FOD Extra 2 _Chapter _ 20 - Yu Cang Hai

Start from the beginning
                                    

FOD Extra 2 _Chapter _ 20 - Yu Cang Hai

အခုချိန်မှာ ကျန်းချန်ရန်က သူ့ကိုသတ်ချင်တဲ့လူတွေကို စုစည်းပြီး မြင်းကိုယ်စီနဲ့ နောက်ကတကောက်ကောက်လိုက်နေတယ်။ ကျန်းချန်ရန်လိုပဲ ဂိုဏ်းအသီးသီးက ဆရာ့ဆရာကြီးတွေကလည်း သူတို့ဂိုဏ်းက အတော်ဆုံးပညာရှင်တွေကို စုစည်းပြီး ရတနာသိုက်နောက်ကို လိုက်နေကြတယ်။ တချို့လူတွေက ကိုယ်တိုင်မပါကြပေမယ့် တခြားလူတွေကို ဝိုင်းလိုက်ဖို့ တွန်းအားပေးနေတယ်။ ကျိုးယွင်ရှန့်က သူတို့တွေကိုမသတ်ဖြတ်နိုင်ဘဲ ပြန်လည်ခုခံနိုင်ရုံပဲ တတ်နိုင်တော့တယ်။

သူက စောင့်ပဲစောင့်နေလိုက်တယ်။ တစ်ယောက်သောသူရောက်လာမှပဲ ကစားပွဲက စတင်မှာဖြစ်တယ်။

လွင်ပြင်တလျှောက်မှာ အေးစက်တဲ့လေအေးတွေက ဓားတွေလိုပဲ လူတွေရဲ့မျက်နှာပေါ်ဖြတ်တိုက်ပြီး နာကျင်စပ်ဖျဉ်းလာစေတယ်။ အနက်ရောင်စစ်တပ်ကြီးက တောင်ဆင်ခြေလျောတလျှောက် မတ်တပ်ရပ်စောင့်ဆိုင်းနေတယ်။ သူတို့ဝတ်ဆင်ထားတဲ့အဝတ်တွေအရ သူတို့က သာမာန်စစ်တပ်နဲ့မတူ တမူထူးခြားစွာ လေ့ကျင့်ထားတဲ့တပ် ဖြစ်ပုံရတယ်။

မြက်ခင်းပြင်ဒေသရဲ့အစွန်တိုင်းမှာ ခေါင်းဆောင်တွေက အပေါ်စီးကနေပြီး ကြီးကျယ်လှတဲ့တိုက်ပွဲကို စောင့်ကြည့်နေကြတယ်။ သူတို့က ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ဖို့ မနည်းကြိုးစားနေကြပေမယ့် သူတို့မျက်ဝန်းထဲမှာ ထိတ်လန့်မှုတို့ စွန်းထင်းနေဆဲဖြစ်တယ်။ သူတို့ကိုဦးဆောင်တဲ့လူက ကျိုးယွင်ရှန့်ကို ဖိနှိပ်သတ်ဖြတ်ဖို့ များပြားလှတဲ့တပ်တွေကို စေလွှတ်လိုက်ရုံမကဘူး လိုအပ်တဲ့သတင်းအချက်အလက်များစွာနဲ့ ပြည်မကကျွမ်းကျင်ပညာရှင် အများအပြားကို စေလွှတ်အားဖြည့်ပေးခဲ့တယ်။

ဒီပညာရှင်တွေရောက်မလာခင်က ဘယ်လူတစ်ယောက်၊ မြင်းတစ်ကောင်မှ ယွီချန်းဟိုင်နားကို ကပ်မသွားနိုင်ခဲ့ကြဘူး။ ယွီချန်းဟိုင်ကို လဲပြိုသွားအောင် ဘယ်သူမှ မတိုက်ခိုက်နိုင်ခဲ့ဘူး။ မှောင်ရိပ်ခိုစောင့်နေတဲ့တပ်က စစ်သူကြီးတွေက အတွင်းအားကောင်းတဲ့အတွက် အဝေးမှာရှိတဲ့ တိုက်ပွဲဝင်နေတဲ့လူတွေရဲ့ အသက်ရှူသံကို ကောင်းကောင်းအာရုံခံနိုင်တယ်။ ဘယ်လူမျိုးကများ ယွီချန်းဟိုင်ကို တေ့တေ့ဆိုင်ဆိုင် ရင်ဆိုင်တိုက်နိုင်မှာတဲ့လဲ။ တိုက်ပွဲက သုံးရက်သုံးညတိတိ ကြာမြင့်လာပြီဖြစ်လို့ ယွီချန်ဟိုင်က ဘယ်လောက်အစွမ်းထက်ပြီး ကြောက်စရာကောင်းတာကို သူတို့ကောင်းကောင်းသိနေပြီဖြစ်တယ်။ ယွီချန်းဟိုင်က များပြားတဲ့စစ်တပ်ကြားမှာ အတားအဆီးမရှိ သွားလာနိုင်တယ်။ ဘယ်မြားတစ်စင်းကမှ သူ့ကို ထိခိုက်အောင်မလုပ်နိုင်ဘူး။ လူ့အသက်မသတ်ပါဘူးဆိုတဲ့ ကတိသစ္စာသာမရှိခဲ့ဘူးဆိုရင် ဒီမြက်ခင်းပြင်ကြီးမှာ သွေးတွေလွှမ်းနေမှာသေချာတယ်။

