Arc_ 10.4 _ Joshua

6K 720 1
                                    

FOD_ Arc_ 10.4 _ Joshua

ကျိုးယွင်ရှန့်က ရေကန်ထဲကထွက်လိုက်တဲ့အခါ အနက်ရောင်ရေတွေက အလိုလျောက်စီးကျသွားပြီး သူ့ အသားရေတွေကို နည်းနည်းလေးတောင်မှ ညစ်နွမ်းစေချင်း မရှိခဲ့ပေ။ ကျိုးယွင်ရှန့်က မိမိဝတ်ရုံကို ယူပြီး ကိုယ်ပေါ်ပြန်လည်ဝတ်ဆင်လိုက်တဲ့အချိန်မှာ ပုပ်ရဟန်းမင်းနဲ့လက်ထောက်ဘုန်းကြီးက သူ့ကို
သရဲတစ္ဆေကိုမြင်တွေ့ခဲ့ကြသည့်အတိုင်း အလန့်တကြားကြည့်နေလို့ ကျိုးယွင်ရှန့်က ရိုသေစွာမေးလိုက်တယ်။

" ပုပ်ရဟန်းမင်းနဲ့လက်ထောက်ဆရာတော်၊ ဘာအမှားများရှိလို့လဲ"

" ငါတို့တွေ့ခဲ့ရတာက ... "
ပုပ်ရဟန်းမင်းကြီးရဲ့ ပါးစပ်ဖွင့်ဟ ပြောလိုက်ပြီးမှ ပါးစပ် ပြန်ပိတ်လိုက်တယ်။ သူ့အသံက အလိုလျောက် မထွက်နိုင်တော့လို့ သူက စကားပြောခြင်းကို တားမြစ်ခံလိုက်ရတယ်ဆိုတာ သိလိုက်တယ်။ သူတို့တွေ့လိုက်တဲ့ ရုပ်ရည်ချောမောတဲ့သူက အလင်းနတ်ဘုရားများဖြစ်လေသလား ဆိုတဲ့ အတွေးကြောင့် ပုပ်ရဟန်းမင်းကြီးရဲ့ အသည်းနှလုံးက လည်မျိုထဲကနေ ခုန်ထွက်လာတော့မလို တထိတ်ထိတ်ခုန်လာတော့တယ်။

သူ့ရှေ့မှာရှိနေတဲ့ ဂျိုရှုဝါကိုကြည့်ရတာ အရင်ကနဲ့ လုံးဝကို မတူပဲ ကွဲပြားနေတာကို သတိထားလိုက်မိတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်လောက်က ကုန်းမကြီးကို စွန့်ခွာသွားတဲ့ နတ်ဘုရားတွေပြန်လာတဲ့အချိန်မှာ အလင်းနတ်ဘုရားက ချောမောလှပတဲ့ ဆယ်ကျော်သက်လူငယ်တွေကို စုစည်းခေါ်ဆောင်သွားလိမ့်မယ်လို့ သူ့ရဲ့ဆရာ ပုပ်ရဟန်းမင်းကြီးပြောတာကို သူ သတိရလိုက်တယ်။


ဒီလူငယ်လေးက အဖြူရောင်ဆံပင်နဲ့ မိုးသားပြာရောင် မျက်ဆံတွေရှိတဲ့လူငယ်လေးတွေ၊ ဆံပင်နက်နက်နဲ့ မျက်ဆံမည်းမည်းလေးတွေရှိတဲ့ လူငယ်လေးတွေကို နတ်ဘုရားတွေက  သဘောကျပြီး ကောက်ယူလို့ နတ်ဘုံကို ခေါ်ဆောင်သွားကြတယ်။  ဒါကြောင့် ဒီလူငယ်လေးကို နတ်ဘုရားတွေသာတွေ့ရင် သေချာပေါက် တော်ကောက်ခံရမယ့် သူဖြစ်တယ်။ အဖိုးတန်ပြီး နတ်ဘုရားတွေ ကြိုက်လောက်မယ့် လူငယ်လေးက သူတို့တိုင်းပြည်အတွက် အရမ်းကိုတန်ဖိုးရှိတယ်ဆိုတာ ပုပ်ရဟန်းမင်း သိလိုက်တယ်။
 
ဒီလှပတဲ့လူငယ်တွေကို စုစည်းပြီးခေါ်ဆောင်တတ်ကြပေမယ့် အလင်းနတ်ဘုရားက ဒီိလိုလုပ်တာကို ငြီးငွေ့သွားပုံရပြီးဒါကြောင့် ဘုရားကျောင်းတွေကနေ စုရုံးပေးပို့တဲ့ လူငယ်လေးတွေကို နတ်ဘုရားက လက်ခံခြင်းမရှိတော့ပဲ ငြင်းဆန်လိုက်တဲ့အတွက်  နောက်ထပ် လူငယ်လေးတွေကို စုစည်းခြင်းမရှိတဲ့အတွက် လူတွေက ဒီအလေ့ထကို မေ့လျော့သွားကြတယ်။ အခု သူ့ရှေ့မှာရှိတဲ့ ဂျိုရှုဝါကို တွေ့လိုက်တော့မှ ခုနက အင်မတန်ကို ချောမောလှပတဲ့ လူကြီးဘာကြောင့်ပေါ်လာတယ် ဆိုတဲ့ အမှန်တရားကို ပုပ်ရဟန်းမင်းကြီး သိလိုက်တယ်။

ဂျိုရှုဝါက အသက် 16 နှစ်သာရှိသေးပြီး လှပသိမ်မွေ့တဲ့ မျက်နှာပြင်၊ ငွေဖြူရောင်ဆံနွယ်တွေက တောက်ပပြီး ရေတံခွန်လိုမျိုး ပျော့ပြောင်းစွာကျဆင်းနေတယ်။



သူရပ်နေသည့်နေရာမှာ တောက်ပတဲ့ မီးမောင်းထိုးပြသလိုဖြစ်ပြီး အမှောင်အားလုံးကို နှင်ထုတ်လိုက်သလို ခံစားလိုက်ရတယ်။ သန့်ရှင်းစင်ကြယ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနဲ့ လှပသောနတ်သမီးပုံပြင်ထဲ က နတ်သူငယ်လေးတွေလိုပဲ သူ့မှာ ခမည်းတော်ကို ကြည်ညိုသောနှလုံးသားနှင့် သန့်ရှင်းစင်ကြယ်သည့် စိတ်ဝိညာဉ်ရှိကြောင်းလည်း အနက်ရောင်ရေကန်ထဲ ဆင်းပြီး သက်သေပြခဲ့ပြီးဖြစ်တယ်။ သူ့လိုလူက ခမည်းတော်ဆီက ကောင်းချီးပေးခြင်းကို ရလိုက်တယ်ဆိုရင် ဘာမှ အံ့သြစရာကို မရှိဘူး။

ဒီထင်မြင်ချက်အရ ပုပ်ရဟန်းမင်းကြီးရဲ့စိတ်တွေက တည်ငြိမ်အေးချမ်းသွားတော့တယ်။ ဒီပုံနဲ့ဆိုရင် သူတို့ ဆာဂါတိုင်းပြည်ကြီးရဲ့ အနာဂါတ်က မျှော်လင့်ချက်ရှိသေးတယ်ဆိုတာ သိလိုက်ရလို့ အရမ်းကို ဝမ်းသာသွားတော့တယ်။ လတ်တလောမှာ အလင်းဘုန်းကြီးအားလုံးက အလင်းနတ်ဘုရားဆီက အလင်းစွမ်းအင်ကို ရရှိဖို့ ဆုတောင်းနေကြပေမယ့် ဒီနည်းက ခမည်းတော် သဘောကျတဲ့နည်းလမ်းဖြစ်မယ့်ပုံ မပေါ်ဘူး။ အခု ဂျိုရှုဝါကို ခမည်းတော်ကြည့်ရှုသွားပုံက သာမန်နှစ်သက်မှု၊ မျက်နှာသာပေးမှုမျိုးမှ မဟုတ်ပဲ ဒီထက်ကို အများကြီးလေးနက်တယ်။ ဒါကြောင့် နောက်တက်မယ့် ပုပ်ရဟန်းမင်းကြီးက သူတို့ ဆာဂါပြည်က ဖြစ်မှာသေချာတယ်။ အဓိက ချက်ခ်ကျောင်းတောင်မှ ဆာဂါပြည်ကို ရွှေ့လာရမှာ အမှန်ပဲ။

