Chapter 42

3.6K 588 38
                                    

နံနက်ခင်းနုနုက အလင်းရောင် နွေးနွေးဖြင့် မျက်နှာထက်ကို ပက်ဖြန်းလာသည်တွင် ယောဝေမှာ လွန်လူးရင်း တဖက်လှည့်လိုက်ပြီး ချစ်ရသူ၏ ရင်ခွင်ထဲ ခေါင်းဝှက်ကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်ပါသည်။ ဒီလို ငြိမ်းချမ်းစွာ အိပ်မပျော်ခဲ့သည်မှာ ကြာနေပြီမဟုတ်လား။ ရတုန်းရခိုက် အဆုံးရှုံးမခံချင်ပါ။

ရှင်းဝဏ်ကတော့ အိပ်တစ်ဝက်နိုးတဝက်အနေတွင် ရင်ခွင်ထဲ တိုးဝင်လာသော ချစ်သူကြောင့် အိပ်ချင်စိတ်တို့ လွင့်ပျယ်ရုံမက ကြည်နူးမှုအဟုန်ဖြင့် လန်းဆန်းသွားရပါသည်။ သို့သော် အိပ်ရာမှ ချက်ချင်းထရန် အစီအစဉ်မရှိပါပေ။ ထိုအစား ချစ်ရသူ၏ ခန္ဓာကိုယ်ကို တင်းတင်းကျပ်ဖက်တွယ်ကာ နံနက်ခင်းကို ဇိမ်ကျကျနှပ်ရန် အစီအစဉ်ရေးဆွဲလိုက်ပါသည်။ ပြီးလျှင် ထိုအစီအစဉ်ကို အတည်ပြုသည့်အနေဖြင့် ချစ်ရသူ၏ ငယ်ထိပ်လေးကို ခပ်ဖွဖွနမ်းရှိုက်လိုက်ပါ၏။ 

"အင်..."

ယောဝေမှာ အနမ်းကြောင့် မျက်လုံးကို ပွင့်သည်ဆိုရုံဖွင့်ကြည့်လိုက်မိပါသည်။ ချစ်သူငယ်၏ ချောမောခန့်ညားသော မျက်နှာကို မြင်လျှင် နိုးတဝက်အိပ်တဝက်ဖြင့် ပြုံးကာ ထိုသတ္တဝါလေး၏ မေးဖျားကို နှုတ်ခမ်းဖျားလေးဖြင့် ခပ်ပါးပါးလေးထိကပ်လိုက်ပါသည်။ ပြီးလျှင် ထိုရင်ခွင်ကျယ်ထဲသို့ ပြန်လည် ငုံ့လျိုကာ မှေးစက်ရင်း ကာလနဂါးလုပ်နေပြန်သည်။

ရှင်းဝဏ်ကတော့ သူဆွဲထားသည့် အစီအစဉ်အတိုင်း ဇိမ်ကျကျနှပ်ရင်းမှ ထူးဆန်းမှုတရပ်ကို သတိပြုမိသည်။ တကယ်ဆို ရှင်းဝဏ်ကဲ့သို့သော ရေမရောသည့် လုလင်ပျိုစစ်စစ်အတွက် ယခုကဲ့သို့သော မနက်ခင်းမျိုးသည် ဘယ်လိုမှ အတွေ့အကြုံမရှိနိုင်။ သို့တိုင်အောင် ယခုကဲ့သို့ ချစ်သူနှင့် နိုးထရပါသော မနက်ခင်းသည် ဟိုးအရင်ကတည်းက ကြုံဖူးဆုံဖူးနေသလို ခံစားရသည်။ ထို့အပြင် သူ့ရင်ခွင်ထဲဝယ် အိပ်ပျော်နေသော ချစ်ရသူ၏ ထိတွေ့မှုတို့သည် သူ့အတွက် အလွန်တရာကို ရင်းနှီးကျွမ်းဝင်၍နေသည်။ ရင်းနှီးကျွမ်းဝင်သည်မှ ထိုသူနဲ့ ချစ်ပွဲဝင်ဖူးသလို ရင်းနှီးကျွမ်းဝင်ပါသော ခံစားချက်မျိုး။

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now