ဗိုလ်ချုပ်ကြီးက ဒီလိုစဉ်းစားမိနေတုန်းမှာပဲ ယွီချန်းဟိုင်က အတွင်းအားပါတဲ့ လက်ဝါးရိုက်ချက်တစ်ခု သူ့ဆီကို ရိုက်လွှတ်လိုက်တယ်။ ရိုက်ခတ်လာတဲ့ လေထဲကပြင်းထန်တဲ့ ကျန်းချီအတွင်းအားတွေကို ခံစားမိလို့ ဗိုလ်ချုပ်ကြီးက မြင်းပေါ်ကတစ်ပတ်လှည့်ပြီး ခုန်ပျံဆင်းလိုက်တယ်။ မြေပြင်ပေါ်ရောက်ပြီး နောက်ပြန်လှည့်ကြည့်လိုက်ချိန်မှာ သူ့မြင်းက မတ်တပ်ရပ်နေတုန်းဆိုတာ တွေ့လိုက်ရတယ်။ အချိန်ခဏကြာတော့ မြင်းရဲ့နဖူးကနေ သွေးတွေစိမ့်ကျလာပြီး မြင်းက နှစ်ခြမ်းကွဲပြီး မြေပြင်ပေါ်ကို လဲကျသွားတော့တယ်။ ဒီပတ်ဝန်းကျင်မှာ ရုတ်တရက် သွေးညှီနံ့တို့ လွင့်ပျံလာခဲ့တယ်။ မြင်းက ဒိုင်းလို သူ့ကိုကာပေးနေပေမယ့် ကျန်းချီရဲ့ ပြင်းထန်တဲ့စွမ်းအားကို မလျှော့ချနိုင်ခဲ့ဘူး။

ကျိုးယွင်ရှန့်ရဲ့အားက ဘယ်လောက်ပြင်းသလဲဆိုရင် မြင်းကို နှစ်ပိုင်းပိုင်းလိုက်တာ တို့ဟူးကို ဓားနဲ့ပိုင်းလိုက်သလိုပဲ လွယ်ကူလွန်းလှတယ်။ မိုင်ပေါင်းများစွာက လွင့်ပျံလာတဲ့ အတွင်းအားလှိုင်းတစ်ခုကတင် သူတို့စစ်တပ်ကို ကမောက်ကမဖြစ်သွားစေတယ်။ တကယ်လို့များ ယွီချန်းဟိုင်က သူတို့ကိုလာတိုက်ရင် သူတို့တပ်က ဘယ်လောက်တောင် ဆိုးဆိုးဝါးဝါး ပြိုလဲသွားလိမ့်မလဲလို့တွေးပြီး စစ်ဗိုလ်ချုပ်ရဲ့ကျောထဲကနေ ချွေးတွေစီးကျလာခဲ့တယ်။

ယွီချန်းဟိုင်က လူသားမဖြစ်နိုင်ဘူး။ သူက လမ်းလျှောက်နေတဲ့ လက်နက်တစ်ခုပဲ။ ကံကောင်းထောက်မစွာနဲ့ ယွီချန်းဟိုင်က ဘုန်းကြီးဇီရွှမ်ဆီမှာ လူမသတ်ဖို့ ကတိပေးထားမိလို့သာပေါ့။ မဟုတ်ရင် သူတို့တပ်အားလုံး ချေမှုန်းခံရမှာသေချာတယ်။

မြင်းကိုဖြတ်လိုက်တဲ့အားလှိုင်းကြောင့် ဒီဘက်ပိုင်းကစစ်တပ်မှာ ကိုင်ဆောင်ထားတဲ့ဒိုင်းတွေပေါ်ထိ ကျန်းချီက လာရောက်ရိုက်ခတ်ပြီး ကြေးဝါဒိုင်းတွေအားလုံး နှစ်ခြမ်းကွဲကုန်တယ်။ ပြင်းထန်တဲ့ကျန်းချီရဲ့အစွမ်းက သူတို့နှလုံးသားထဲထိ ရိုက်ခတ်ခံလိုက်ရပေမယ့် သူတို့အသက်ကို နှုတ်ယူလိုက်တာမျိုးမရှိဘူး။ ဒါက အတွင်းအားကို ပိုင်နိုင်တိကျစွာ ထိန်းချုပ်နိုင်တဲ့စွမ်းရည်ပဲ မဟုတ်လား။ စစ်သားတွေက ကျန်းချီရဲ့ရိုက်ခတ်မှုကြောင့် နောက်ကို ခြေလှမ်းတချို့ ဆုတ်ပေးလိုက်ရတယ်။ သူတို့ဒိုင်းကိုငုံ့ကြည့်လိုက်တော့ ထက်မြက်တဲ့ဓားနဲ့ပိုင်းထားသလို တိတိရိရိနဲ့ အလယ်ကပြတ်နေတာကို တွေ့လိုက်ရလို့ စစ်သားတွေရဲ့မျက်နှာ ဖြူရော်သွားကြတယ်။

