Arc_8.12 Romeo

8K 1K 5
                                    

Chapter (12)ရှေ့သို့တလှမ်းတိုးခြင်း (zawgyi+Unicode)


စတူဒီယိုကြီးက နေရာလေးနေရာခွဲပြီး ပုံစံ လေးမျိုးနဲ့ ဖွဲ့စည်းထားသည်။ နှစ်မျိုးက Indoor ပုံစံ ( အိမ်ခန်းတွင်းပုံစံ) ဖြစ်ပြီး နောက်ထပ် နှစ်မျိုးက Outdoor ( အိမ်ပြင်ပ) ပုံစံ ဖြစ်တယ်။ Outdoor တွေထဲက တစ်နေရာက     ရေကူးကန်ပြာပြာနှင့် ထီးအချို့ဖွင့်ထားပြီး ကမ်းခြေမှာ ထိုင်သည့်ထိုင်ခုံ  တို့ဖြင့် ပြင်ဆင်ထားသည်။  နောက်ထပ် Outdoor တစ်နေရာကတော့ ပန်းရောင်စုံပွင့်နေတဲ့  ပန်းခြံလေးနှင့် စားပွဲခုံ၊ကြိမ်ထိုင်ခုံ တွေ၊ ဒါန်းတွေ ပါဝင်ပြီး ပျော်ပွဲစား ခြင်းတို့ ပြင်ဆင်ထားပြီး တန်ဖိုးကြီးဇိမ်ခံ ပစ္စည်းတွေနှင့် အပြည့် တန်ဆာဆင်ထားသည်။

Indoor တွေကတော့ Studioရဲ့ ဟိုဘက်ဒီဘက်မှာ ပြင်ဆင်ထားပြီး Indoor တစ်နေရာက ခေတ်မှီပြီး ရိုးရှင်းသည့်အခန်းပုံစံလေးဖြစ်တယ်။ အခန်းထဲက ပရိဘောဂအကုန်လုံးက အနက်နဲ့ အဖြူရောင်တွေဖြစ်ပြီး ကြမ်းပြင်နဲ့ ပြတင်းပေါက်တွေအားလုံးက ရှင်းလင်းနေသည်။ ပြတင်းပေါက်မှတဆင့် နေရောင်ခြည်ဝင်ရောက်နေပြီး  သားရေဆိုဖာအဖြူလေးကို အလင်းရောင်တန်းထိုးကျနေတဲ့ သောကြောင့် နွေးထွေးမှုကို  ခံစားရစေသည်။

အခြားတစ်ဖက်တွင် ခမ်းနားပြီး  17ရာစုလောက်က ဥရောပ ဒီဇိုင်း အခန်းမျိုး ဖြစ်ပြီး ရွှေရောင်ပရိဘောဂ ဖြင့် တန်ဆာဆင်ထားပြီး   မျက်နှာကျက်နဲ့ အခန်းထောင့်တွေက ပန်းခတ်တွေနှင့်ခမ်းနားတဲ့ ပုံစံပြင်ဆင်ထားသည်။ ကြမ်းပြင်ကို နူးညံ့သည့်ကတ္တီပါ ခင်းထားပြီး  အခန်းရဲ့ နေရာတိုင်းက ရှေးဟောင်းအငွေ့အသက်ကိုခံစားရစေသည်။

ဒီနေရာ လေးခုထဲမှာ ဘယ်နေရာကိုပဲ ရွေးရွေး ရိုက်ကွင်းကောင်းတွေချည်းဖြစ်သည်။ ဒီနေရာကိုကြည့်လျှင် ထုတ်လုပ်ရေးအဖွဲ့၏ အားစိုက်ထုတ်မှုကို သိနိုင်သည်။