ပုပ်ရဟန်းမင်းကြီးကအနာဂတ်ကိုစဉ်းစားလေ၊ သူ ပို၍ စိတ်လှုပ်ရှားလေလေဖြစ်တယ်။ ဒီကာင်လေးကို ကြည့်တဲ့အခါ သူ့မျက်ဝန်းထဲမှာ ချစ်ခြင်းမေတ္တာတွေပြည့်ဝလာတယ်။ ဆန့်ကျင်ဘက်ပဲ လက်ထောက်ပုပ်ရဟန်းမင်းကြီးက ဆုတောင်းခန်းမထဲ ပေါ်လာတဲ့ လူချောကြီးက အလင်းနတ်ဘုရားဆိုတာကို လက်မခံချင်ဘူးဖြစ်နေတယ်။ ခမည်းတော်သာဆိုရင် ဒီလို သေမျိုးလောကမှာ ရုတ်တရက်ပေါ်လာပြီး ဘာမဟုတ်တဲ့ အလင်းဘုန်းကြီးငယ်လေးရဲ့ နဖူးကို ချစ်ခြင်းအပြည့်နဲ့နမ်းပါ့မလားလို့ စောဒက တက်နေပေမယ့် သူ့ကိုယ်ထဲက အလင်းစွမ်းအင်တွေ ရုတ်တရက် ပျောက်ဆုံးသွားတာတွေ၊ အလင်းရောင်နဲ့ ထိတွေ့မိတဲ့ သူ့အရေပြားတွေက မီးလောင်သလို နာကျင်သွားတာတွေအရ သူတို့ တွေ့တဲ့လူက သူတို့ကိုးကွယ်တဲ့ အလင်းနတ်ဘုရား ခမည်းတော် ဖြစ်တယ်ဆိုတာ သက်သေပြနေတယ်။ သူက ခမည်းတော်ချစ်မြတ်နိုးတဲ့ အချစ်တော်လေးကို သတ်ဖို့တောင်ကြိုးစားမိခဲ့တယ်ဆိုတာ တွေးမိပြီး တုန်လှုပ်ချောက်ချားသွားခဲ့တယ်။

အလင်းဘုန်းကြီးတစ်ပါးက ရုတ်တရက် အလင်းစွမ်းအားတွေပျောက်ကွယ် သွားတယ်ဆိုတာက ခမည်းတော်ကို အပြစ်ကျူးလွန်မိလို့ ခမည်းတော်ရဲ့စွန့်ပြစ်ခြင်းကို ခံလိုက်ရတယ်ဆိုတဲ့ သက်သေပဲဖြစ်တယ်။ ဒါဆိုရင် အဲ့ဒီဘုန်းကြီးက အလင်းဘုရားကျောင်း တွေက မောင်းထုတ်ခံရမှာဖြစ်ပြီး တစ်ကမ္ဘာလုံးက လူတွေရဲ့ မထီမဲ့မြင်ပြုခြင်းကိုခံရလိမ့်မယ်။ ကနေ့ကစပြီး သူ့ဘဝ လမ်းဆုံးသွားပြီဖြစ်တယ်။ လက်ထောက်ပုပ်ရဟန်းမင်းကြီးက မြေပြင်ပေါ်ပြိုလဲကျသွားတော့တယ်။ ပုပ်ရဟန်းမင်းကြီးက သူ့ကိုလှည့်တောင် မကြည့်တော့ဘူး။



" သင်က ဆာဂါအလင်းဘုရားကျောင်းကို စော်ကားတဲ့သူဖြစ်လို့ သင့်ကို ပေးထားတဲ့ ပိုင်ဆိုင်မှုနဲ့ ဂုဏ်တွေ၊ ရာထူးတွေကို ပြန်လည်ရုပ်သိမ်းလိုက်ပြီ။ တစ်နာရီအတွင်း ဆာဂါနိုင်ငံထဲက ထွက်ခွာသွားဖို့ အမိန့်ပေးလိုက်တယ်။ ဘယ်တော့မှ ဆာဂါပြည်ကို ပြန်မလာခဲ့နဲ့ "

စာရေးက ဘုရင်အတွက် ဒီအကြောင်းရာကို တင်ပြဖို့ ချက်ချင်း ရေးမှတ်လိုက်တယ်။ အမှောင်နတ်ဆိုးကို နှိမ်နင်းဖို့လိုက်ရှာစရာမလိုတော့ဘူး။ ခမည်းတော်ကိုယ်တိုင် အလင်းဘုရားကျောင်းကို ရောက်ရှိလာပြီဖြစ်လို့ အမှောင်စွမ်းအင်က အလိုလိုပျောက်ကွယ်သွားတော့မှာသေချာတယ်။

လက်ထောက်ပုပ်ရဟန်းမင်းကြီးက ရေကန်ထဲက တက်လာတဲ့လူငယ်လေးကို ငိုယိုအသနားခံပေမယ့် အစေခံတွေက သူ့ကို ချက်ချင်း ဆွဲထုတ်သွားကြတယ်။ ဆုတောင်းခန်းမရဲ့အပြင်ဘက်မှာ အခြားလူတွေ၊ အခြွေရံတွေက ဒူးထောက်နေကြပြီး ကြောက်ရွံ့စွာနဲ့ ညည်းညူဆုတောင်းဝတ်ပြုနေကြတယ်။ သူတို့က
ယဇ်ပလ္လင်နောက်ကွယ်ရှိ ရုပ်တုကိုကြည့်ရှုရန်ကြိုးစားနေပုံပေါ်တယ်။ ဒါပေမယ့် ရုပ်တုကို ကြည့်မိတာနဲ့ သူတို့မျက်လုံးတွေက ချက်ချင်း ပြင်းထန်တဲ့ နာကျင်ခြင်းကို ခံစားလိုက်ရပြီး စူးအောင့်လာတယ်လို့ ခံစားလိုက်ရသည်။ တကယ်လို့ သူတို့ကသာ ဆက်ပြီး ရုပ်တုကို စိုက်ကြည့်မယ်ဆိုရင် မျက်စိကန်းသွားမှာသေချာတယ်။ အလင်း နတ်ဘုရားရဲ့ ပုံသဏ္ဌာန်ကိုတိုက်ရိုက်ကြည့်ရှုဖို့ မည်သူမှ အရည်အချင်းမပြည့်မှီကြဘူး။

အလင်းနတ်ဘုရားက ဆာဂါတိုင်းပြည်ကို ဆင်းသက်လာပြီး လူတိုင်းရှေ့မှာ ကိုယ်ရောင်ထင်ပြခဲ့တယ်။ ဒီအဖြစ်ပျက်မျိုးက ဘယ်တိုင်းပြည်မှာမှ မရှိဘူးတဲ့အဖြစ်တစ်ခုဖြစ်တယ်။ ကုန်းတိုက်မကြီးတစ်ခုလုံးရဲ့ ပုပ်ရဟန်းမင်းကြီးသာသိရင် ဘယ်လောက်တောင် မနာလိုဖြစ်လိုက်မယ်ဆိုတာ မသိနိုင်ဘူး။

ဆာဂါတိုင်းပြည်မှာရှိတဲ့ လူတိုင်းက ဝမ်းသာစွာနဲ့ ဆုတောင်းမှုကို စိတ်ပါလက်ပါ ဆက်လက်ပြုလုပ်ကြတယ်။ ဂိုဏ်းချုပ် ဘုန်းတော်ကြီးက ပလ္လင်ပတ်လည်ကို လှည့်လည်ကြည့်ရှုပြီး သူ့ရဲ့ခေါင်းကို လေးစားစွာ ဦး ညွှတ်လိုက်တယ်။

ပုပ်ရဟန်းမင်းကြီးက ပလ္လင်ကို လှည့်ပတ်ကြည့်ရှုရင်း အရင်ရုပ်ထုထက် ပိုမိုခန့်ညားတဲ့ ရုပ်ထုအသစ်မျက်နှာကို တွေ့လိုက်တာနဲ့ ဒီဟာက အလင်းနတ်ဘုရားပဲဆိုတာ ချက်ချင်းသိလိုက်တယ်။ လျှပ်တပြက်မြင်လိုက်ရတယ်ဆိုရင်တောင် သူ့မျက်လုံးတွေ စူးအောင့်နာကျင်လာလို့ မျက်နှာလွှဲလိုက်ရတယ်။ ဒီဟာက ဆံပင်ရွှေရောင်နဲ့ ချောမောလှပတဲ့ ခမည်းတော်ရဲ့ရုပ်သွင်ပဲ။

"အလင်းနတ်ဘုရား ခမည်းတော်.. ကျွန်ုပ်ကို ခွင့်လွှတ်တော်မူပါ.."