စစ်သားတွေက ဗုဒ္ဓရဲ့ဂုဏ်တော်ကို စိတ်ထဲကကြိတ်တ,လိုက်ပြီး မြင်းကို ချက်ချင်းနှင်လို့ စစ်တပ်ကဝိုင်းထားတဲ့ထဲက ထွက်ခွာသွားကြတယ်။ စစ်ပွဲက သုံးရက်သုံးညတိတိ ကြာနေပေမယ့် သူတို့ကို အားလှိုင်းထပ်ထိမှာစိုးလို့ ခပ်ဝေးဝေးကနေပဲ ဆက်စောင့်ကြည့်နေကြတယ်။ ယွီချန်းဟိုင်ရဲ့ တိုက်ခိုက်နိုင်စွမ်းက သူတို့ကို အထင်ကြီးမှုဖြစ်လာစေတယ်။

လူတစ်ယောက်တည်းနဲ့ လူရာချီ၊ ကျွမ်းကျင်ပညာရှင်ပေါင်းများစွာကို တိုက်ခိုက်နေတယ်။ တကယ်လို့ ယွီချန်းဟိုင်နေရာမှာ အခြားတစ်ယောက်သာဆိုရင် ဒီတိုက်ပွဲကိုဖြေရှင်းဖို့ ကြေကွဲစရာသတ်ဖြတ်မှုတစ်ခု ဖြစ်လာမှာသေချာတယ်။ အခု ယွီချန်းဟိုင်က လူမသတ်ဘဲ ဒီတိုက်ပွဲကို ကောင်းကောင်းကိုင်တွယ်နေနိုင်ပုံရတယ်။ ယွီချန်းဟိုင်က အားလျော့သွားတဲ့လက္ခဏာမပြဘဲ သူနဲ့တိုက်ခိုက်နေတဲ့သူတချို့သာ အတွင်းအားကုန်ခမ်းပြီး တိုက်ပွဲကနေ ထွက်သွားရတယ်။

ကျိုးယွင်ရှန့်လည်း ဒီလူအုပ်ကိုတိုက်ခိုက်ရတာ အရမ်းငြီးငွေ့စရာကောင်းနေပြီဖြစ်တယ်။ သူက လူတစ်ဝက်လောက် နောက်ဆုတ်သွားအောင်လုပ်လိုက်ပြီး ဒီနေရာကနေ ပျံသန်းထွက်ခွာသွားဖို့ လုပ်လိုက်ချိန် ရုတ်တရက် သူ့မျက်ဝန်းက မှုန်မှိုင်းသွားခဲ့တယ်။

သူနဲ့ရင်းနှီးကျွမ်းဝင်တဲ့ ပုံရိပ်တစ်ခုက သူ့ဆီကို အမြန်လာနေတယ်။ ဒါက ဇီရွှမ်ဆိုတာသေချာတယ်။ သုံးရက်လုံးလုံး သူစောင့်နေတဲ့လူက နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီ။ ကျိုးယွင်ရှန့်က သူ့စွမ်းအားတွေကို 30%ထိလျှော့ချလိုက်လို့ သူ့လှုပ်ရှားမှုက နှေးကွေးလာပြီး သူ့မျက်နှာက ဖြူရော်လာခဲ့တယ်။ သူက သဘာဝကျကျ သရုပ်ဆောင်လိုက်တယ်။

ကျိုးယွင်ရှန့်ရဲ့ပုံစံက အားအင်ကုန်ခမ်းပြီး မလှုပ်ရှားနိုင်သလို ဖြစ်လာခဲ့တယ်။ ဒါကိုအခွင့်ကောင်းယူပြီး သူ့ရန်သူတွေက အတင့်ရဲစွာနဲ့ ရှေ့ကိုတက်လာခဲ့ကြတယ်။ ဇီရွှမ်က လူတစ်ယောက် ဓားကိုဝင့်ပြီး ယွီချန်းဟိုင်ကို ပိုင်းလိုက်တာကိုမြင်လိုက်ချိန် အလောတကြီး ရှေ့ကိုတိုးလာခဲ့တယ်။

ဓားက ယွီချန်းဟိုင်ရဲ့နောက်ကျောကနေ တိုးဝင်သွားပြီး ရင်ဘတ်ကနေ ဖောက်ထွက်လာခဲ့တယ်။ အဲ့နောက် သူ့ပါးစပ်က သွေးတွေစီးကျလာပြီး လဲကျသွားတယ်။