Bonnie က ပြိုင်ပွဲအားလုံးကို တစ်ယောက်ဆီ အရှေ့ထွက်ကာ ပြိုင်ပွဲဝင်ရမယ့် နံပါတ်ကို မဲနှိုက်စေခဲ့ပြီးနောက် ဘယ်နေရာမှာ ဘယ်လို အဝတ်အစားတွေနဲ့ ဘယ်လိုဓါတ်ပုံရိုက်ကူးပြီး ပြိုင်မည်၊ ဘယ်သူနှင့်တွဲမည်ဆိုတာကို သေချာစဉ်းစားဖို့ အချိန်ပေးလိုက်သည်။ တရားမျှတမှုရှိစေရန် ပထမဆုံးလာပြောသည့် အကြံကိုသာ အတည်ယူမည်ဖြစ်ပြီးနောက်ထပ် ပြန်လည်ပြောဆိုခြင်းမပြုရပေ။ ဒါကြောင့် ပြိုင်ပွဲဝင်များ သေချာစဉ်းစားပြီးမှ Bonnieကို ပြောရမှာ ဖြစ်သည်။

ပြိုင်ပွဲဝင်များ၏ရွေးချယ်မှုက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ Bonnie နဲ့  Acheson တို့က ဝင်စွက်ဖက်မည်မဟုတ်ပေ။ ပြိုင်ပွဲဝင်များက   ဖက်ရှင်အကြောင်း ဘယ်လောက် သိနားလည်သည်ကို စမ်းသပ်ချင်သောကြောင့် ယခုလို စီစဉ်ခြင်းဖြစ်သည်။

ကျိုးယွင်ရှန့်က နံပါတ် 5 ကို မဲနှိုက်မိပြီး ကြားကျသောကြောင့် ကောင်းသည်လည်းမဟုတ်၊ ဆိုးသည်လည်း မဟုတ်ပေ။   သူရဲ့ မျက်လုံးတွေက Bonnie နဲ့  Acheson နှစ်ယောက်ကြားထဲ ရွှေ့နေပြီးနောက် ရုပ်ချောသည့် Bonnieရှေ့မှာ ရပ်တန့်လိုက်သည်။ 

" ယောက်ျားနဲ့ မိန်းမ အလုပ်အတူတွဲလုပ်ရင် မပင်မပန်းပဲ အလုပ်ပြီးစီးနိုင်တယ် " ဆိုတဲ့ စကားပုံရှိပေမယ့်  သူက Gayဖြစ်တဲ့  အတွက်  ဒီအချက်က အသုံးမဝင်ပေ။  ဒီ ပြိုင်ပွဲအတွက် ဓါတ်ပုံရိုက်ရင် ရုပ်ချောတဲ့ မိန်းကလေးနှင့် ယောကျာ်းလေးတွဲရိုက်တာ လူတွေကို ပို  ဆွဲဆောင်သွားနိုင်မှာဖြစ်လို့   Bonnie ဝတ်ရမယ့် အင်္ကျီနဲ့  ရိုက်မယ့်နေရာကိုပါ သူ စဉ်းစားပြီး  ဖြစ်သည်။

Bonnie က  သူနဲ့ ရှေးဆန်တဲ့ စတိုင်ပုံစံကို ရိုက်နိုင်မည်ဟု သူ ယုံကြည်ပြီး Bonnie ရဲ့   ကြော့ရှင်းပြီး စတိုင်ကျတဲ့ပုံစံ  က သူ ရိုက်မယ့်ပုံမှာ လိုချင်တဲ့ ပုံစံပဲဖြစ်သည်။ ဒီလို ဆုံးဖြတ်ပြီ သူ ကျေနပ်စွာ ခေါင်းဆတ်လိုက်ကာ ဆံပင်ကို အပေါ် သပ်တင်လိုက်သည်။

သူ့ဆုံးဖြတ်ချက်ကို စူးစိုက်ကြည့်နေသော Bonnie နဲ့  Acheson တို့သည် ထိုကောင်လေးရဲ့အမူယာကို သတိပြုမိလိုက်ကြပြီး  Bonnie က သဘောကျစွာ ရယ်ကာ ပြောလိုက်သည်။

" ကြည့်ရတာ ကြောင်ပေါက်လေးက ကျွန်မကို ရွေးသွားပြီနဲ့ တူတယ်။ Sorryပဲ.... သူဌေး... "

