FOD Extra 2 _ Chapter (3) - Yu Cang Hai

3.6K 450 3
                                    

FOD Extra 2 _ Chapter (3) - Yu Cang Hai

သူတော်စင်ဘုန်းကြီးက သူ့အ၀တ်မှာစွန်းပေသွားတဲ့သွေးတွေကိုကြည့်ပြီး မျက်မှောင်ကျုတ်လိုက်တယ်။

လူတစ်ဒါဇင်ထက်ပိုတဲ့ လူသတ်သမားတွေကကျိုးယွင်ရှန့်နားကို ချဉ်းကပ်လာရင်း ၀တ်ရုံဖြူဆင်မြန်းထားတဲ့ သူတော်စင်ကိုတွေ့တော့ထိတ်လန့်အံ့အားသင့်ပြီး မျက်လုံးပြူးသွားကြတယ်။ သူတို့အားလုံး ဒီသူတော်စင်ရဲ့ ဂုဏ်သတင်းကိုသေချာကြားသိထားကြတယ်။ ရှောင်လင်ဂိုဏ်းချုပ်ကြီးရဲ့ ပထမတပည့်ကြီး ဇီရွှမ်က ပြည်မလောကတစ်ခုလုံးမှာမသိသူမရှိအောင် ကျော်ကြားသူတစ်ယောက်ဖြစ်တယ်။

ဇီရွှမ်က မွေးကတည်းက သန့်စင်ယန်ခန္ဓာနဲ့မွေးဖွားလာသူဖြစ်ပြီး အသက်သုံးနှစ်သားကတည်းက ရှောင်လင်ဂိုဏ်းကို ရောက်ရှိလာခဲ့တယ်။ရှောင်လင်ဂိုဏ်းက Tan Zong Dafa ပညာကို အသက်သုံးနှစ်သားကနေ ဆယ့်ငါးနှစ်သားအထိ သင်ယူလေ့ကျင့်ပြီးအထွတ်ထိပ်ကို ရောက်ရှိခဲ့တယ်။

သူ အသက် (၂၆)နှစ်ကိုရောက်တော့ သူ့သိုင်းပညာကပြိုင်ဖက်ကင်းအဆင့်ကို ရောက်ရှိခဲ့တယ်။ Tian Shan ကျောင်းအုပ်ကြီးရဲ့သား နံပါတ်တစ်သိုင်းအကျော်အမော် Xiao Yao ကို သူက လက်တစ်ဖက်တည်းနဲ့ အနိုင်ယူလိုက်နိုင်တယ်။ သူနဲ့တိုက်အပြီးမှာXiao Yao က အိပ်ယာထဲ လအတော်ကြာ လဲသွားပြီး သိုင်းပညာတစ်ဝက်လောက် ပျက်စီးသွားခဲ့တယ်။အဲ့ကတည်းက ဇီရွှမ်ရဲ့ တကယ့်အဆင့်က ဘယ်လောက်ရှိသလဲဆိုတာ လူတိုင်း သတိထားမိသွားကြတယ်။

တကယ်လို့ ဒီလိုတော်ထက်လှတဲ့ သူတော်စင်သာယွီချန်းဟိုင်ရဲ့အသက်ကို ကယ်ချင်တယ်ဆိုရင် သူ့ကို ဘယ်သူမှ တားဆီးနိုင်မှာမဟုတ်ဘူး။

လူသတ်သမားအဖွဲ့ရဲ့ခေါင်းဆောင်က အရမ်းကိုထိတ်လန့်သွားပြီး သူ့ပါးစပ်ကို ဖြည်းညင်းစွာဖွင့်ပြီး ပြောလိုက်တယ်။

"ဒီလူက နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်သခင်ဖြစ်ပြီးအခုတလော လူပေါင်းများစွာကို သတ်ဖြတ်သွားတဲ့ လူသတ်သမားတစ်ယောက်ပါ.. အပြစ်မဲ့ပြီး အသတ်ခံလိုက်ရတဲ့သူတွေအတွက်တရားမျှတမှုကိုယူပေးဖို့ သူ့ရဲ့ခေါင်းကို ဖြတ်ယူခဲ့ရမယ်လို့ ကျွန်တော်တို့ကို အမိန့်ပေးထားပါတယ်..ဆရာသခင်က ကျွန်တော်တို့အလုပ်ကို လွယ်ကူအောင် လုပ်ပေးမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျား.."