ပုပ်ရဟန်းမင်းကြီးက ခမည်းတော်ကို နတ်ဆိုးလို့တောင် ခေါ်လိုက်မိတာဖြစ်လို့ ကြောက်လန့်တကြား ပျော့ခွေကျသွားပြီး တောင်းပန်လိုက်တယ်။ ခန်းမတစ်ခုလုံး ကျိုးယွင်ရှန့်ပဲ မတ်တပ်ရပ်ကျန်ရစ်ခဲ့တယ်။ သူက တမင်ထင်ရှားအောင် ရပ်နေတာမဟုတ်ဘဲ ခမည်းတော်ရဲ့ ပြိုင်ဘက်ကင်းရုပ်သွင်မှာ ဆွဲဆောင်ခံလိုက်ရလို့ ငေးကြောင်ကြည့်နေမိတာဖြစ်တယ်။ ပလ္လင်ထက်ကခုံမှာ ထိုင်နေတဲ့ အရပ်ရှည်ရှည်လူတစ်ယောက်က မေးရိုးအောက်မှာ လက်တစ်ဖက်ထောက်ထားပြီး ကြင်နာသနားခြင်းကို ဖော်ပြလို့နေတယ်။

ဒီရုပ်ထုက ရွှေရောင်ဆံပင်လိန်လိန်တွေရှိပြီး မျက်ဝန်းတွေက ကြယ်လိုတောက်ပလို့နေတယ်။ သူက တန်ဖိုးမဖြတ်နိုင်အောင် ဖြူဆွတ်တဲ့ရတနာတွေကို ဆင်ယင်ထားတယ်။ ခါးမှာပတ်ထားတဲ့ ရွှေခါးပတ်မှာလည်း ကျောက်မျက်ရတနာတွေ စီခြယ်လို့ထားတယ်။ သူ့ဝတ်ရုံက လျော့ရဲရဲဖြစ်လို့ sexy ကျတဲ့ညှပ်ရိုးနဲ့ တောင့်တင်းတဲ့ရင်အုပ်ကြွက်သားတွေကို လှစ်ဟလို့နေတယ်။ တကယ့်တကယ် သူ့ရုပ်သွင်က လူသားတွေထက်ကို သာလွန်လှပလှတယ်။

ကိုယ့်ကိုယ်ကို အိပ်မွေ့ချတဲ့ နောက်ဆက်တွဲအကျိုးဆက်က လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကို ထိခိုက်ပျက်စီးစေတယ်။ ဒါက ကျိုးယွင်ရှန့်လို စွမ်းအားကြီးသူတစ်ယောက်က အချစ်ရူးရှန့်အဖြစ် ပြောင်းလဲလိုက်တာ သူ့စွမ်းအင်ကို ထိခိုက်လျော့ပါးစေတယ်။ ဒါပေမယ့် သူ့လက်ရှိစွမ်းအင်က ဒီကမ္ဘာမှာလုပ်ရမယ့် တာဝန်ကို ပြီးအောင်လုပ်နိုင်တဲ့အထိတော့ ဖူလုံသေးလို့ တော်သေးတယ်။ တကယ်လို့ ဒီတာဝန်တွေပြီးသွားလို့ စွမ်းအားတွေရလာရင် ဒီဒဏ်ရာက အလိုလို ပျောက်ကင်းသွားမှာဖြစ်တယ်။

အချစ်ရူးရှန့်က ဒီရုပ်ထုရဲ့မျက်နှာကိုတွေ့တာနဲ့ ခမည်းတော်ရဲ့မျက်နှာတော်ဆိုတာ သိလိုက်ပြီး ရင်ထဲကချစ်ခင်မြတ်နိုးခြင်းတွေ တာတမံကျိုးသလို ယိုကျလာပြီး ချက်ချင်း ခမည်းတော်ခြေရင်းမှာ ပစ်လှဲလိုက်ချင်ပြီး ခြေကျင်းဝတ်ကိုသိုင်းဖက်လို့ ခြေဖမိုးအစုံကို အကြိမ်ကြိမ် နမ်းရှိုက်လိုက်ချင်တော့တယ်။ သူ့စိတ်ကိုသာ လွှတ်ပေးလိုက်ရရင် ခမည်းတော်ရဲ့ရုပ်ထုတော်ကို တစ်လက်မ,မကျန် လျှာနဲ့လျက်မိတော့မယ်။ ဒါပေမယ့် ကျိုးယွင်ရှန့်က ဒီလောက်ကြီးရူးသွပ်ဖို့ထိ ခွင့်မပြုထားလို့ လုပ်ချင်စိတ်ကို ခန္ဓာကိုယ်က ချုပ်တည်းထားလိုက်နိုင်တယ်။ ဒီအတွက် တစ်ကိုယ်လုံးမှာရှိတဲ့ သွေးကြောတွေ ပေါက်ထွက်လာတော့မလို ခံစားလိုက်ရတယ်။

သူက နေရာမှာပဲမတ်မတ်ရပ်လို့ ပါးစပ်အဟောင်းသားနဲ့ ခမည်းတော်ရဲ့ရုပ်သွင်ကို ပေါက်ထွက်မတတ် ငေးကြည့်လို့နေတယ်။ အကြည့်နဲ့သာပြာကျနိုင်ရင် ခမည်းတော်ရဲ့ရုပ်ထုက ပြာကျသွားလောက်ပြီ။

အလင်းနတ်ဘုရားက သူဖန်ဆင်းထားတဲ့ရုပ်ထုမှာ ထိတွေ့ခံစားနိုင်မှုကို ထည့်သွင်းထားလို့ ဒီရုပ်ထုမှာ ခံစားရသမျှကို သူတိုက်ရိုက်ခံစားရနိုင်တယ်။ အခု သူ့ကို ယုံကြည်သူလေးက စိတ်လှုပ်ရှားချစ်ခင်တဲ့မျက်ဝန်းတွေနဲ့ စူးစိုက်ကြည့်တာခံရလို့ အလင်းနတ်ဘုရားရဲ့တစ်ကိုယ်လုံး အပူချိန်မြင့်တက်လာပြီး ဖော်ပြနိုင်စွမ်းမရှိတဲ့ ကျေနပ်မှုကို ခံစားလိုက်ရတယ်။

ဟုတ်ပြီ.. သားတော်..

ခမည်းတော်ကိုကြည့်ပါ..။

ခမည်းတော်ကိုပဲ စိုက်ကြည့်လိုက်စမ်းပါ..။

ဒီလိုချစ်ခင်မြတ်နိုးတဲ့အကြည့်ကို ခမည်းတော်ကလွဲပြီး ဘယ်သူ့ကိုမှ မကြည့်လေနဲ့..။

သူက ရေရွတ်လိုက်ပြီး လက်ညှိုးညွှန်ပြီး လူငယ်လေးရဲ့မျက်ခုံးနှစ်နေရာကြားကို ကြည်လင်သန့်စင်ပြီး အားကောင်းတဲ့ အလင်းစွမ်းအင်တွေကို ပို့လွှတ်ပေးလိုက်တယ်။ ကျိုးယွင်ရှန့်က ပူနွေးတဲ့ခံစားချက်တစ်ခုကို ခံစားလိုက်ရပေမယ့် ခမည်းတော်ရဲ့ရုပ်သွင်ကို မျက်နှာမလွှဲရက်တာကြောင့် မျက်လုံးပေကလပ် ပေကလပ်နဲ့ ဆက်ပြီးစိုက်ကြည့်နေပုံက အင်မတန်ကို ချစ်ချင်စရာ၊ သနားချင်စရာ ကောင်းလွန်းလှတယ်။

အလင်းနတ်ဘုရားရဲ့ ကျေနပ်စွာရယ်မောလိုက်သံက နဝမမြောက်ကောင်းကင်ဘုံက နန်းဆောင်ထဲမှာ ပဲ့တင်ထပ်သွားတယ်။ အခြားအခြွေအရံနတ်ဘုရားနဲ့ အစေခံတွေက ခမည်းတော်ကို ဘယ်သူကများ ရယ်မောအောင် စွမ်းဆောင်လိုက်နိုင်သလဲဆိုပြီး အံ့အားသင့်သွားကြတယ်။

ပုပ်ရဟန်းမင်းက ခမည်းတော်ဆီမှာ နောင်တရစွာတောင်းပန်ပြီး မတ်တပ်ရပ်လိုက်ချိန် ဂျိုရှုဝါက ခမည်းတော်ရဲ့ ရုပ်ထုမျက်နှာတော်ကို ငေးစိုက်ကြည့်နေလို့ အသာလေးမေးလိုက်တယ်။

"ဂျိုရှုဝါ.. မင်း ခမည်းတော်ရဲ့ရုပ်ထုတော်ကို ကြည့်တာ မျက်စိမနာဘူးလား.."