Gustavရဲ့ အပြုံးက နူးညံ့မြဲဖြစ်ပေမယ့် သူ့နှလုံးသား အတော်ကို အခြေနေဆိုးလို့နေပြီ။   သူကိုယ်တိုင် ကြောင်ပေါက်လေးနား သွားပြီး   သူ့အား Partner အဖြစ် ရွေးအောင် ပြောလိုက်ချင်ပေမယ့် ဒီလိုပြောလိုက်ရင်  ပြိုင်ပွဲဝင်တွေကြားထဲ ထင်းနေပြီး ကျန်တဲ့ လူအကုန်လုံးက  သူ့ကို ပစ်မှတ်လို သဘောထားကြမှာသေချာသည်။


ဂရုဏာကြီးမားတဲ့  အရှင်ဘုရား  ကျွန်တော် ဘာ ဆက်လုပ်သင့်သလဲ ဆိုတာလမ်းညွှတ်ပေးပါဦး။ သူ့ကြောင်ပေါက်လေးနဲ့ နီးစပ်နိုင်တဲ့ လမ်းကို ဖန်ဆင်းပေးတော်မူပါလို့ ဆုတောင်းပြီးမှ ဘုရားသခင်က လိင်တူချစ်ခြင်းကို သဘောမကျတာဖြစ်လို့ သူ့ကို ဘယ်လိုမှ ကူညီမှာမဟုတ်ဘူးဆိုတာ သတိရသွားသည်။

ဒါဆိုလဲ သူ နတ်ဆိုးဆီ ထပ်ဆုတောင်းတာပေါ့။ တကယ်လို့နတ်ဆိုးက သူ့ဆန္ဒတွေ ဖြစ်မြောက်အောင် လုပ်ပေးနိုင်ရင်  သူ့ရဲဝိဉာဉ်ကို ပေးအပ်နိုင်ပါတယ်။ သူက စိတ်တင်းကျပ်စွာနှင့် မျက်နှာကို လက်နှင့်ပွတ်ကာ စိတ်ထဲမှ အတွေးတွေမပေါ်အောင် မနည်းထိန်းနေရသည်။

 Gustavက ဘယ်သူ့ကို ကိုးကွယ်ပြီး ဆုတောင်းရမလဲ ရှုပ်ထွေးနေစဉ်   Ivana က  ကောင်လေးရဲ့လက်မောင်းကို တချက်ထိုးပြီး မေးလိုက်သည်။

  " Hey , နင် ဘယ်သူ့ကို ရွေးမှာလဲ။ "

" ကျွန်တော် Bonnie ကို ရွေးထားတယ်။ သူ နဲ့ ကျွန်တော်က အကောင်းဆုံး ဓာတ်ပုံတွေ ရိုက်နိုင်မယ်လို့   ယုံကြည်တယ်။ "

ကျိုးယွင်ရှန့်က ပုံကြမ်းဆွဲနေ  ပြန်ဖြေလိုက်သည်။ သူ့စိတ်ထဲမှာ ရှိတဲ့ စိတ်ကူးတွေကို သူကျွမ်းကျင်သည့်ပုံဆွဲခြင်းဖြင့်   အသေးစိတ်ရေးဆွဲနေပြီး  အထူးသဖြင့် ညနေခင်း ပွဲတက်ဝတ်စုံဝတ်ထားသည့် Bonnie၏ ပုံက အသက်ဝင်လှပလို့နေသည်။

ကင်မရာမန်း John က ကျိုးယွင်ရှန့် ဆွဲထားတဲ့ စာအုပ်ကို  အကြာကြီး ငေးကြည့်နေပြီး  ဒီကလေးက ဘယ်ပညာကိုမဆို ကျွမ်းကျင်တာကို တိတ်တဆိတ် ချီးကျူးနေမိသည်။  သူက ပန်းချီအကြောင်း အသေးစိတ်နားမလည်ပေမယ့် ဒီလောက် အသက်ဝင်ပြီး လှပတဲ့ပန်းချီကို အချိန်တိုအတွင်း ရေးဆွဲနိင်ဖို့  ကျွမ်းကျင်မှုတို့အများကြီးလိုမည်ဆိုတာ သူသေချာ သိလိုက်သည်။ သူ့ရှေ့က Romeo က စိန်တွင်းတူးရသလို သူ့အကြောင်း လေ့လာလေ ပိုသိရှိလေဖြစ်သည်ကို တွေ့လိုက်ရသည်။ ဒီပြိုင်ပွဲပြီးရင် ကောင်လေးကို သဘောကျသည့် လူများ ထပ်တိုးလည်မည်ကို သူကြိုသိနေသည်။