သူတို့က ဒီသူတော်စင်က မကောင်းဆိုးဝါးဂိုဏ်းချုပ်ကိုသနားပြီး ကယ်တင်သွားမှာကိုကြောက်လို့ ဒီလူက ဘယ်သူဖြစ်တယ်ဆိုတာကို အသေးစိတ် ရှင်းပြလိုက်တာဖြစ်တယ်။

အနက်ရောင်ဝတ်စုံဝတ်ထားတဲ့လူတွေ ရှင်းပြတဲ့စကားကိုသေချာနားထောင်ရမယ့်အစား ဇီရွှမ်ရဲ့စိတ်အာရုံတစ်ခုလုံးက သူ့ခြေကျင်းဝတ်ကို ဆုပ်ကိုင်ထားတဲ့လူဆီရောက်နေတယ်။ သူရုန်းလိုက်တာတောင် သူ့ခြေကျင်းဝတ်ကို ဆုပ်ကိုင်ထားတဲ့လက်ချောင်းတွေကပြေလျော့မသွားဘူး။ သူ့အသက်ကို ကယ်နိုင်တဲ့ နောက်ဆုံးကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ထားသလိုတင်းကျပ်စွာ ဆုပ်ကိုင်ထားတာကို တွေ့လိုက်ရတယ်။

ဇီရွှမ်ရဲ့မျက်ဝန်းထဲမှာ ရှုပ်ထွေးတဲ့ခံစားချက်တွေနဲ့ပြည့်လာပြီး သူ့ရင်ကို မလှုပ်ခါဘဲ မနေနိုင်တော့ဘူး။ သူက ငယ်စဉ်ကတည်းက တရားဓမ္မကို လက်တွေ့လေ့ကျင့်လာခဲ့သူဖြစ်ပြီးသူ့ရင်ထဲမှာ လောဘ၊ ဒေါသ၊ မောဟ၊ တပ်မက်ခြင်း၊ ဆန္ဒ၊ ရာဂ စတဲ့အရာတွေ ဘာမှမကပ်ငြိအောင်ဖယ်ရှားခဲ့ပြီးဖြစ်တယ်။ ဒီလိုလေ့ကျင့်ခဲ့ရာကနေ သူက ဗုဒ္ဓတရားကို သေချာနားလည်လာပြီး အညစ်အကြေးမကပ်ငြိနိုင်တဲ့ကိုယ်ဖြစ်အောင် တည်ဆောက်နိုင်ခဲ့တယ်။

အခုအချိန်မှာ သူ့ခန္ဓာကိုယ်က တစ်ခါမှမကြုံဖူးတဲ့အနွေးဓာတ်ကို ခံစားလာရပြီး တစ်ကိုယ်လုံး ပူလောင်လာသလိုပဲ။ သူ့ခြေကျင်းဝတ်ကို ဆုပ်ကိုင်ထားတဲ့ဒီလူရဲ့ အထိအတွေ့ကနေ အပူချိန်တွေက သူ့နှလုံးအိမ်မရိဒန်ထဲမှာ တစ်လက်မချင်း တစ်လက်မချင်းတိုးလာသလိုပဲ။

သူက ငုံ့ကိုင်းလိုက်ပြီး သူ့ကိုဆုပ်ကိုင်ထားတဲ့လက်ကိုမဖြုတ်ခင်လေးမှာ တွေဝေနေမိတယ်။ နောက် သူ့ကိုဆုပ်ကိုင်ထားတဲ့ လက်ငါးချောင်းကိုဖြုတ်ဖို့တစ်ဖက်လူရဲ့လက်ဖမိုးကို ထိလိုက်မိချိန်မှာပဲ သူ ရပ်တန့်သွားခဲ့တယ်။ ဒီလူရဲ့ လက်ကောက်ဝတ်ကသွေးတွေစီးကျနေတယ်။ ဒီသွေးတွေက သူ့အ၀တ်တွေထဲကို စိမ့်ဝင်နေပြီး တစ်ကိုယ်လုံးကို တဖြည်းဖြည်းအပူချိန်တွေတိုးလာစေသလိုပဲ။ ဇီရွှမ်ခံစားလိုက်ရတာက ဒီဟာတွေက သွေးတွေမဟုတ်ဘူး၊ သူ့ကိုလောင်ကျွမ်းသွားစေမယ့် ချော်ရည်ပူတွေလို့ ခံစားလိုက်ရတယ်။ သူက တခဏရပ်တန့်သွားပြီး သူ့ကိုဆုပ်ကိုင်ထားတဲ့လက်တွေကိုဖြည်လိုက်တယ်။