အေးစက်တဲ့လေထုထဲမှာ သွေးညှီနံ့တွေ ပိုပိုများလာခဲ့တယ်။ ဇီရွှမ်ရဲ့မျက်ဝန်းတွေက ရဲရဲနီပြီး သွေးတွေစီးကျလာတယ်။ သူ့လည်ပင်းထဲ တစ်စုံတစ်ခုက လာပြီးဆို့နေသလို ခံစားလိုက်ရတယ်။ ယွီချန်းဟိုင်ကို အခုလို ဝိုင်းတိုက်နေတဲ့မြင်ကွင်းက သူ့နှလုံးသားကို ဓားနဲ့ပါးပါးလှီးနေသလို ခံစားလိုက်ရပြီး အဆုံးမသတ်နိုင်တဲ့နာကျင်မှုက တစ်ကိုယ်လုံးကို ပျံ့နှံ့သွားတော့တယ်။

ဇီရွှမ်ရဲ့မျက်ဝန်းထဲက အနီရောင်တွေ ပိုပိုရင့်လာပြီး သူ့ကိုယ်ထဲက အတွင်းအားသိုလှောင်တဲ့ တျန်းထန်းထဲကနေ ပိုအားကောင်းတဲ့ကျန်းချီတွေ ထွက်လာတယ်။ ဒီကျန်းချီတွေက သူ့ကိုယ်ထဲကသွေးကြောတွေထဲမှာ လှည့်လည်ပြီး သူ့ကိုယ်ထဲကအင်္ဂါအစိတ်ပိုင်းတွေကို ဓားနဲ့ဖြတ်နေသလို၊ အရိုးတွေကို အပိုင်းပိုင်းဖြတ်နေသလို နာကျင်မှုတွေကို ခံစားလာရစေတယ်။ ဒီကျန်းချီတွေက သူ့ကိုယ်ထဲကအရာတွေကို ထပ်ခါထပ်ခါ သန့်စင်နေတာဖြစ်တယ်။ ဒီနာကျင်မှုကို အံကြိတ်ခံပြီး ဇီရွှမ်က တိုက်ပွဲထဲကို အမြန်ဝင်ရောက်လာခဲ့တယ်။

ဇီရွှမ်က သူ့ကို ဆီးကြိုတိုက်ခိုက်တဲ့လူကို အဝေးကိုလွင့်သွားအောင် ရိုက်ထုတ်လိုက်တယ်။

🍎🍎🍎🍎🍎🍎🍎

"ဟမ်.. အဲ့ဒါ ဘုန်းကြီးဇီရွှမ်မဟုတ်ဘူးလား.. သူက လှိုဏ်ဂူထဲမှာ ပြစ်ဒဏ်ခံယူနေတာ မဟုတ်ဘူးလား.."

မြက်ခင်းပြင်ပေါ်က လူအုပ်တွေထဲကတစ်ယောက်က စိတ်ပျက်လက်ပျက်လပြောလိုက်တယ်။

"သူ အချိန်မီရောက်လာတာပဲ.. နောက်ဆုံးတော့ တိုက်ပွဲက အဆုံးသတ်ချိန်ရောက်ပြီ.."

အချိန်အတော်ကြာတော့ စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်က မှတ်ချက်ချလိုက်တယ်။ လူတစ်ယောက်တည်းက ဒီလောက်များတဲ့လူအုပ်ကို ရေရှည်တောင့်ခံနိုင်ဖို့ သူ ဘယ်လိုမှ စိတ်ကူးကြည့်လို့မရဘူး။

သူတို့ရှိနေတဲ့ တောင်စောင်းလေးအောက်ခြေက လူအုပ်ထဲမှာ ကျန်းဟူဒေသကသိုင်းဂိုဏ်းတွေက ခေါ်ဆောင်လာတဲ့ သိုင်းပညာရှင် ရာပေါင်းများစွာရှိတယ်။ သူတို့အားလုံးပေါင်းပြီး ယွီချန်းဟိုင်ကိုတိုက်နေတာ သုံးရက်သုံးညကြာတာတောင် အနိုင်မရနိုင်ကြသေးဘူး။ ဒါက ယွီချန်းဟိုင်က တိုက်ပွဲမှာ သူတို့ကို ညှာတာနေလို့ရယ်၊ လူမသတ်ပါဘူးဆိုတဲ့ ကတိသစ္စာကြောင့်ရယ် သူတို့တွေ မြက်ခင်းပေါ်မှာ မတ်တပ်ရပ်နေနိုင်တာပဲ ဖြစ်တယ်။

"ဇီရွှမ်.. မင်း ဒီနေရာမှာ ဘာလာလုပ်တာလဲ.."