Ivana က  ပုံကြမ်းစာအုပ်ကို ကြည့်ပြီး သဘောကျစွာ လေချွန်လိုက်တော့သည်။ သူမက အချိန်အတော်ကြာ  ကြည့်နေပြီးမှ စာအုပ်ကို  ဖြဲလိုက်ကာ သူမရဲ့  အိတ်ထဲ  ပစ်ထည့်လိုက်ပြီး Romeo ကို အမိန့်ပေးလိုက်သည်။

" နင် Bonnieကို ရွေးလို့ မရဘူး။ သူမက ငါ့အပိုင်။   ဘာကြောင့် မိန်းကလေး အဖော်ကို သုံးချင်ရတာလဲ။ ယောက်ျားလေး တွဲဖက်   ရွေးရင်လည်း နင်လိုချင်တဲ့ ပုံစံ ရမှာပဲ ။ Mr Acheson ကို ရွေးစမ်းပါ။ ဒါမှ ငါတို့နှစ်ယောက် Bonnieကို ယှဉ်လုစရာ မလိုတော့ဘူး မဟုတ်လား။    ငါတို့ နှစ်ယောက် ဒီလောက် အမြန် ပြိုင်ဖို့ မလိုသေး ဘူးလေ။ "
 
အရင်တုန်းက Supermodel ဖြစ်ခဲ့တဲ့ အတွက် ကျိုးယွင်ရှန့်  ဘယ်သူ့ကို ရွေးရွေး ကိစ္စမရှိပေ။ သူ  ဒီအလုပ်တွေကို မျက်စိမှိတ်လုပ်ရင်တောင် ရ သည်။ ဒါကြောင့် သူရိုက်မယ့် ပုံစံတွေ စဉ်းစားပြီး ခေါင်းငြိမ့် လိုက်သည်။

" ကောင်းပြီ။ ငါ Mr. Achesonကို ရွေးလိုက်မယ်။ "

" အကောင်းဆုံး ရွေးချယ်မှုပဲ  အချစ်ကလေး "

Ivana က ဝမ်းသာစွာအကျယ်ကြီးပြောလိုက်ပြီး  ပြောလိုက်ပြီး Romeo ကို  ဖက်လိုက်သည်။

ဒီဟာကို စောင့်ကြည့်နေသည့်  Bonnie က ဝမ်းနည်းစွာ ခေါင်းခါ လိုက်ပြီးပြော လိုက်သည်။

" သြ..... ကြည့်ရတာ Ivana က သူ့ကို စိတ်ပြောင်း အောင် ဆွယ်နိုင်သွားပြီထင်တယ်။ ကြောင်ပေါက်က ရှင့်ဘက် ပါသွားပြီ  "

Gustav က  အရူးတစ်ယောက်လို အော်မရယ်မိအောင်   နှုတ်ခမ်းထောင့် တွေကို ဖိထားလိုက်ရသည်။   Ivana က တကယ်ကို သူငယ်ချင်းကောင်းပဲ။ သူမက ကြောင်ပေါက်လေးပေါ် အပြုသဘော သိမ်းသွင်းနိုင်တယ်။ သူမကို နောက်ဆုံးပြိုင်ပွဲအထိ ပြုတ်မကျအောင် ထားရမယ်လို့ Gustav  အလေးအနက်ထားပြီး ဆုံးဖြတ်ချက် ချလိုက်သည်။

နာရီဝက်ကြာပြီးနောက် Bonnie က သူမ  နာရီကို ကြည့်လိုက်ပြီး မတ်တပ်ရပ်ကာ လက်ခုပ်တီးလိုက်သည်။