"သူ့ပါးစပ်က ဖွင့်ဟပြီး ကယ်တင်ပေးဖို့တောင်းဆိုသွားတာဖြစ်လို့ ကိုယ်တော်က မကယ်တင်ဘဲ နေလို့မရဘူး.. တကယ်လို့ မင်းတို့ သူ့ကိုသတ်ချင်တယ်ဆိုရင် ကိုယ်တော် ထွက်သွားပြီးတဲ့နောက် ပြန်လုပ်လို့ရပါတယ်.."

နက်ရှိုင်းတဲ့အသံက သူတို့နားနား ကပ်ပြောသလိုကြားလိုက်ရချိန်မှာ ဘုန်းကြီးက လျှပ်စီးလက်သလို နောက်ကို ခုန်ဆုတ်သွားခဲ့တယ်။ လျှင်မြန်တဲ့ခြေလှမ်းစွမ်းရည်ကြောင့် မြေကြီးက ချုံ့လိုက်သလိုပဲ။ ဒီသူတော်စင်နဲ့ မကောင်းဆိုးဝါးဂိုဏ်းချုပ်အရှင်သခင်ကို ဘယ်သူမှ မဖမ်းနိုင်တော့ဘူး။

ခေါင်းဆောင်က အားလုံးကို ဆုတ်ခွာဖို့အချက်ပြပြီး ပြောလိုက်တယ်။

"ပြန်ပြီး သတင်းပို့ကြစို့.."

မုလွေ့လင်က ယွီချန်းဟိုင် (ကျိုးယွင်ရှန့်)ကိုဇီရွှမ်ကယ်တင်သွားမှာကို ကြောက်လန့်နေခဲ့တယ်။ ဒီတစ်လောကလုံးကလူတွေက သူတော်စင်ရွှမ်ရဲ့သိုင်းပညာက အသန်မာဆုံးဆိုတာ သိကြတယ်။ ဒါပေမယ့် ယွီချန်းဟိုင်ရဲ့သိုင်းပညာက ဒီသူတော်စင်ထက်အများကြီးပိုသာတယ်ဆိုတာ ဘယ်သူမှမသိကြဘူး။ တကယ်လို့ ယွီချန်းဟိုင်သာ ပြန်ကောင်းသွားခဲ့ရင်ဒီလျှို့ဝှက်ဂိုဏ်းကို ဖျက်ဆီးတဲ့အထဲ ပါဝင်တဲ့လူအားလုံး အသတ်ခံရမှာသေချာတယ်။

မဖြစ်နိုင်ဘူး။ သူ့ရဲ့ဒဏ်ရာက ဘယ်လိုမှပြန်မကောင်းနိုင်ပါဘူး..။ သွမ့်ချန်စန်းအဆိပ်က ဒီကမ္ဘာမှာ အပြင်းဆုံးအဆိပ်ဖြစ်ပြီး ပြန်လည်ကုစားနိုင်တဲ့ဆေးမရှိဘူး။ သူတော်စင်ဇီရွှမ်က ဘယ်လောက်စွမ်းစွမ်း ယွီချန်းဟိုင်ကို ဘယ်လိုမှ မကယ်တင်နိုင်ပါဘူး။

ဒီလိုတွေးပေမယ့်လည်း မုလွေ့လင်က စိတ်မအေးနိုင်ဘဲဒီအမျိုးသားနှစ်ယောက် ဘာတွေဆက်လုပ်ကြတယ်ဆိုတာသိဖို့ နောက်ကနေ တိတ်တဆိတ် ထောက်လှမ်းဖို့သူလျှိုတစ်ယောက် စေလွှတ်လိုက်တယ်။

ခွန်းလုတောင်တန်းကြီးက လီပေါင်းများစွာရှည်လျားလို့ဘယ်လောက် အမြန်နှုန်းနဲ့သွားပါစေ တစ်ညတည်းနဲ့ ဒီတောင်တန်းက ထွက်ခွာသွားနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ ဇီရွှမ်က မြစ်ကိုစုန်ဆင်းလာပြီး လှိုဏ်ဂူတစ်ခုကို ရှာလိုက်တယ်။ နောက်ဒီဂူကို သန့်ရှင်းရေးလုပ်ပြီး နူးညံ့တဲ့မြက်တွေနဲ့ခင်းပြီး သူခေါ်လာတဲ့ သတိမေ့နေတဲ့သူကိုဂရုတစိုက် နေရာချလိုက်တယ်။