ဂျိုရှုဝါက တုတ်တုတ်တောင်မလှုပ်လို့ ပုပ်ရဟန်းမင်းက ဂျိုရှုဝါရဲ့ဝတ်ရုံစကို လွှမ်းဆွဲလိုက်မှ ကျိုးယွင်ရှန့် သတိဝင်လာတော့တယ်။

"ကျွန်တော့်ရဲ့အမြင်အာရုံက အတော်လေးကောင်းလို့ ခမည်းတော်ရဲ့မျက်နှာတော်ကို ကောင်းကောင်းမြင်နိုင်ပြီး နှလုံးသားထဲစွဲနေအောင် မှတ်သားထားလိုက်နိုင်တယ်.."

ပုပ်ရဟန်းမင်းက ပြုံးလိုက်တယ်။ ဒါက အလင်းနတ်ဘုရားက ဂျိုရှုဝါတစ်ယောက်တည်းကိုပဲ သူ့မူလရုပ်သွင်ကို ကြည့်ရှုဖို့ ခွင့်ပြုတယ်ဆိုတာပဲ။

"မှန်တယ် ငါ့သား.. မင်းရဲ့နှလုံးသားထဲက ခမည်းတော်ကိုအာရုံပြုပြီး ဆက်လက်ဆုတောင်းပူဇော်လိုက်ပါ.."

ပုပ်ရဟန်းမင်းက ပြောရင်း ဂျိုရှုဝါရဲ့ ပျော့ပျောင်းတဲ့ဆံနွယ်ကို ပွတ်သပ်ပေးဖို့ လက်လှမ်းလိုက်တယ်။ ဒါကေမယ့် သူ့လက်က ဆံပင်တွေကိုမထိရသေးခင်မှာဘဲ နာကျင်တဲ့ဝေဒနာကို စူးရှစွာ ခံစားလိုက်ရတယ်။

ပုပ်ရဟန်းမင်းက ဟန်မပျက် လက်ရုပ်လိုက်ပြီး ကျန်တဲ့သူတွေအားလုံးကိုခေါ်ပြီး ဆုတောင်းခန်းမကနေ ထွက်သွားတယ်။ အပြင်ရောက်မှ သူ့လက်ဖဝါးကိုကြည့်လိုက်တော့ လောင်ကျွမ်းပြီးမည်းနေတာကို တွေ့လိုက်ရတယ်။ ခမည်းတော်က သူချစ်ရတဲ့သူကိုတွေ့သွားတော့ ကြောင်းကျိုးမဲ့အရူးလို ဖြစ်သွားပြီလို့ စိတ်ထဲကတွေးလိုက်မိတယ်။

လူတွေအကုန်ထွက်သွားတော့ ကျိုးယွင်ရှန့်က ဆုတောင်းဖို့ ဒူးထောက်လိုက်တယ်။ ဒါပေမယ့် အခုလို ခမည်းတော်ရဲ့မျက်နှာကို စိုက်ကြည့်ပြီးကတည်းက ကျိုးယွင်ရှန့်အနေနဲ့ ခါတိုင်းလို ဆုတောင်းဖို့ အာရုံမရဘူးဖြစ်နေတယ်။ မျက်စိဖွင့်ထားသည်ဖြစ်စေ၊ ပိတ်ထားသည်ဖြစ်စေ၊ ခမည်းတော်ရဲ့ ချောမောတဲ့မျက်နှာက စိတ်အာရုံထဲ ထင်မြင်နေတယ်။

သူ့စိတ်နှလုံးတွေက ပွက်ပွက်ဆူနေတဲ့ ရေပူပေါင်းလေးတွေလို ပလုံစီလို့နေတယ်။ သူက ခမည်းတော်ရဲ့မျက်နှာကို ငေးစိုက်ကြည့်ပြီး ဘာကိုမှ ဆက်မလုပ်နိုင်တော့ဘူး။ ဒီဟာက ကျောက်တုံးရုပ်တုဖြစ်ပေမယ့် ခမည်းတော်ရဲ့အရိပ်အငွေ့ရှိနေလို့ ကြည့်သည်ဖြစ်စေ၊ ထိသည်ဖြစ်စေ၊ တကယ့်နတ်ဘုရားအစစ်ကို ကြည့်သလို၊ ထိသလို ခံစားနေရတယ်။ ဒါက ရုပ်တုလား၊ တကယ့်နတ်ဘုရားလားဆိုတာ မဝေခွဲနိုင်တော့ဘူး။

ခမည်းတော်ရဲ့ နက်ရှိုင်းတဲ့မျက်ဝန်းတွေနဲ့ အကြည့်ချင်းဆုံမိတော့ ကျိုးယွင်ရှန့် အောက်နှုတ်ခမ်းပါးလေးကို လျှာနဲ့သပ်ပြီး အကြာကြီး ငေးစိုက်ကြည့်နေမိတော့တယ်။ သူ့စိတ်တွေက ရှုပ်ထွေးနေပြီး အတွေးတွေက မဟုတ်တဲ့ဘက်ကို တဖြည်းဖြည်း ရောက်သွားသလိုပဲ။

နဝမကောင်းကင်ဘုံမှာရှိတဲ့ အလင်းနတ်ဘုရားကလည်း ရင်ဖိုခြင်းနဲ့ ရင်ထဲမှာအူယားလာသလို ခံစားလိုက်ရပြီး လူငယ်လေးရဲ့နှုတ်ခမ်းကို လက်ချောင်းလေးနဲ့ အသာထိမိလိုက်ချိန် ရေငတ်သလို ခံစားလိုက်ရတော့တယ်။

အလင်းနတ်ဘုရားက လူငယ်လေးကိုစိုက်ကြည့်နေရာကနေ မျက်လုံးမလွှဲဘဲ ဝိုင်ကို ခွက်ထဲလောင်းထည့်ပြီး သောက်ချလိုက်ပေမယ့် ရေငတ်တာက ပြေမသွားဘူး။ လည်ချောင်းတွေ ပိုခြောက်လာသလိုတောင် ခံစားလိုက်ရတယ်။

ကျိုးယွင်ရှန့်က ခမည်းတော်ရဲ့နှုတ်ခမ်းကိုကြည့်ရင်း နမ်းရှိုက်လိုက်တယ်လို့ စိတ်ကူးလိုက်မိတယ်။ ဒါပေမယ့် သူဒီလိုမလုပ်ဝံ့ဘူး။ သူက သတိလက်လွတ်နဲ့ ရှေ့ကို ခြေလှမ်းနည်းနည်း လှမ်းလာလိုက်ပြီး ရုပ်ထုရှေ့မှာ ဒူးထောက်ထိုင်လိုက်တယ်။ သူ့လက်ကို လေထဲခဏဆန့်တန်းထားပြီး တွေဝေနေတယ်။ နောက်ဆုံး သူ ဂရုတစိုက်နဲ့ ခြေတော်အစုံကို ထိတွေ့လိုက်ချိန် ပူနွေးနူးညံ့တဲ့အသားအရေကိုထိမိလို့ အလန့်တကြား နောက်ကို ခြေလှမ်းနှစ်လှမ်း ဆုတ်သွားလိုက်မိတယ်။ သူ ဘယ်လိုလုပ်ပြီး ညစ်ညမ်းတဲ့စိတ်နှလုံးနဲ့ ခမည်းတော်ရဲ့ခြေတော်စုံ၊ အသားအရေတော်ကို ထိတွေ့ဝံ့သလဲဆိုပြီး နောင်တရစိတ်နဲ့ ချက်ချင်း မြေပြင်ပေါ်လက်ထောက်လို့ နဖူးနဲ့မြေကြီးထိအောင် ဦးတိုက်ပြီး တောင်းပန်လိုက်မိတယ်။