" အချိန်ပြည့်ပြီ။ အခု ပြိုင်ပွဲဝင်ရမယ့် နံပါတ် စဉ်အလိုက် ကိုယ်နဲ့ လိုက်ခဲ့ပြီး မင်းတို့ရိုက်မယ့် ပုံစံကို ပြောပြကြပါ။  မင်းတို့ တွဲရိုက်မယ့်လူနဲ့ ပုံစံ ပြောပြီးရင် ပြန်ပြင်လို့ မရတော့ဘူးဆိုတာ သတိရပါ "

ပြိုင်ပွဲဝင်အားလုံးက နားလည်ကြောင်းတညီတညွတ်တည်းပြောလိုက်ပြီး   မှတ်စုစာအုပ်ကိုယ်စီယူကာ  Bonnieနဲ့ ဆွေးနွေး ကြစဉ် Gustavက သားရေ ထိုင်ခုံမှာ အေးဆေးထိုင်ကာ ဘာမှ ဝင်ပြောခြင်း မရှိပေ။

ထင်သည့်အတိုင်း ကျိုးယွင်ရှန့်ကလွဲပြီး ယောက်ျားလေး ပြိုင်ပွဲဝင်တွေ အကုန်   Bonnieကို ရွေးကြပြီး Ivana က လွဲရင် မိန်းကလေး ပြိုင်ပွဲ ဝင်တွေ အကုန်  Mr. Achesonကို ရွေးချယ်ကြသည်။ အားလုံးပြောသည်ကို အတည်ပြုပြီးနောက်  Gustav နှင့် Bonnie တို့နှစ်ယောက်လုံး တပြိုင်တည်း မတ်တပ်ထရပ်ကာ အချိန်ကုန် သက်သာစေရန် ပြိုင်ပွဲတွေနဲ့ ဓာတ်ပုံစရိုက်ခြင်းကို စတင်လုပ်လိုက်တော့သည်။
 
ကျိုးယွင်ရှန့်က ငါးယောက်မြောက် ဖြစ်သော်လည်း သူ့ရဲ့ Partner ရွေးပြီးနောက်တွင် ဒုတိယမြောက် ဓါတ်ပုံရိုက်ရမည့်သူဖြစ်သွားသည်။ အချိန်က သတ်မှတ်တာထက် ပိုစောသွားသည် ဆိုပေမယ့် သူ့ယုံကြည်မှုက ယခင်အတိုင်းဖြစ်သည်။ သူက သူနဲ့ Gustav ဝတ်ရမည့် အဝတ်ကို သေချာစဉ်းစားပြီးဖြစ်သည့်အပြင် သူတို့ကို ဘယ်လို ပြင်ဆင်ပေးရမယ်ဆိုတာ Stylistကို အသေအချာ မှာထားပြီး ဖြစ်သည်။

 အဝတ်အစား ရွေးချယ်တာ မှားသွားခဲ့ရင် ကိုယ်လိုချင်တဲ့ ပုံစံတွေကို ထိခိုက်သွားစေနိုင်သလို ပြင်ဆင်တာမကောင်းခဲ့လျှင် သူရိုက်မည့်ပုံ တစ်ဝက်က ပျက်ဆီးသွားပြီဖြစ်သည်။ ဒီလိုဖြစ်သွားလျှင် ကျန်ပုံတစ်ဝက်က  ကိုယ့် သရုပ်ဖော်မှုအပေါ်  လုံးဝမှီခိုသွားရနိုင်သည်။ ဒါကြောင့် ဒီတစ်ခေါက်ပြိုင်ပွဲက ပုံထွက် ကောင်း၊မကောင်းဆိုတာကို မကြည့်ပဲ Fashionအမြင် ဘယ်လောက်ရှိလဲဆိုတာ စမ်းသပ်ခြင်း ဖြစ်သည်။ ဒီပြိုင်ပွဲမှ  အလားအလာကောင်းသည့် မော်ဒယ်များ ထွက်ပေါ်လာရန်အတွက် Programအဖွဲ့က ဒီလို အပြင်အဆင်မျိုး ကိုအခက်ခဲ အများကြီးကြားက ဖန်တီးခဲ့ခြင်း ဖြစ်သည်။