သူက ယွီချန်းဟိုင်ရဲ့ လက်ကောက်ဝတ်သွေးကြောကိုစမ်းပြီး အခြေအနေကို စစ်ဆေးလိုက်တယ်။ သူ သိုင်းပညာကို စတင်လေ့ကျင့်စဉ်ကတည်းက ဆရာသခင်ရဲ့မိန့်ကြားချက်အတိုင်း သူက ရယ်ခြင်း၊ ပြုံးခြင်း၊ သူတစ်ပါးကို ဆူပူခြင်း လုံးဝမပြုလုပ်ခဲ့ဘူး။ဒါကြောင့် သူ့ခံစားချက်တွေက အတက်အကျမရှိဘဲ လုံးဝကို ငြိမ်သက်နေခဲ့တယ်။ သူ့မျက်နှာချောချောမှာခံစားချက်တစ်စုံတစ်ရာမှ မပေါ်လွင်ဘဲ အမြဲတမ်း မျက်နှာဖုံးတစ်ခု စွပ်ထားသလို တသမတ်တည်းရှိနေခဲ့တယ်။

ဒါပေမယ့် ဒီနေ့မှာတော့ သတိမထားမိဘဲသူ နှစ်ကြိမ်တိတိ မျက်မှောင်ကြုတ်လိုက်မိတယ်။ ဒီလူရဲ့ သွေးကြောကို စမ်းလိုက်တော့ ကိုယ်ထဲမှာအဆိပ်မိထားတာကိုသိလိုက်ပြီး သွေးခုန်နှုန်းက မရှိသလောက် နည်းပါးတာကို တွေ့လိုက်ရတယ်။

ဘယ်သူ့လက်ချက်လဲ...?

ကာလကြာရှည် ပျောက်ကွယ်သွားပြီဖြစ်တဲ့သွမ့်ချန်စန်းအဆိပ်ကို ဒီလူရဲ့ကိုယ်ထဲမှာတွေ့ရပြီး အဆိပ်သင့်ခံနေရပြီး အသက်အန္တရာယ်ကြုံနေရတယ်။ သွမ့်ချန်စန်းက လူကို သေစေရုံသာမကဘူး၊ လူ့ကိုယ်ထဲက ကျင့်ကြံထားတဲ့စွမ်းအင်ကိုသိုလှောင်ထားတဲ့ ဗဟိုချက်မရီဒန်ကို ဖျက်ဆီးပစ်ပြီး စွမ်းအားတစ်စက်လေးမှ မကျန်ရှိအောင်ဖျက်ဆီးပစ်နိုင်တယ်။

ကုသမယ့်ဆေး မရှိဘူး။ ကုသနိုင်တဲ့ဆေးမရှိဘူး...။

ဇီရွှမ်ရဲ့စိတ်ထဲမှာ ဒီစကားလုံးက ပဲ့တင်ထပ်နေတယ်။တစ်နည်းနည်းနဲ့ ဒီလူရဲ့စွမ်းအားတွေ တဖြည်းဖြည်းချင်း လျော့နည်းလာတယ်ဆိုတာ သူခံစားနေရတယ်။ဒီလူ သေဆုံးသွားမှာကို တွေးမိရင် သူ ဘယ်လိုမှ သည်းမခံနိုင်အောင် ခံစားနေရတယ်။ ဇီရွှမ်ကလှိုဏ်ဂူအ၀မှာ တရားထိုင်တဲ့အနေအထားနဲ့ ထိုင်နေပြီး သူ့စိတ်အာရုံကို ရှင်းလင်းလိုက်ပြီးဒီအနီးအနားတ၀ိုက်က ဆေးပင်တွေကို ရှာဖွေအာရုံခံလိုက်တယ်။

အဆိပ်သင့်တာကို မကုနိုင်ရင်တောင် ဒဏ်ရာကိုတော့ကုစားနိုင်တယ်။ ဇီရွှမ်က ဆေးဝါးပင်တွေကို ရှာဖွေပြီး စမ်းရေထဲမှာဆေးကြောပြီး ထုထောင်းလိုက်တယ်။ပြီးတော့ သတိလစ်နေတဲ့လူဆီကို ဆေးကိုကိုင်ပြီး ကပ်လာခဲ့တယ်။ ဇီရွှမ်က သတိမေ့နေတဲ့လူရဲ့အင်္ကျီကိုချွတ်လိုက်တယ်။ သူ့စွမ်းအင်ကိုသုံးပြီး ဆေးကို အပူပေးလိုက်ပြီး ဒဏ်ရာတွေပေါ် လိမ်းကျံပေးလိုက်တယ်။