ခမည်းတော်ကို နမ်းရှိုက်ချင်တယ်လို့ သူ ဘာကြောင့်တွေးမိတာလဲ..။ သူက မကောင်းတဲ့လူပဲ..။

အလင်းနတ်ဘုရားက လက်ထဲကဝိုင်ခွက်ကိုချလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားတယ်။ သူ့ရဲ့ကိုးကွယ်သူလေးက ဘာကြောင့်သူ့ကိုယ်သူ ဒီလောက်နှိမ်ချနေရတာလဲ။ ဒီအချက်က သူ့ကို မခံမရပ်နိုင်ဖြစ်စေတယ်။ ဒီကလေးက သူ့ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ အမြတ်နိုးရဆုံးကလေးဆိုတာ သူ့ကိုယ်သူ ဘာကြောင့်မသိနိုင်ရတာလဲ။

သူက ကလေးလေးရဲ့ကိုယ်ထဲ အလင်းစွမ်းအင်ထည့်ပေးလိုက်ပြီး သူ့ကိုယ်သူအပြစ်တင်တာ ရပ်တန့်ဖို့နဲ့ အတွင်းစိတ်ကြောက်ရွံ့နေတာကနေ သက်သာအောင် လုပ်ပေးမလို့ရှိနေတုန်း ကောင်လေးက သူခိုးလေးတစ်ယောက်လို ခိုးကြောင်ခိုးဝှက်နဲ့ ရှေ့ကိုလှစ်ခနဲတိုးလိုက်ပြီး သူ့ခြေအစုံကို ဖြတ်ခနဲခိုးနမ်းလို့ ခန်းမထဲကနေ လေအလျင်လို ပြေးထွက်သွားတော့တယ်။

သူ့ခြေဖမိုးပေါ် လိပ်ပြာတစ်ကောင် ဖြတ်ခနဲနားသွားသလို ခံစားချက်ကြောင့် အလင်းနတ်ဘုရားရဲ့တစ်ကိုယ်လုံး ပူနွေးလာခဲ့တယ်။ သူ့မျက်နှာအမူအယာကို အခြားသူတွေမမြင်ရအောင် ဖုံးကွယ်ထားခဲ့ပေမယ့် သူ့နားရွက်က တဖြည်းဖြည်း ရဲရဲနီလာတော့တယ်။

"ငါ့ကလေးလေး.. ဘယ်လိုတောင် ချစ်စရာကောင်းနိုင်ရတာလဲကွာ.."

အလင်းနတ်ဘုရားက ခြေဖမိုးနေရာကို အသာထိလိုက်ပြီး ပျော်ရွှင်စွာနဲ့ ဆက်တိုက်ရယ်မောလိုက်သံက ခန်းမတစ်ခုလုံး ပျံ့နှံ့သွားတော့တယ်။

ကျိုးယွင်ရှန့်က သူ့အိပ်ခန်းထဲပြေးပြီး အိပ်ယာထဲတိုးဝင်လို့ စောင်အောက်မှာ ကိုယ်ကိုပုန်းကွယ်လို့နေတယ်။ ခမည်းတော်ရဲ့ခြေအစုံကို ခိုးနမ်းလိုက်ရလို့ ဖြစ်လာတဲ့ပီတိက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းနေပြီး တိမ်ထဲလွင့်မျောနေသလို နှစ်နာရီတိတိ မလှုပ်မယှက် ငြိမ်ပြီးနေလိုက်တယ်။ ၂နာရီကြာလို့ သူ့ပင်ကိုယ်စိတ် ပြန်ရလာတော့ အိပ်ယာထဲကခုန်ထပြီး ရေပူစမ်းထဲ အဝတ်မချွတ်နိုင်ဘဲ ဝုန်းခနဲ ခုန်ဆင်းလိုက်တော့တယ်။

Fuck ပဲ.. မင်းကိုယ်မင်း ဖုတ်ပြီးကာစ ကိတ်မုန့်နွေးနွေးလေးလိုများ သဘောထားပြီး ဒီနတ်ဘုရားကို ပူဇော်ပသနေလား.. ဒီရုပ်ထုကြီးကို မျက်လုံးမလွှဲတမ်း စိုက်ကြည့်နေတယ်တဲ့လား.. ဒီရုပ်တုရဲ့ခြေဖမိုးကို နမ်းရှိုက်ခဲ့တယ်တဲ့လား.. သေလိုက်ပါတော့ ရှန့်ရာ.. မင်း နည်းနည်းလေးတောင် အရှက်သိက္ခာ မရှိတော့ဘူးလား..

သူ့စိတ်ထဲက ဆင်ခြင်တုံတရားရှိတဲ့ စိတ်လေးက ဒီအရူးချီးပန်းလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချလို့နေတယ်။ အချစ်ရူးရှန့်က ဒီလိုရှက်စရာငတုံးလုပ်ရပ်တွေ မရှက်မကြောက်လုပ်လိမ့်မယ်ဆိုတာ သူလုံးဝမသိခဲ့ဘူး။ ကျိုးယွင်ရှန့်က ရေပူထဲနစ်သွားပြီး ပေါလောမျောတဲ့အထိ အကြာကြီးနေလိုက်တယ်။ အဲ့ဒီနောက် သူ့လက်ညှိုးကိုညွှန်လိုက်တော့ သန့်စင်တဲ့ ရွှေရောင်အလင်းစွမ်းအင်တွေ ထွက်လာတာတွေ့လို့ သူ့ဒေါသကိုဖောက်ခွဲဖို့ ဒါကိုသုံးလိုက်တယ်။ သူက ရေပူစမ်းထဲ ပက်လက်မျောနေရင်း လက်ညှိုးထိုးလိုက်တော့ အလင်းစွမ်းအင်တွေ ထိုးထွက်သွားပြီး ရေချိုးခန်းမျက်နှာကျက်မှာ အလင်းရောင်တွေ တောက်ပလို့လာတယ်။ အလင်းနဲ့ထိတွေ့မိရာတိုင်းမှာ အက်ကြောင်းတွေဖြစ်လာတယ်။ ဒီအလင်းစွမ်းအင်တွေ ထုတ်လိုက်ပေမယ့် သူ့ကိုယ်ထဲ ပြန်ပြန်ပြည့်လာပြီး မကုန်နိုင်သလို ခံစားရတယ်။

နဝမကောင်းကင်ဘုံက အလင်းနတ်ဘုရားက ဒီမြင်ကွင်းကိုတွေ့တော့ အံ့အားသင့်သွားတယ်။ ဒီလိုအလင်းစွမ်းအား အလိုလျောက်ပြန်ပြည့်နိုင်တာ ဒီလောကမှာ သူကလွဲရင် ဘယ်သူမှမရှိဘူး။ ခုတော့ သူ့ချစ်သူလေးမှာ ဒီလိုစွမ်းအားပိုင်ဆိုင်တာ တကယ်ကိုထူးခြားတာပဲ။ ဒီဖြစ်ရပ်က လွန်ခဲ့တဲ့နှစ်ထောင်ချီ အလင်းဘုန်းကြီးတွေ စွမ်းအားကြီးချိန်မှာတောင် မကြုံဖူးခဲ့တဲ့ ဖြစ်ရပ်တစ်ခုပဲ။ အလင်းနတ်ဘုရားက ဒီကလေးဒေါပွနေတာကို သဘောကျစွာ ရယ်မောလိုက်ပေမယ့် ကြာတော့ ဒီကလေး တစ်ခုခုထိခိုက်မှာကို စိုးရိမ်လာတယ်။ သူ့ချစ်သူလေးကို ဒီလိုဖြစ်အောင်လုပ်တဲ့ လက်ထောက်ပုပ်ရဟန်းမင်းကိုပဲ အပြစ်တင်လိုက်တော့တယ်။