ရှောင်လင်ဂိုဏ်းချုပ်ကြီး Zhishen က ယွီချန်းဟိုင်အားလျော့လာပြီး မကြာခင်ဒဏ်ရာရတော့မယ်၊ ပြိုလဲတော့မယ်ဆိုတာ သိလိုက်တယ်။ ဒီအချိန်မှာ သူ့တပည့်ကြီးက ရုတ်တရက် တိုက်ပွဲထဲဝင်လာပြီး ယွီချန်းဟိုင်ဘက်ကကူနေတာတွေ့လို့ အံ့အားသင့်သွားပြီး ကြိုတွေးထားတာမဖြစ်တော့ဘူး ဆိုတဲ့စိတ်နဲ့ သူ့ရင်ထဲ ဒေါသသွေးတွေ ပြည့်သွားတော့တယ်။

ဇီရွှမ်က တိုက်ပွဲစည်းအတွင်းကလူတွေကို စတင်တိုက်ခိုက်လိုက်တော့တယ်။ သူ့နှလုံးသွေးကြောမကြီးက ပေါက်သွားပြီး သွေးတွေက အဆက်မပြတ် ယိုစီးနေတော့တယ်။ မကြာခင် သူသေတော့မယ်ဆိုတာ သိလိုက်ရတယ်။ လှိုဏ်ဂူထဲမှာ သူ့သွေးကြောတွေကိုဘကုသဖို့ကြိုးစားပေမယ့် လုံးလုံးပြန်မကောင်းလာခဲ့ဘူး။ အနှေးနဲ့အမြန် သူ့သွေးတွေကုန်ခမ်းပြီး သေရမှာသေချာတယ်။

ယွီချန်းဟိုင်ရဲ့ဘဝက ကြမ်းတမ်းတယ်ဆိုပေမယ့် သူက ဇွဲမလျှော့ဘဲ အတတ်နိုင်ဆုံး အောင်မြင်မှုရအောင် ကြိုးစားခဲ့တယ်။ ဒါပေမယ့် လူမသတ်ရ ကတိစကားကြောင့် အခု ယွီချန်းဟိုင်က ချောင်ပိတ်ခံရပြီး အသတ်ခံရတော့မယ်။ ဒါက မိုးကြိုးပစ်တာကို ထန်းရွက်နဲ့ကာသလိုဖြစ်နေတယ်။ လူမသတ်ရကတိနဲ့ ထိန်းချုပ်ခံနေရတဲ့လူတစ်ယောက်ကို လူပေါင်းရာချီ ဝိုင်းသတ်ဖို့ကြိုးစားတာကို ခုခံနေရတယ်။

ယွီချန်းဟိုင်က ဇီရွှမ့်ကိုစိုက်ကြည့်ပြီး အေးစက်စွာရယ်ရင်း ပြောလိုက်တယ်။

"မင်းက Wuji Xinjing သိုင်းကျမ်းကို လိုချင်တာလား.. ရော့.. ယူလိုက်.."

ယွီချန်းဟိုင်က ပိုးသားစပေါ်မှာရေးထားတဲ့ သိုင်းကျမ်းကို လေထဲပစ်တင်လိုက်ပြီး အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်လိုက်တယ်။

"သူက စာအုပ်ကိုဖျက်ဆီးဖို့ လုပ်နေတာ.. စာရွက်တွေကို လိုက်စုကြစမ်း.."

ဒီစကားကို ဘယ်သူအော်လိုက်တယ်မသိလိုက်ပေမယ့် ဒီစကားသံကိုကြားတော့ လူတွေက ဒီအစိတ်စိတ်အမွှာမွှာဖြစ်သွားတဲ့ ပိုးထည်စကို ချက်ချင်း လုယက်ရင်း အချင်းချင်းတိုက်ခိုက်ကြတော့တယ်။

ကျိုးယွင်ရှန့်က မြေပြင်ပေါ် ဒူးထောက်ကျသွားတယ်။ သူ့ဓားဒဏ်ရာက သွေးထွက်နေတယ်။ သူက မြေပြင်ကို လက်တစ်ဖက်ထောက်ထားပြီး ကျန်တစ်ဖက်က ဒဏ်ရာကိုပိတ်ထားတယ်။ သူက သွေးမည်းမည်းတွေကို အန်ထုတ်လိုက်ချိန် သူ့ခေါင်းက ငုံ့ကျလာတယ်။

ဓားမှာ အဆိပ်သုတ်ထားတယ်။ ဒီလူတွေက တကယ်ကို ယုတ်မာပက်စက်တဲ့လူတွေပဲ။ ဇီရွှမ်က Zhishen ကို ဂရုမစိုက်တော့ဘဲ လေထဲကို ကိုယ်ဖော့ပညာနဲ့ ခုန်ပျံတက်သွားတယ်။ ရိုက်ချက်တစ်ချို့နဲ့ သူ့ကိုတားဆီးဖို့ ကြိုးစားသူတွေကို လွင့်ထွက်သွားအောင် ရိုက်ထုတ်လိုက်တယ်။ ဇီရွှမ်က လူတွေရဲ့ကိုယ်ပေါ်ကို နှစ်ဆင့်သုံးဆင့်နင်းလိုက်ပြီး နောက်ဆုံး ပိုးထည်ပေါ်ရေးထားတဲ့သိုင်းကျမ်းကို ဆုပ်ကိုင်မိသွားတယ်။ သူက လူသေတွေကိုယ်ပေါ်က မြားတစ်စင်းလို ကျော်လွှားသွားခဲ့တယ်။

"ဘုန်းကြီး ဇီရွှမ်လေး.."