Gustav က မိန်းကလေး ပြိုင်ပွဲဝင်တစ်ယောက်နဲ့ ရေကူးကန်ဘေးမှာ ဓာတ်ပုံရိုက်ပေမယ့်  သူ့စိတ်တွေက သည်းခံနိုင်ခြင်း အဆုံးစွန် ထိရောက်နေလေပြီ။  မိန်းကလေး ပြိုင်ပွဲဝင်တော်တော် များများသည်  ဖက်ရှင်လောကမှ ပညာရှင်များကို ဆွဲဆောင်နိုင်ရန် Bikinis ရေကူးဝတ်စုံ မလုံတလုံကိုသာ ရွေးချယ်ကြသည်။   ဒီလိုဝတ်စုံမျိုးနဲ့ ဆိုလျှင် ယောက်ျားလေး တစ်ယောက်ကို အလွယ်ကူဆုံး ဆွဲဆောင်နိုင်သည်ဟု သူတို့ အားလုံး ထင်နေကြသည်။

 အမှန်ကတော့ သူတို့အထင်နဲ့ ပြောင်းပြန်ဖြစ်နေသည်။   Gustav က သူတို့အားလုံးကို နည်းနည်းလေးတောင် စိတ်မဝင်စားပေမယ့်   ကမ္ဘာ့လက်ရွေးစဉ် Model ပီသစွာ သူ့ရဲ့ စိတ်မရှည်မှုကို မည်သူမျှ သတိမထားမိအောင် သူတို့အားလုံးနဲ့ ကျွမ်းကျင်စွာ ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။ မိန်းကလေး ပြိုင်ပွဲဝင်တွေက သူတို့လိုချင်သည့် ပုံစံကိုပြောလိုက်သည်နှင့် ချက်ချင်း သူက မျက်နှာအမူအရာနဲ့  ပုံစံကို သူမတို့ လိုချင်သည့်အတိုင်း ကွက်တိလုပ်ပေးနိုင်ခဲ့သည်။ တကယ်တော့ အချိန်ကိုကျော်လွှားနိုင်သည့် စက်ရှိလျှင် သူက ချက်ချင်း အချိန်ကို ခုန်ကျော်ပြီး သူ့ကြောင်ပေါက်ဘေး ရောက်အောင် သွားကာ အချိန်ကို ရပ်တန့်လိုက်မှာဖြစ်သည်။

ပထမဆုံး မိန်းကလေး ပြိုင်ပွဲဝင်က စိတ်လှုပ်ရှားနေတဲ့အတွက် သေချာ မလုပ်နိုင်သဖြင့် ကင်မရာမန်းက များစွာကူညီပေးနေရသည်။   Gustav က   စိတ်မပါတာကို မပေါ်အောင် တချိန်လုံး ထိန်းချုပ်ထားရသည်။ မိန်းကလေးအားလုံး  သူ့ကို ဝိုင်း  ကြည့်နေပေမယ့် သူ့ရဲ့ ကြောင်ပေါက်  မပါ ခဲ့ပေ။  တကယ်လို့ ကြောင်ပေါက်လေးက လာကြည့်ခဲ့ရင်  Sexyကျတဲ့ ပုံစံနဲ့ တမင်သက်သက် ရေကူးပြလိုက်မှာဖြစ်သည်။

ပုံ သုံးဆယ်ရိုက်ပြီးနောက်  Gustav က ချက်ချင်း Towelနဲ့ကိုယ်ကို ပတ်လိုက်ပြီး အခန်းထဲကို လျှောက်သွားတော့သည်။ ချစ်စရာကောင်းသည့် ကာင်လေးက သူ့ဆီ အမြန်လာနေခဲ့ရသဖြင့် သူ့ရဲ့ ပလက်တီနမ် ဆံပင်လေးများသည် နူးညံ့စွာ   လှုပ်ခါနေသည်။  Gustav က အသက်ပြင်းပြင်းရှူလိုက်ပြီး Romeo  ကို နူးညံ့စွာ မေးလိုက်သည်။