ကောင်းကင်ဘုံနဲ့ မြေပြင်ကြား ဒီလိုမျိုး လက်ထောက်ပုပ်ရဟန်းမင်းကို နေစရာမရှိအောင် အထူးလုပ်လေ့တော့ မရှိကြပေမယ့် အလင်းနတ်ဘုရားရဲ့ရုပ်သွင်ကို ပြသပြီးချိန် စော်ကားမှုလုပ်ခဲ့တယ်လို့ နှုတ်မိန့်ထုတ်ပြီး ဒီလူကိုမောင်းထုတ်လိုက်ချိန် ဒီကုန်းမကြီးမှာ သူ့ကိုလက်ခံရဲတဲ့နေရာ မရှိတော့ဘူး။ နောက်ဆုံး လက်ထောက်ပုပ်ရဟန်းမင်းရဲ့ တစ်ခုတည်းသောခိုလှုံရာကတော့ အမှောင်ချောက်ကြီးထဲက အမှောင်သခင်လက်အောက်မှာပဲ ရှိတော့တယ်။

ကနေ့ဖြစ်ရပ်ကနေ ကျိုးယွင်ရှန့်က အကျိုးကျေးဇူးတွေ အများကြီးရလိုက်တယ်။ ဇာတ်ကောင်တွေကြား ခွန်အားကို နှိုင်းယှဉ်မကြည့်ရလို့ မသိနိုင်ပေမယ့် အရင်ဂျိုရှုဝါရဲ့မှတ်ဥာဏ်အရ အလင်းစွမ်းအားဆိုတာ နတ်ဆိုးကိုမောင်းထုတ်နိုင်သလို ဒဏ်ရာလည်းရစေလို့ အလင်းစွမ်းအားခိုင်မာအောင် ကြိုးစားဖို့လိုတယ်ဆိုတာတော့ သိလိုက်တယ်။ ဒါပေမယ့် သူလက်ရှိပိုင်ဆိုင်တဲ့ အလင်းစွမ်းအင်ကို ဒီတိုက်မကြီးမှာ ဘယ်အလင်းဘုန်းကြီးမှ မပိုင်ဆိုင်ဖူးတာတော့ သူမသိဘူး။

အရင်ဇာတ်လမ်းအရ ဘိုးလ်က ဂျိုရှုဝါရဲ့ပုခုံးကို ညွှန်လိုက်ပြီး ဒဏ်ရာရအောင်လုပ်လိုက်ပြီး သူ့ကို လူတိုင်းကိုးကွယ်ကြတာကို သတိရလိုက်တယ်။ ဘိုးလ်က နှစ်ထောင်ချီအတွင်း အစွမ်းအထက်ဆုံး အလင်းဘုန်းကြီးဆိုတာ သံသယရှိစရာမလိုဘူး။

ခုချိန်မှာ ဇာတ်ကြောင်းကို ကျိုးယွင်ရှန့် အလွယ်လေးပြောင်းအောင် လုပ်လိုက်နိုင်တယ်။ သူနဲ့ဇာတ်လိုက်ကြားက စွမ်းအားက ကွာခြားမှုသိပ်ရှိတော့မှာမဟုတ်လို့ သူ့ဘာသာတောင် ကာကွယ်နိုင်လောက်ပြီ။ ခုလိုစွမ်းအားကြီးလာတာကလည်း အချစ်ရူးရှန့်က အလင်းနတ်ဘုရားကို ချစ်ခင်ကိုးကွယ် ဆုတောင်းလို့ပဲဖြစ်တယ်။ သူသာ အလင်းနတ်ဘုရားကို မကိုးကွယ်မယုံကြည်ရင် ဒီလိုစွမ်းအားကို ရမှာမဟုတ်ဘူး။

ကောင်းပြီ..။ ဒီလိုပဲဆက်လုပ်ကြတာပေါ့။ ဘာဖြစ်ဖြစ် အားလုံးက လုပ်ရကျိုးနပ်ပါတယ်။

ကျိုးယွင်ရှန့်က နေ့တိုင်းနေ့တိုင်း ရှေ့ဆက်နိုင်ဖို့ သူ့ဘာသာပြန်ပြီး နှစ်သိမ့်နေရတယ်။ သူ့စိတ်အခြေအနေကောင်းလာတော့မှ ကျိုးယွင်ရှန့်က ရေပူစမ်းထဲကထွက်လာပြီး သူ့ကိုယ်ပေါ်ကရေစက်တွေကို သုတ်သင်လိုက်တယ်။ ပြီးတော့ ရေချိုးခန်းဝတ်ရုံကို ကောက်ဝတ်လိုက်ပြီး အိပ်ခန်းဘက်ကို ဆံပင်ရေစက်လက်နဲ့ ဝင်လာပြီး အိပ်ယာထဲဝင်ခါနီး တံခါးခေါက်သံကြားလို့ ဖွင့်ပေးလိုက်တယ်။

ပုပ်ရဟန်းမင်းကြီးက အခန်းထဲဝင်လာတော့ ဂျိုရှုဝါက ရေချိုးပြီးကာစဖြစ်လို့ ပါးလွှာတဲ့ရေချိုးခန်းဝတ်ရုံက ရေတွေနဲ့ကပ်နေပြီး သေးသွယ်ကျစ်လျစ်တဲ့ကိုယ်လေးကို မြင်ယောင်စေပြီး သူ့ရုပ်ရည်လေးက သန့်ရှင်းလတ်ဆတ်လို့ သာမန်ထက် ထူးကဲတဲ့ခံစားမှုကို ရလိုက်တယ်။ ဒါပေမယ့် ပုပ်ရဟန်းမင်းက ဂျိုရှုဝါကို ကြာကြာစိုက်မကြည့်နိုင်ဘူး။ မျက်လုံးက စူးအောင့်နာကျင်လာလို့ ချက်ချင်းအကြည့်လွှဲလိုက်ရတယ်။

ပုပ်ရဟန်းမင်းက ချောင်းဟန့်ပြီး ပြောလိုက်တယ်။

"ငါ့သား.. ခမည်းတော်က လက်ထောက်ပုပ်ရဟန်းကို ဒီတိုက်မကြီးကနေ မောင်းထုတ်လိုက်ပြီး ငါ့သားအတွက် တရားမျှတအောင် လုပ်ပေးခဲ့ပြီ.. ဒါကြောင့် မနက်ဖြန် ခမည်းတော်ကို ကျေးဇူးတင်စကားပြောဖို့ သတိမမေ့နဲ့.."

ပုပ်ရဟန်းမင်းရဲ့စကားသံ ဆုံးသွားတော့ မျက်လုံးထဲက စူးအောင့်နာကျင်မှုလည်း ပျောက်သွားတော့တယ်။ ပုပ်ရဟန်းမင်းက ခမည်းတော်ရဲ့ ပိုင်ဆိုင်လိုစိတ် ပြင်းထန်မှုကို အံ့အားသင့်သွားမိတယ်။ ဒီကလူသားတွေအတွက် အရမ်းကိုလေးနက်လွန်းတဲ့ ချစ်ခြင်းတစ်ခုမဟုတ်လား။ ဒီလူငယ်လေးက ခမည်းတော်ရဲ့ ကြီးမားတဲ့ ပိုင်ဆိုင်လိုစိတ်ပြင်းတဲ့ ချစ်ခြင်းကို ရရှိထားတာပဲ။ ပုပ်ရဟန်းမင်းကြီးက ဘာမှဆက်မတွေးဝံ့တော့ဘဲ လူငယ်လေးကိုနှုတ်ဆက်ပြီး အမြန်ထွက်လာတော့တယ်။

ကျိုးယွင်ရှန့်က ဒီအချက်ကို ခေါင်းထဲမထည့်ဘူး။ ပုပ်ရဟန်းမင်း သတိမပေးရင်တောင် အချစ်ရူးရှန့်က မနက်လင်းတာနဲ့ ဆုတောင်းခန်းမထဲ ဝပ်တွားပြီး ခမည်းတော်ကိုချစ်ကြောင်း ရွတ်ဖတ်ပြောဆိုပြီး ခြေအစုံကိုပွေ့ပိုက်လို့ နမ်းရှိုက်မှာသေချာတယ်။ သူ့ရဲ့ဥာဏ်ကောင်းသမျှအားလုံးတော့ အကုန်ကုန်တာပါပဲ။