သတိမေ့နေတဲ့လူရဲ့ ကိုယ်ပေါ်မှာ ဒဏ်ရာတွေမွနေပြီးရင်ဘတ်မှာလည်း ဓားဒဏ်ရာကြီးကို တွေ့လိုက်ရတယ်။ သူ့ရင်ဘတ်တည့်တည့် တလျှောက်က ဒဏ်ရာကြီးကပြင်းထန်နေတယ်။ သူ့နှလုံးထဲက အခြေအနေ ဘယ်လိုနေလဲတော့ မသိဘူး၊ နက်ရှိုင်းတဲ့ဓားဒဏ်ရာကသူ့အရိုးတွေကို ပေါ်နေစေပြီး သူ့အရေပြားကို ဟက်တက်ကွဲနေစေတယ်။ ပြီးတော့ ဒီဒဏ်ရာက ပြန်ကောင်းမယ့်လက္ခဏာမျိုးမရှိဘူး။

ဒီပြင်းထန်တဲ့ဒဏ်ရာတွေအရ သူလို သူတော်စင်ဘုန်းကြီးမပြောနဲ့နတ်ဆေးသမားတော်ကိုယ်တိုင် ကြွလာပြီး ကုပေးရင်တောင် ဒဏ်ရာတွေကို ပြန်လည်ကုစားပေးနိုင်ဖို့မသေချာဘူး။

ဇီရွှမ်က သက်ပြင်းကိုရှိုက်လိုက်ပေမယ့်သူ့မျက်နှာပြင်မှာ ဘာခံစားချက်ကိုမှ မပြဘူး။ သူက ဒဏ်ရာတွေပေါ်မှာ ဆေးကို အညင်သာဆုံးလိမ်းပေးလိုက်တယ်။ နောက် သူ့အထုပ်ထဲက သန့်ရှင်းတဲ့ဝတ်စုံဖြူကို ထုတ်ပြီး ဒီလူ့ရဲ့ကိုယ်ပေါ်လွှမ်းခြုံပေးလိုက်တယ်။ ကောင်းကင်က တဖြည်းဖြည်းမှောင်လာပြီး အပူချိန်ကျဆင်းလာလို့ သူမီးကို ချက်ချင်းမွှေးလိုက်တယ်။

ကျိုးယွင်ရှန့်က သူသတိမေ့မသွားခင်008 ကို သူ့စွမ်းအင်သိုလှောင်တဲ့ ဗဟိုချက်မရီဒန်မှာ နေရာချထားပြီး တောက်လျှောက် စွမ်းအင်ဖြည့်တင်းပေးဖို့စီစဉ်ခဲ့တယ်။ ဒါမှ သူသတိမေ့နေစဉ်တလျှောက်လုံး သူ့မရီဒန်ထဲကို လိုအပ်တဲ့စွမ်းအင်တွေဖြည့်တင်းပေးနိုင်မှာဖြစ်တယ်။ အဲ့ဒီနောက်မှာမှ သူ့မျက်ဝန်းတွေကို ပိတ်ခွင့်ပြုလိုက်တာဖြစ်တယ်။ညသန်းခေါင်မှာ သူ သတိရလာပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ကိုယ်က နွေးထွေးနေလို့ပတ်ဝန်းကျင်ကို တိတ်တဆိတ် မျက်လုံးဝေ့ကြည့်လိုက်တယ်။

သူ့ချစ်သူက သူ့ဘေးမှာထိုင်နေပြီး သူ့ကိုတိတ်တဆိတ်ငေးကြည့်နေပြီး ဗုဒ္ဓတရားတော်တွေကို အသံတိုးတိုးနဲ့ ရွတ်ဆိုနေတယ်။ သူ့ကိုယ်ပေါ်မှာအဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ခေါင်းပေါ်မှာ အစက် ၁၂ စက်ကို ရေးထိုးထားတယ်။ သူ့သွင်ပြင်ပုံပန်းသဏ္ဍာန်အရသူ့ချစ်သူက ဗုဒ္ဓဘာသာမှာ ပညတ်တော်ကိုလေ့လာတဲ့ အမြင့်ဆုံးအဆင့်ကို ရောက်နေပြီး သူ့ဘ၀တစ်သက်တာမှာဘယ်တော့မှ လူသားတွေရဲ့လောကကို ပြန်မလာနိုင်လောက်တော့ဘူး။