လူတချို့က သူ့ရဲ့ ထူးကဲလှတဲ့အတွင်းအားနဲ့ လုပ်ရပ်ကိုတွေ့တော့ ထိတ်လန့်သွားခဲ့တယ်။ ဇီရွှမ်နဲ့မျက်နှာချင်းဆိုင်လိုက်မိချိန် သူတို့အားလုံး ကြောက်ရွံ့သွားကြတယ်။ ဇီရွှမ်ရဲ့မျက်လုံးက မကောင်းဆိုးဝါးလို ရဲရဲနီနေပြီး သူ့မျက်နှာက ဖြူပြာပြာဖြစ်နေတယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာ အစိမ်းရောင်အကြောတွေ ထောင်ထယှက်သန်းနေပြီး မကောင်းဆိုးဝါးတစ်ကောင်လို ကြောက်စရာကောင်းလှတယ်။ ပြီးတော့ သူ့မျက်ဝန်းက လူသတ်ဖို့ဝန်မလေးတဲ့ ရက်စက်တဲ့အတွင်းစိတ်ကို ထင်ဟပ်နေတယ်။

"ခင်ဗျား ရောက်လာပြီပဲ.."

ကျိုးယွင်ရှန့်က သူ့ကို ပွေ့ဖက်ဖို့ကြိုးစားတဲ့ ဘုန်းကြီးကို တွန်းဖယ်ပြီး သူ့မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်တယ်။ သူက ဇီရွှမ်ကို ဒီကျင်းဟူကလူတွေက ဘယ်လိုလူတွေဆိုတာ ပြချင်ရုံပဲဖြစ်တယ်။ ဇီရွှမ့်ကိုတော့ ရူးသွပ်ပြီး သေဆုံးမသွားစေချင်သေးဘူး။

ကျိုးယွင်ရှန့်က 008 ဆီကစွမ်းအင်ကို ထုတ်ယူပြီး တစ်ခုကို သူ့နှလုံးသားကိုထွင်းဖောက်သွားတဲ့ ဓားဒဏ်ရာဆီကိုပို့ကာ ကုသလိုက်ပြီး ကျန်စွမ်းအားတစ်ခုကို ဇီရွှမ်ရဲ့တျန်းထန်ထဲပို့လွှတ်ပြီး ကျန်းချီတွေကို ထိန်းညှိလိုက်တယ်။

ဇီရွှမ်က ဒါကို မငြင်းဆန်ဘူး။ သူက ကျိုးယွင်ရှန့်ရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ပြီး သူ့ကိုယ်ထဲဝင်လာတဲ့ စွမ်းအင်တွေကို လောင်ကျွမ်းစေပြီး သူ့ကိုယ်ထဲစိမ့်ဝင်သွားစေတယ်။ သူ့ကိုယ်ထဲကကျန်းချီတွေကို ဘယ်ကနေ ညာကို စီးဆင်းစေပြီး အရင်ကျင့်စဉ်နဲ့ ပြောင်းပြန်လည်ပတ်စေလိုက်တယ်။ သူက အခု နတ်ဆိုးလမ်းစဉ်ကို လက်ခံလိုက်ပြီဖြစ်လို့ အရင်ရှောင်လင်ကျင့်စဉ်ကို ဘယ်တော့မှပြန်ကျင့်တော့မှာမဟုတ်ဘူး။ ဒါကြောင့် ကျန်းချီတွေကို နတ်ဆိုးကျင့်စဉ်အတိုင်း ပြောင်းပြန်ပဲ လည်ပတ်စေလိုက်တော့တယ်။ သူ့ကိုယ်ထဲကကျန်းချီတွေက အဆမတန်တိုးလာပေမယ့် သူ မသေနိုင်ဘူးလို့တော့ မမျှော်လင့်ထားဘူး။ ၁၀ နာရီအတွင်း သူ ရှောင်လင်ကျောင်းတော်ကို အရောက်ပြန်သွားနိုင်ရင် သူ့ကိုယ်ထဲကကျန်းချီကို ငြိမ်အောင်လုပ်နိုင်လိမ့်မယ်။

"မင်း ဒဏ်ရာရနေပြီ.."

ဇီရွှမ်က ဆို့နင့်စွာပြောလိုက်တယ်။ သူ့ကျန်းချီတွေကို ယွီချန်းဟိုင်ဆီပို့ပြီး ဒဏ်ရာကိုကုသပေးချင်ပေမယ့် သူမလုပ်ရဲဘူး။ သူ့ကျန်းချီက တခြားလူတွေနဲ့ လုံးဝမတူဘဲ အားအရမ်းပြင်းနေတယ်။ သူ့ကျန်းချီကြောင့် တစ်ဖက်လူရဲ့ဖရီဒန် ပျက်ဆီးသွားနိုင်တယ်။ ဇီရွှမ်က စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ယွီချန်းဟိုင်ကို အသာလေးတောင် မထိရဲအောင်ဖြစ်နေတယ်။ သူက စိတ်ပျက်လက်ပျက်ဖြစ်လို့ တစ်ကိုယ်လုံး ပြာမှုန့်တွေတောင်ဖြစ်သွားချင်တော့တယ်။ ကိုယ်က စွမ်းအားရှိပေမယ့် ချစ်သူကိုမကယ်တင်နိုင်ဘဲ ကြည့်နေရတယ်ဆိုတဲ့ အသိက ဇီရွှမ့်ကို သေတာထက်ဆိုးတာကို ခံစားရစေတယ်။

"ဓားကိုလွှတ်ချပြီး ဘုန်းတော်ကြီးတစ်ပါးလိုပဲနေပါ.."