သူက အိပ်ယာထဲလှိမ့်ဝင်လိုက်ပြီး ဖက်လုံးကိုဖက်လို့ အိပ်မောကျသွားတော့တယ်။ ကနေ့ အိပ်ယာက ဘာကြောင့်ပူနေတာလဲ။ နဂါးအငွေ့မှုတ်နေသလို ခံစားနေရတယ်။

လက်ထောက်ပုပ်ရဟန်းမင်းကို ဒီတိုက်မကြီးက မောင်းထုတ်လိုက်တဲ့ သတင်းဆိုးက ဆာဂါတိုင်းပြည်တစ်ခုလုံး ပျံ့သွားတယ်။ ဒါဆို ဆာဂါပြည်မှာ အလင်းဘုန်းကြီးနှစ်ပါးပဲ ကျန်နေပြီး အမှောင်နတ်ဆိုးတွေတိုက်လာရင် ကာကွယ်ဖို့ အလင်းစက်ဝိုင်းကိုဖန်တီးဖို့ အင်အားမလုံလောက်နိုင်တော့ဘူး။ ဒါကြောင့် ဆာဂါပြည်ကိုကာကွယ်ဖို့ အခြားတိုင်းပြည်ကို ရွှေငွေရတနာတွေ အများကြီးပေးပြီး အလင်းဘုန်းကြီးတစ်ပါး တောင်းဆိုရင် တိုင်းပြည်ဘဏ္ဍာတွေလျော့ပါးပြီး အာဏာကြီးတဲ့တိုင်းပြည်အဆင့်က လျော့ကျသွားနိုင်တယ်။ ဒီလိုမျိုးလည်း ဆာဂါဘုရင်က အဖြစ်မခံနိုင်ဘူး။ ဒါကြောင့် သူက ပုပ်ရဟန်းမင်းကိုတွေ့တော့ စိတ်ပူစွာ ထုတ်မေးလိုက်တယ်။

"မင်းကြီး.. ဘာမှမပူပါနဲ့.. ဂျိုရှုဝါရဲ့အလင်းစွမ်းအင်က ဆာဂါတစ်ပြည်လုံးကို ကာကွယ်ပေးနိုင်တဲ့အထိ ခိုင်မာပါတယ်.. နှစ်ထောင်ချီအတွင်း စွမ်းအင်အမြင့်ဆုံး အလင်းဘုန်းကြီးတစ်ပါး ဖြစ်လာမှာကျိန်းသေပါတယ်.."

"ဂျိုရှုဝါရဲ့စွမ်းရည်က သာမန်လောက်ပဲရှိတယ်မဟုတ်လား.. ဘယ်လိုလုပ် သူ့စွမ်းအင်က ဆာဂါပြည်ကို ကာကွယ်နိုင်မှာလဲ.. ပုပ်ရဟန်းမင်းကြီး.. ဒီဟာက သေကောသေချာရဲ့လား.."

ခမည်းတော်ရဲ့အပြစ်ပေးခြင်းကို နှစ်ခါတိတိကြုံလိုက်ရတဲ့ ပုပ်ရဟန်းမင်းက ဂျိုရှုဝါကို ခမည်းတော် ဘယ်လောက်နှစ်သက်တယ်ဆိုတာ သေချာသိတယ်။ ဒါကြောင့် ဂျိုရှုဝါရဲ့အလင်းစွမ်းအားကို လုံးဝယုံကြည်နေတယ်။

"မင်းကြီး.. သူ့ရဲ့ရုပ်သွင်၊ သူ့ရဲ့ဆံပင်အရောင်ကို သတိပြုမိပါရဲ့လား.."

ပုပ်ရဟန်းမင်းက ဂျိုရှုဝါ ဘာကြောင့် ခမည်းတော်ရဲ့ချစ်ခင်ခြင်းကို ရတယ်ဆိုတာ မင်းကြီးသတိရစေဖို့ အရိပ်မြွက်ပြောလိုက်တယ်။ မင်းကြီးက ချက်ချင်းသဘောပေါက်သွားတယ်။

"ကောင်းပြီ.. ပုပ်ရဟန်းမင်းကြီးခန့်မှန်းသလို ဖြစ်လာဖို့ မျှော်လင့်ပါတယ်.. ဒါဆို ကျုပ်တို့ခါတိုင်းလုပ်နေကျ အလင်းစွမ်းအင်ရှိတဲ့ကလေးတွေ စုဆောင်းတာ လုပ်တော့မယ်.. အသက်၃နှစ်သားထိစောင့်တာ နောက်ကျတယ်ထင်လို့ တစ်နှစ်သားလေးကတည်းက အလင်းစွမ်းအင်ရှိ မရှိ စစ်ဆေးမယ်.. ရှိတဲ့သူကိုခေါ်ဆောင်ပြီး ၁၈ နှစ်အထိ ပြုစုပျိုးထောင်ပေးကြဖို့ ရည်ရွယ်ထားတယ်.."

"ကောင်းတယ်.. လုပ်လိုက်ပါ.. ဆာဂါပြည်အတွက် အလင်းဘုန်းကြီးတွေ ပိုလိုအပ်နေတယ်.."
သူတို့ဆွေးနွေးပွဲပြီးတော့ ဒုတိယမင်းသား ခရီးလှည့်တဲ့ကိစ္စကို ရောက်သွားတယ်။ လက်ထောက်ပုပ်ရဟန်းမင်း မောင်းထုတ်ခံရတော့ လိုက်ပါမယ့်အလင်းဘုန်းကြီးရယ်လို့ လက်ရှိပုပ်ရဟန်းမင်းနဲ့ ဂျိုရှုဝါပဲကျန်တော့တယ်။ ပုပ်ရဟန်းမင်းက ခရီးလှည့်ဖို့ အိုလွန်းနေပြီ။ ဒါဆို ဂျိုရှုဝါပဲကျန်တော့တယ်။ သူက လတ်တလော အလင်းနတ်ဘုရားရဲ့ ချစ်ခင်မှုကိုရထားလို့ ခမည်းတော်ရဲ့စောင့်ရှောက်မှုအောက်မှာ ရှိနေတယ်။ သူသွားရင် နတ်ဆိုးတွေက ထိနိုင်မှာမဟုတ်ဘူး။

"ဂျိုရှုဝါကို ဒုတိယမင်းသားနဲ့ ခရီးထွက်ခိုင်းရအောင်.."

ပုပ်ရဟန်းမင်းကြီးက ပြောလိုက်ပေမယ့် စကားသံထွက်မလာလို့ မင်းကြီးက ထပ်မေးလိုက်တယ်။

"ပုပ်ရဟန်းမင်း ဘာပြောလိုက်တာလဲ.."

သူ့စကားတွေကို ဆက်မပြောနိုင်အောင် ခမည်းတော်ကပိတ်ပင်လိုက်တာကို ပုပ်ရဟန်းမင်းသိလိုက်တယ်။ ခမည်းတော်ရဲ့လုပ်ရပ်တွေကို သူမပြောမိပါဘူး။ သူ့စကားထဲ ဘာအမှားပါသွားလို့လဲ။ ကြည့်ရတာ ဂျိုရှုဝါကို ဘုရားကျောင်းကနေ မထွက်စေချင်ဘူးထင်တယ်။

သူက ခုနကစကားကို ထပ်ပြောပေမယ့် စကားသံထွက်မလာဘူး။ ဒါကြောင့် သူက သက်ပြင်းရှိုက်လိုက်ပြီး ပြောလိုက်တယ်။

"ဒုတိယမင်းသားနဲ့အတူ ကျုပ်လိုက်ပါသွားပါရစေ.."