ကျိုးယွင်ရှန့်ရဲ့မျက်လုံးတွေထဲမှာစိတ်ရှုပ်ထွေးတဲ့ခံစားချက်တွေ ထင်ဟပ်သွားခဲ့တယ်။

"ဒကာကြီး.. နိုးနေပြီလား.. မသက်မသာ ခံစားနေရသေးလား.."

ဇီရွှမ်က မထူးခြားစွာ ဖွင့်ဟမေးလိုက်တယ်။

"ဒီနေရာက နေလို့မကောင်းဘူး.."

ကျိုးယွင်ရှန့်က သူ့ဘယ်ဘက်ရင်အုံကိုလက်နဲ့ညွှန်ပြပြီး မျက်လုံးကိုလွှဲဖယ်ရင်း ပြောလိုက်တယ်။ သူ့ချစ်သူရဲ့ ဒီလိုသွင်ပြင်ကိုသူ မမြင်ချင်ဘူး။

"အဲ့ဒါ အဆိပ်ဒဏ်ကြောင့် ဖြစ်မယ်.. အစောပိုင်းကဒကာကြီးက သတိမေ့နေလို့ ကိုယ်တော် ကုသမပေးနိုင်ခဲ့ဘူး.. အခု ဒကာကြီးနိုးလာပြီဆိုတော့ဒီရောဂါဝေဒနာ သက်သာအောင် ဒဏ်ရာတွေကို ကိုယ်တော် ကုသပေးပါ့မယ်.."

ဇီရွှမ်က ပုတီးကိုဖယ်လိုက်ပြီး ဒဏ်ရာတွေနဲ့လူသားကိုပွေ့ဖက်ဖို့ ကိုယ်ကိုကိုင်းညွတ်လိုက်တယ်။

"ကျေးဇူးတင်ပါတယ် အရှင်ဘုရား.."

နောက်ဆုံးစကားလုံးထွက်လာဖို့ ကျိုးယွင်ရှန့်အတော်ကြီးကို အားစိုက်ပြီး တိုးတိုးပြောလိုက်တယ်။ နောက် သူ့ချစ်သူရဲ့ သန်စွမ်းတဲ့လက်မောင်းတွေရဲ့ဖေးမမှုနဲ့ သူ ဖြည်းဖြည်းချင်း ထိုင်လာနိုင်တယ်။ သူ့ကိုထွေးပွေ့ထားတဲ့ လက်မောင်းတွေကနွေးထွေးတယ်။ လတ်ဆတ်ပြီး စန္ဒကူးနံ့ သင်းပျံ့လို့နေတယ်။ ဒီအထိအတွေ့၊ ခံစားချက်နဲ့ ရနံ့တွေကသူ့ဘေးပတ်လည်မှာ ဝေ့၀ဲလို့နေတယ်။ ဒါပေမယ့် ဒါတွေက သူ့ကို အနည်းငယ် ခါးသီးစေတယ်။ ဘာကြောင့်လဲဆိုတော့သူနေကောင်းလာရင် သူ့ဂိုဏ်းကို ရက်ရက်စက်စက် လာဖျက်ဆီးသတ်ဖြတ်တဲ့ အလယ်ပိုင်းလွင်ပြင်ကလူတွေအားလုံးကို သူ သတ်ဖြတ်ပြီး ကလဲ့စားချေမှာမို့ဖြစ်တယ်။

ကျိုးယွင်ရှန့်က ထိုင်ဖို့တောင် အားမရှိတာတွေ့တော့ဇီရွှမ်ရဲ့လက်တစ်ဖက်က ကျိုးယွင်ရှန့်ရဲ့ သေးသွယ်တဲ့ခါးလေးကို ဖက်ပြီး ကျန်လက်တစ်ဖက်ကကျောပြင်လေးကို ဖေးမထားပေးလိုက်တယ်။

"အခု ကိုယ်တော် မင်းရဲ့ကိုယ်ထဲက အဆိပ်တွေကိုတိုက်ထုတ်ပေးတော့မယ်.. မင်းကိုယ်ထဲကိုဝင်လာတဲ့ ကိုယ်တော့်ရဲ့အားတွေကို မခုခံ မတွန်းလှန်ပါနဲ့.."