ကျိုးယွင်ရှန့်က ဇီရွှမ် သူ့ကိုပြောခဲ့တဲ့စကားလုံးတွေကို အပြုံးနဲ့ပြောရင်း ပါးစပ်က သွေးတွေအန်ကျလာတယ်။

"ကျွန်တော် ကတိမဖျက်ခဲ့ဘူး.. ခင်ဗျား ကျေနပ်ပြီလား.. အခု ကျွန်တော် တမလွန်ဘဝကို သွားတော့မယ်.."

ငါ ဘယ်လို ကျေနပ်နိုင်မှာလဲ။ ငါ့ရှေ့မှာ မင်း သေဆုံးသွားတာ ငါဘယ်လိုကြည့်နေနိုင်မှာလဲ။ ဒီဘဝမှာတောင် ဒါကို မင်းနားမလည်ဘူးဆိုရင် နောင်ဘဝတွေမှာလည်း မင်းဘယ်လို နားလည်နိုင်မှာလဲ။

ဇီရွှမ်ရဲ့စိတ်က ဘယ်တုန်းကမှမကြုံဘူးတဲ့အရာကို အခုမှ စိတ်ထဲ ရှင်းရှင်းကြီး သဘောပေါက်သွားခဲ့တယ်။ ဇီရွှမ်က ယွီချန်းဟိုင်ရဲ့ သွေးထွက်တဲ့ဒဏ်ရာကို လက်နဲ့ပိတ်ထားပြီး မျက်လုံးထဲ မျက်ရည်အပြည့်နဲ့ ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေပေမယ့် စကားတစ်ခွန်းမှ ထွက်မလာနိုင်ဘဲ သားရဲတိရိစ္ဆာန်လိုအသံမျိုးပဲ ထွက်လာပြီး ငိုကြွေးနေတော့တယ်။

တကယ်တော့ ယွီချန်းဟိုင်က သူ့ကိုစွန့်ခွာသွားဖို့ အချိန်ဘယ်လောက်မှ မကျန်တော့ဘူးဆိုတာသိလို့ ဇီရွှမ်ရဲ့စိတ်တွေ အရမ်းကိုရှုပ်ထွေးလာပြီး သူ့တစ်ကိုယ်လုံး ပေါက်ကွဲတော့မလို ခံစားလိုက်ရတယ်။ သူ အခု ဝမ်းနည်းငိုကြွေးနေဖို့ အချိန်မရှိဘူးဆိုတာသိလို့ သူပြန်ယူလာတဲ့သိုင်းကျမ်းကို ယွီချန်းဟိုင်ရဲ့လက်ထဲ ပြန်ထည့်ပြီး ဒီလူငယ်ကိုပွေ့ချီလို့ ဒီနေရာကနေ ထွက်ခွာလာတော့တယ်။

"မကောင်းတော့ဘူး.. သူက မကောင်းဆိုးဝါးကောင်ကို ကယ်ချင်နေတယ်.. မြန်မြန်လုပ်ကြ.."

လူတစ်ယောက်ရဲ့အော်သံ ထွက်လာပြီးတာနဲ့ ချက်ချင်း ထိုလူ အဝေးကိုလွင့်သွားတယ်။ ဒီအတွင်းအားလှိုင်းက လူဆယ်ယောက်ကျော်ရဲ့ ရင်ဘတ်ပိုင်းကို ရိုက်ခတ်ပြီး ကျောက်တုံးကြီးကိုဆောင့်မိမှ ရပ်သွားတော့တယ်။ သူတို့နောက်ကျောက ကျောက်တုံးကြီးပေါ်မှာ အားပြင်းပြီးနက်ရှိုင်းတဲ့ လက်ဝါးရာတစ်ခုက ထင်ကျန်ရစ်ခဲ့တယ်။ ဒီအားက ယွီချန်းဟိုင်ထက်တောင် ပြင်းထန်သေးတယ်။

Zhishen က ကျောက်တုံးပေါ်က လက်ဝါးရာကိုကြည့်ပြီး လက်အုပ်ချီရင်း ဗုဒ္ဓကို တ,လိုက်တယ်။ ဒီလောက်ပြင်းတဲ့အားကိုကြည့်ရင် သူ့တပည့်က နတ်ဆိုးလမ်းစဉ်ကိုရောက်သွားပြီး ပြန်ကောင်းလာဖို့ခက်သွားပြီဆိုတာ သိလိုက်တယ်။