" Romeo မင်း အဝတ်အစားနဲ့  Styleတွေ ရွေးပြီးသွားပြီလား။ "

" အကုန်ပြီးသွားပြီ။ ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ။ "

ကျိုးယွင်ရှန့်က စိတ်လှုပ်ရှားနေတဲ့ အမူအရာလေးဖြင့် ပြောလိုက်သည်။

" စိတ်မလှုပ်ရှားပါနဲ့။ ငါ့ကို မင်းရဲ့ သူငယ်ချင်းတစ်ယောက်လိုပဲ  ဆက်ဆံပါ။ "

Gustav က မထူးခြားသလို ကောင်လေးရဲ့ ပုခုံးကို လှမ်းဖက်လိုက်ပြီး မျက်နှာက ပြုံးနေပေမယ့် သူ့ရင်တွေ ပေါက် ထွက်မတတ်ခုန်နေသည်က သူ အသိဆုံးဖြစ်သည်။

" ဟုတ်ကဲ့ပါ။"

ကျိုးယွင်ရှန့် က ချစ်စရာကောင်းစွာ ခေါင်းငြိမ့်မှု ပြီးပြန်ဖြေလိုက်သည်။

 သူတို့နှစ်ယောက်ဟာ အဝတ်လဲခန်းထဲကို ဝင်သွားလိုက်ပြီး အဝတ်လဲနေရင်း  Gustavက   အမှတ်တမဲ့ပုံစံဖြင့် မေးလိုက်သည်။

" ငါ့ကို  Partnerအဖြစ် အစက မင်းမရွေးချင်ဘူးလို့ ကြားတယ်။ ဘာဖြစ်လို့တုန်း။ "

တကယ်လို့ သူအဖြေက မကောင်းခဲ့ရင် ဒီ ပြိုင်ပွဲမှာ အောင်မြင်မှုကို အဆုံးအဖြတ်ပေးနိုင်တဲ့လူကို ဆန့်ကျင်လိုက်သလို ဖြစ်သွားနိုင်သည်။ ဒီလိုနေရာမျိုးမှာလိုက်လျောညီထွေဖြေကြားဖို့ လိုအပ်ပေမယ့်  စိတ်ရင်းနဲ့ ပြဿနာမတက်အောင်ဖြေတတ်ရမည်။

ကျိုးယွင်ရှန့် က  မျက်လွှာချကာ သူ့ရဲ့ အကြည့်စူးစူးတွေကို ရှောင်လိုက်ပြီး ရှက်ရွံ့စွာဖြင့် ဖြေလိုက်သည်။

 " ဘာကြောင့်လဲဆိုတော့ ကျွန်တော်က  Mr. Acheson နဲ့  တွဲပြီး အလုပ် အတူလုပ်ရမယ်ဆို အရမ်း စိတ်လှုပ်ရှားနေပြီး ကျွန်တော့် ခြေထောက်တွေနဲ့ လက်တွေကို ဘယ်မှာ ထားရမှန်းမသိအောင် ဖြစ်နေမှာစိုးလို့ပါ။ "

ဒီလိုဖြေပြီး သူက  Mr. Achesonရဲ့မျက်နှာကို ရဲရဲနီနေတဲ့ မျက်နှာလေးနဲ့ တချက် လှမ်းကြည့်လိုက်သည်။

Romeo က ရှက်နေတာလား။ အရမ်းချစ်ဖို့ကောင်းတာပဲကွာ! သူက ဘာကြောင့် ဒီလောက်ထိ ချစ်ဖို့ကောင်းရတာလဲကွာ။ ငါကသာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရသူပါကွာ။

