ ရင်ထဲစို့နင့်သွားသည်။ ဤစံအိမ်သည် တချိန်က ခမ်းနားထည်ဝါခဲ့မည်ဆိုသည်မှာ ယုံမှားစရာမရှိပါပေ။ သို့ပါသော်လည်း ယခုတော့ အစွန့်ပယ်ခံနေရာတခုဖြစ်၍ နေသည်။ သို့တိုင်အောင် သူ၏ ဦးကြီးသည် ဤနေရာတွင် ရာစုနှစ်တခုမက ကိုယ့်ကိုကိုယ် ပိတ်လှောင်ခဲ့သည်ကို သတိရမိပါလျှင်.... ထိုစို့နင်မှုက ပို၍ ကြီးထွားလာတော့သည်။

ဟုတ်ပါသည်။ ယခု သူသည် ဦးကြီးဖြစ်သူ အရှင်ယောဝေ၏ စံအိမ်တော်ရှေ့ရှိ ဥယျာဉ်ထဲတွင် ရပ်နေပါသည်။ သူ ဤသို့လာမည်ကို မည်သူမျှမသိပါချေ။သိပါလျှင် အားလုံးက တားမြစ်ပါလိမ့်မည်။ သူကကော သူငယ်စဉ်ကတည်းက ပေးထားသော သူ့ဦးကြီး၏ ရာဇသံကို မသိလို့လားဆိုတော့ မဟုတ်ပါ။ သူကောင်းစွာ သိပါသည်။ သို့သော် မယ်မယ်နှင့် ဦးရီးငယ်မှာ ဘိုးတော်အရှင်နန္ဒ၏ ဈာပနအရေးအတွက် အလုပ်ရှုပ်နေသည်ဖြစ်ရာ သူ့အနေနှင့် တတ်နိုင်သည့်ဝန်ကို တဖက်တလမ်းမှ ထမ်းသည့်အနေဖြင့် မြို့နှင့်အလှမ်းကွာရုံမက ခေါင်ခိုက်နေသော ဤနေရာသို့ ဘိုးတော်၏ အမင်္ဂလာသတင်းပါးရန် ရောက်ရှိလာခြင်းဖြစ်သည်။

သူ ပထမတွေးထားသည်က ဦးကြီးလို လူထံတွင် ဂိတ်မှုးတစ်ဦးမဟုတ်လျှင်တောင် ခြံစေတဦးတော့ရှိရမည်။ သူက သတင်းကို ထိုဂိတ်စောင့် သို့မဟုတ် ခြံစေထံတွင် ထားခဲ့လိုက်ကာ ပြန်ခဲ့မည်။ သို့သော် ဂိတ်ဝတွင် ဂိတ်မှုးကိုလည်းမတွေ့။ ထို့အပြင် ဂိတ်က ဒလဟာပွင့်နေသည်။ ဒီတော့ ခြံစေကို တွေ့လိုတွေ့ငြား ခြံထဲသို့ ဝင်လာသည်။ ပုံမှန်ရိတ်သင်ခြင်းရှိဟန်မတူသော သစ်ပင်ပန်းမန်များနှင့် မြက်ခင်းပြင် စိမ်းစိမ်းမှ လွဲ၍ မည်သည့်သက်ရှိမျှရှိမနေ။

"ငါ့နှယ်... ဦးကြီးဟာ တကယ့်ကို ရူးနှမ်းနေတယ်နဲ့ တူပါရဲ့။"

ရှင်းဝဏ် စိတ်ထဲမှ တွေးလိုက်မိသည်။ သူ့ဦးကြီး၏ ခေါင်းမာမှုကား ရှားမှရှားသည့် ချစ်ခြင်းမေတ္တာဟု အမည်တပ်ရမည်လော ရူးသွပ်မှုဟုသတ်မှတ်ရမည်လော မသိပါချေ။ ပုံမှန်အသိစိတ်ရှိသူ တစ်ယောက်ကတော့ သေခါနီးသူတစ်ယောက်က သွေးရူးသွေးတမ်းဖြင့် ပြောသွားသည့် စကားကို နားထောင်ကာ ယခုကဲ့သို့ ရာစုနှစ် တစ်ခုမကကြာအောင် သေသူကို ပြန်လာနိုးဖြင့် စောင့်မျှော်နေလိမ့်မည် မဟုတ်ဘူး မဟုတ်လား။

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now