"ခင်ဗျားကို နောက်ဆယ်နှစ်ကြာမှ ပြန်တွေ့ရမယ်လို့ ကျွန်တော်ထင်နေတာ.. အဲ့ဒီအချိန် ခင်ဗျားက ဘုန်းကြီးဖြစ်ပြီး ကျွန်တော်က အရိုးကျနေလောက်ပြီ.. အခုလို ကျွန်တော်မသေခင် ခင်ဗျားကိုပြန်တွေ့ရမယ်လို့ ထင်မထားမိဘူး.."
အပြင်ပန်းကကြည့်ရင် ကျိုးယွင်ရှန့်ရဲ့ဒဏ်ရာက ပြင်းထန်လွန်းတယ်ထင်ရတယ်။ တကယ်တော့ 008 ရဲ့အစွမ်းကြောင့် လဝက်ကျော်လောက်ကြာရင် ဒဏ်ရာက ကောင်းသွားနိုင်တယ်ဆိုပေမယ့် သူက ဒီအကြောင်းကို ဇီရွှမ့်ကို ပြောပြမှာမဟုတ်ဘူး။ ဒီအစား သူက ဇီရွှမ့်ကို ဆက်တိုက်ဆွသွားဖို့ ရည်ရွယ်ထားတယ်။

"ဒီလိုမျိုး ငါ ဘယ်တော့မှ အဖြစ်ခံမှာမဟုတ်ဘူး.."

ဇီရွှမ်က ခိုင်မာစွာပြောလိုက်တယ်။ တစ်ချိန်ပြီးတစ်ချိန် သူက ဒီလူငယ်လေးရဲ့ဒဏ်ရာကို စိုက်ကြည့်နေရင်း သူ့နှလုံးသားတွေ အပိုင်းပိုင်းပြတ်အောင် ဓားနဲ့ဖြတ်နေသလို ခံစားနေရတယ်။ ဇီရွှမ်က သူ့ရင်ခွင်ထဲမှာ လူငယ်လေးကိုသိုင်းဖက်ပွေ့ချီပြီး Shenyi တောင်ကြားကို အမြန်ပြန်လာခဲ့တယ်။ ကျိုးယွင်ရှန့်က စကားမပြောတော့ဘဲ သိုင်းကျမ်းကို လက်ထဲဆုပ်ကိုင်ထားပြီး သွေးအန်ချင်စိတ်တောင် ပေါက်လာတယ်။

ဘယ်လိုတောင်များ သူ့ရဲ့အစီအစဉ်ကို ကမောက်ကမဖြစ်အောင် လုပ်ရတာလဲ။ လာစမ်းပါ..။ တစ်ယောက်ယောက် ဒီသိုင်းကျမ်းကို လာလုစမ်းပါ..။ အခုတော့ ငါ ဘာဆက်လုပ်ရတော့မလဲ။ ဒီသိုင်းကျမ်းကိုသုံးပြီး အလယ်ပိုင်းဒေသကလူတွေအချင်းချင်း သတ်အောင်လုပ်မယ့်အစီအစဉ်တွေ ရေစုန်မျောရပြီ။ ဒီစာအုပ်ကို ပေးမယ့်အစီအစဉ် ဘယ်လိုရှာရတော့မလဲ။ ကျိုးယွင်ရှန့်က ဒီအတွေးတွေကြောင့် ခေါင်းမူးပြီး အိပ်ပျော်သွားတော့တယ်။

ကျိုးယွင်ရှန့် အားနည်းစွာအိပ်မောကျတာတွေ့တော့ ဇီရွှမ်က သိုင်းကျမ်းကို သေချာသိမ်းဖို့မမေ့ဘူး။ သူ့ရင်ထဲက နာကျင်တာ နည်းနည်းသက်သာလာသလိုပဲ။ ဒီလူငယ်လေးရဲ့ မိသားစုအမွေအနှစ်ကို ကာကွယ်ဖို့ ကူညီပေးလိုက်ရလို့ မှန်ကန်တဲ့လုပ်ရပ်ကို လုပ်ဖြစ်လိုက်တယ်လို့ ဇီရွှမ် ခံစားလိုက်ရတယ်။

(အပြာရောင် အချစ်ညများ (ကြည်ပြာရောင် အချစ်များ) ကို ရွှေလာဘ်စာပေကနေ မှာယူလို့ရနေပါပြီ။ တန်ဖိုး - 4500 ပါ )

(အချစ်စစ်၏တည်နေရာ Season _ 123 , Price_ 6000ကျပ်၊
အချစ်စစ်၏တည်နေရာ Season _ 4 , Price_ 5000ကျပ် ဝယ်ယူရရှိနိုင်ပါပြီ။ )

အထက်ပါစာအုပ်များကို ရွှေလာဘ်မှလည်းကောင်း၊ အမြို့မြို့မှ စာအုပ်ဆိုင်ကြီးတိုင်းတွင်လည်းကောင်းဝယ်ယူရရှိနိုင်ပါပြီ။ )


🌹🌲🌹🌲🌹🌲🌹🌲🌹🌲

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now