Gustavရဲ့ စိတ်ထဲကနေ အကျယ်ကြီး အော်ပြောနေမိသည်။  သူ့ရင်ထဲ ဒီကောင်လေး သူ့ကို ကြိုက်လာအောင် လုပ်ချင်တဲ့ စိတ်တွေနဲ့ပဲ ပြည့်နေတယ်။ တကယ်လို့ အဲ့ဒီလို မလုပ်ခဲ့မိရင် သူ ညတိုင်း အိပ်ပျော်နိုင်မှာ မဟုတ်တော့ပေ။  သူက တကယ်ပဲ  ကြောင်ပေါက်လေးကို သူ့လက်မောင်းကြားတင်းကျပ်စွာ ပွေ့ဖက်ပြီး မျက်ဝန်းပြာလေးတွေမှာ ချစ်ရိပ်တွေသမ်းပြီး မျက်ရည်တွေဝဲနေအောင် အနမ်းကြမ်းတွေ ပေးလိုက်ချင်သည်။

သူ့ရဲ့ အတွေးတွေက ဘယ်လောက်ပဲ ညစ်ညမ်းနေပါစေ Gustavရဲ့ ပုံစံသည့် လူကြီးလူကောင်းပီသကာ ယဉ်ကျေး သိမ်မွေ့နေဆဲ ဖြစ်သည်။ သူက အဝတ်အစားလဲပြီးသွားတာနဲ့   ကောင်လေးရဲ့ ခေါင်းကို အသာပွတ်လိုက်ပြီး နှစ်သိမ့်ပေးကာ ပြောလိုက်သည်။

" မင်း ကိုယ့်နားမှာ စိတ်တင်းကျပ်နေစရာမလိုပါဘူးကွာ။ကိုယ်လည်း မင်းလို သာမာန်လူတစ်ယောက်ပါပဲ။ ကိုယ့်အရပ်က 193 cm မြင့်ပြီး၊ 78kg အလေးချိန်ရှိတယ်။ ဒီနှစ်မှာ 28နှစ်ပြည့်ပြီး မကောင်းတဲ့ အကျင့်ဆိုတွေ မရှိဘူး။ ကိုယ့် အကြိုက်ဆုံးက ဘီလီယက်ကစားရတာဖြစ်ပြီး  မီးခိုးရောင်ကို ကြိုက်တယ်။ အကြိုက်ဆုံး အစားအစာကတော့ အမဲသားပြားကင်ဖြစ်တယ်။  "

Gustav က သူ့အကြောင်းနဲ့ပတ်သတ်ပြီး အသေးစိတ် မိတ်ဆက်ပြီးတဲ့နောက် သူ့လက်ကို ရှေ့ထုတ်လိုက်ပြီး ပြောလိုက်သည်။

"  အခု မင်း ကိုယ့်ကို Idol တစ်ယောက်လို မဟုတ်ပဲ သူငယ်ချင်းတစ်ယောက်လို ဆက်ဆံလို့ရတဲ့အထိ ကိုယ့်အကြောင်းတွေ သိသွားလောက်ပြီမလား"

ကျိုးယွင်ရှန့်က    Gustav Achesonကို ဒီလောက် ချဉ်းကပ်ရလွယ်မယ်လို့ တခါမှ မတွေးခဲ့မိဖူးပေ။ သူက ခဏ  ကြောင်သွားပြီးမှ တစ်ဖက်လူက ကမ်းလာသော လက်ကို ရှက်ပြုံးလေးဖြင့် ပြန်ဆုပ်ကိုင်လိုက်သည်။

" မင်းလည်း ကိုယ့်ကို မိတ်ဆက်သင့်တယ်။ ဒါက ကိုယ်တို့နှစ်ယောက်ကြား   ခင်မင်ရင်းနှီးမှု ပိုတိုးစေပြီး  ဓာတ်ပုံရိုက်တဲ့အခါမှာ  လိုက်ဖက်ညီတာတွေ ဖြစ်လာစေတယ်။ "

Gustavက  နောက် ခြေလှမ်းတလှမ်းထပ်တိုးလိုက်သည်။ နောက်ဆုံးတော့ သူတို့နှစ်ယောက်  သူငယ်ချင်းဆိုတဲ့အမည်အောက် ရောက်လာခဲ့ပြီဖြစ်လို့ သူ့နှလုံးသား  အရမ်းကို  လှုပ်ရှားနေခဲ့သည်။


====================

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now