မင်းကြီးက ပုပ်ရဟန်းမင်းရဲ့အတွေ့ကြုံနဲ့ စွမ်းရည်ကို ပိုယုံကြည်လို့ လက်ခံလိုက်တယ်။

ပုပ်ရဟန်းမင်းက ဒုတိယမင်းသားနဲ့အတူ ခရီးလှည့်လည်ဖို့ မင်းကြီးနဲ့ ပြောဆိုနေချိန် ကျိုးယွင်ရှန့်က ကိုယ်ပေါ်ကို ဝတ်ရုံထပ်လိုက်ပြီး ဆုတောင်းခန်းမကို ထွက်လာခဲ့တယ်။ ခန်းမအပြင်ဘက်မှာ လူရှိ မရှိ စစ်ဆေးကြည့်ပြီးမှ ခန်းမတံခါးကို သော့ခတ်လိုက်တယ်။ ပြီးတော့ ခမည်းတော်ရဲ့ ရုပ်တုကို တဆတ်ဆတ်တုန်ယင်တဲ့ နှလုံးသားနဲ့ ငေးကြည့်နေမိတယ်။ ကျိုးယွင်ရှန့်က ရုပ်တုခြေရင်းမှာ ဝပ်ဆင်းလိုက်ပြီး ခြေဖမိုးပေါ် ပါးကို အသာအပ်လိုက်တယ်။ ပြီးတော့ တီးတိုးပြောလိုက်တယ်။


" ခမည်းတော်ဘုရား... သားတော် ခမည်းတော်ရှေ့ကို ရောက်နေပေမယ့် ခမည်းတော်ရဲ့ ခြေဖမိုးတစုံကနေ ခံစားမိတဲ့ ခမည်းတော်ရဲ့ ခန္ဓာကိုယ်အပူချိန်ကို တိတ်တိတ်လေး ခံစားကြည့်နေချင်ပြီး ဘုန်းကြီးတပါးလုပ်သင့်တဲ့ ခမည်းတော်ကို ရှိခိုးပြီး ဆုတောင်းနေတာကို မလုပ်ချင်ဘူး ဖြစ်နေမိတယ်။ သားတော်ရဲ့ တာဝန်ပျက်ကွက်တာဖြစ်လို့ သားတော်မှားတယ်ဆိုတာ သိပါတယ်။ နောက်တခါဆိုရင် သားတော် လိမ်လိမ်မာမာနဲ့ ဒူးထောက်ပြီး ဆုတောင်းပါ့မယ်။ ဘုန်းကြီးတပါးလုပ်ရမယ့် တာဝန်ကို ပျက်ကွက်လို့  အမှောင်နတ်ဆိုးဆီကို ကူးပြောင်းသွားပြီး သားတော်ကို အကောက်ကြံလို့ လက်ထောက်ပုပ်ရဟန်းမင်း ခမည်းတော် အပြစ်ပေးလိုက်တာကို သားတော်သိလိုက်ရပါတယ်။  ခမည်းတော် သူ့ကို အပြစ်ပေးလိုက်တာက သားတော်ကိုချစ်လို့  လုပ်တယ်လို့ သားတော်မှတ်ယူလို့ရလား ခမည်းတော် "

ကျိုးယွင်ရှန့်က ပြုံးလိုက်ပြီး ရုပ်တုရဲ့ မျက်နှာကို လက်နဲ့ အသာလေး ပွတ်ပြီး မေးလိုက်တယ်။

နူးညံ့ထွေးနွေးတဲ့ အထိတွေ့လေးက ရုပ်တုကနေတဆင့် အလင်းနတ်ဘုရားဆီကို ရောက်ရှိသွားတယ်။ ဒီအထိတွေ့လေးက သူ အမြဲစောင့်ကြည့်နေတဲ့ လူငယ်လေးဆီက လာတာဖြစ်ပြီး စိတ်ကူးယဉ်ဖူးတာထက် ပြောမပြလောက်အောင်ကို စိတ်ကို ကြည်နူးစေတယ်။ ဒီအထိတွေ့ကြောင့် အလင်းနတ်ဘုရားက အရမ်းကို ပျော်ရွှင်လာပြီး လောဘလည်း ထပ်ထပ်တက်လာတယ်။ ဒီအထိတွေ့ကို ရုပ်တုကနေ မဟုတ်ပဲ ဘာကြောင့် တကယ့်လူသားလေးဆီက မရနိုင်ရမှာလဲ။ ဒီကလေးက သူ့ခြေရင်းမှာ ဝပ်ဆင်းပြီး သူ့ကို ပွေ့ဖက်ပွတ်သပ်နေတာမျိုးကို ပိုလိုချင်လာမိတယ်။

ဒီကလေးလေးကို သူ့လက်မောင်းကြားပွေ့ဖက်ပြီး ရင်ခွင်ထက်မှာ တင်ထားချင်တယ်။ အရာအားလုံးကနေ ကာကွယ်ပေးချင်တယ်။ လူ့ပြည်ကို ပြန်မလွတ်ပဲ သူနဲ့ အတူ တခါတည်း ခေါ်ထားလိုက်ချင်တယ်။ ဒါပေမယ့် သူ ဒီလိုလုပ်ရမှာ တကယ်ကို ကြောက်နေမိတယ်။ ဒီ လူငယ်လေးက နူးညံ့လွန်းတယ်။ ကိုယ်ရော စိတ်ရော နူးညံ့ပြီး ထိခိုက်လွယ်တယ်။ ဒါ့အပြင် သူက ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တတ်တဲ့ သူ မဟုတ်ဘူး။ တကယ်လို့ ဒီကလေးနဲ့ အတူနေမိလို့ သူ့ရဲ့အခြားဘက်တွေ့သွားရင် ဘယ်လိုလုပ်မလဲ။

ကလေးလေး သူ့ကို စိတ်ပျက်သွားမလား၊ အံ့သြသွားမလား၊ ဒါမှမဟုတ် မုန်းတီးရွံ့ရှာသွားမလား။

ဒီအတွေးက အလင်းနတ်ဘုရားရဲ့ရင်ကို အပြင်းထန်လာကျင်လာစေတယ်။ ဒီလို အတွေးကို မတွေးပဲ မနေနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အမှောင်ခြမ်းက အရမ်းကို ပြင်းထန်လွန်းတာကိုး။ သူက ဒီအတွေးကြောင့် မပျော်မရွင်ဖြစ်ပြီး မျက်မှောင်ကြုတ်စဉ်းစားနေဆဲမှာ လူငယ်လေးက သူ့ရုပ်တုရင်ခွင်ထဲ ကွေးကွေးလေး အိပ်ပျော်သွားခဲ့တယ်။ သူ့ရဲ့နူတ်ခမ်းအစုံက တွန့်ကွေးနေပြီး ပြုံးလို့နေတယ်။

အလင်းနတ်ဘုရားက သူ့ရုပ်တုနေရာ အစားဝင်လိုက်ပြီး ကလေးလေးရဲ့ ဆံပင်ကို နူးနူးညံ့ညံ့ပွတ်သပ်ပေးရင်း ချစ်ခင်မြတ်နိုးစွာ စိုက်ကြည့်နေမိတယ်။ ဒီိလိုမျိုးနေထိုင်ရင်း ဒီကလေးလေး အရွယ်ရောက်လာတာကို သူ စောင့်ကြည့်နိုင်တယ်လို့ တွေးနေလိုက်တယ်။

ကျိုးယွင်ရှန့်က နေ့ခင်းအခါမှာ အချစ်ရူးရှန့်အဖြစ် ညအခါဆိုရင် စဉ်းစားဥာဏ်ကောင်းတဲ့ ရှန့်အဖြစ်နေထိုင်ရင်း နှစ်နှစ်တိတိ ကိုယ်ပွားစိတ်နဲ့ ရှင်သန်လာခဲ့တယ်။ နေ့တိုင်းနေ့တိုင်း အလင်းနတ်ဘုရားဆီက အလင်းစွမ်းအင်ထည့်သွင်းပေးမှုကြောင့် သူ့ကိုယ်နဲ့သွေးသားတွေက အစွမ်းကုန် သန့်စင်နေပြီး လူသားကနေ နတ်ဘုရားအဆင့်ကို ရောက်နေတာကို သူ သတိမထားမိလိုက်ဘူး။

 ဒီကမ္ဘာ့ ရဲ့ အဓိက ဇာတ်ဆောင် ဘိုးလ် နဲ့ ကုန်းမြေပေါ်က နိုင်ငံပေါင်းချုပ်ရဲ့ ပုပ်ရဟန်းမင်းက သူတို့တိုင်းပြည်ကို ကြွလာတော့ ကျိုးယွင်ရှန့်က ဘုရင်နဲ့ အခြားနောက်လိုက်တွေကို ခြံရံပြီး သူတို့ ကို အလင်းဘုရားကျောင်းကနေ ကြိုဆိုလိုက်တယ်။

=========================

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now