ဇီရွှမ်က တီးတိုးပြောလိုက်ပြီး သူ့ရဲ့စစ်မှန်တဲ့ယန်စွမ်းအင်တွေကို တစ်ဖက်လူရဲ့ကိုယ်ထဲက မရီဒန်ထဲကို တစိမ့်စိမ့် လွှဲပြောင်းပေးလိုက်တယ်။

ကျိုးယွင်ရှန့်ရဲ့ကိုယ်ခန္ဓာက ဒဏ်ရာများစွာကြောင့်ထိခိုက်နေခဲ့လို့ ဒီအားအင်တွေ စီးဝင်လာခြင်းကြောင့် နာကျင်ခံစားရမှုကို တောင်ခံမထားနိုင်ဘဲအကူညီမဲ့စွာ ညည်းညူနေမိတယ်။ ဇီရွှမ်ရဲ့ကြွက်သားတွေအားလုံး တစ်ကြိမ် တင်းခနဲဖြစ်သွားပြီးသူ့ကိုယ်ထဲက ရှိသမျှအားအင်အားလုံးကို တစ်ဖက်လူရဲ့ အဓိကအဆိပ်မိနေတဲ့နေရာဆီကို လွှတ်ပေးလိုက်တယ်။အဲ့ဒီအချိန် သူတို့နှစ်ယောက်လုံး ချွေးတွေပြန်နေပြီး သူတော်စင်ဘုန်းကြီးရဲ့ ၀တ်ရုံတစ်ခုလုံးချွေးစိုလို့ ခန္ဓာကိုယ်မှာ ကပ်သွားခဲ့တယ်။ သူတို့ကိုယ်ကထုတ်လွှတ်တဲ့ အပူရှိန်က အ၀တ်ကိုဖောက်ပြီးထွက်လာလို့တစ်ယောက်ကိုယ်ငွေ့ကို တစ်ယောက် ခံစားနေရပြီး လျစ်လျူရှုဖို့ မဖြစ်နိုင်ဘူး။

ဇီရွှမ်ရဲ့နှလုံးသားက တုန်ခါလာပြီး သတိတစ်ချက်လွတ်လိုက်တာနဲ့သူပေးပို့နေတဲ့အားကို ထိန်းဖို့ လွတ်ထွက်သွားခဲ့တယ်။ သူ့လက်မောင်းကြားမှာ ပွေ့ထားတဲ့လူကတစ်ချက်ညည်းလိုက်ပြီး အနက်ရောင်သွေးတွေ အန်ထုတ်လာခဲ့တယ်။ သူ့နဖူးပြင်ပေါ်မှာ ထင်းထင်းပေါ်နေတဲ့စိမ်းပြာရောင်သွေးကြောကို ကြည့်ပြီး သူ ဘယ်လောက်နာကျင်နေတယ်ဆိုတာ မှန်းဆကြည့်လို့ရတယ်။

ဇီရွှမ်က သူ့စွမ်းအင်တွေကို ကျိုးယွင်ရှန့်ရဲ့နှလုံးသားဆီတစ်ဆင့်ချင်း အစီစဉ်တကျ ဆက်လက်ပို့ပေးနေပြီး နောက်ဆုံးမှာတော့ ကုသမှု ပြီးသွားတယ်။

"ရေချိုးတာကတော့ ဒကာလေးဘာသာပဲ လုပ်လိုက်ပါတော့..ဒီဟာကိုတော့ ကိုယ်တော် မကူညီပေးနိုင်တော့ဘူး.."

ကျိုးယွင်ရှန့်က သူ့ချစ်သူကို စကားမဆိုဘဲအကြာကြီးစိုက်ကြည့်နေပြီး ခေါင်းကိုမော့ကာ အော်ရယ်ရင်း ပြောလိုက်တယ်။

"ကိစ္စမရှိပါဘူး.. ကျွန်တော့်ကိုသာ ရေကန်နားသယ်သွားပေးပြီး သန့်ရှင်းတဲ့ အ၀တ်တစ်စုံ လာပေးပါ.. ကျန်တာ ကျွန်တော့်ဘာသာ လုပ်လိုက်ပါ့မယ်.."

စိတ်သက်သာရာရသွားတဲ့ ဇီရွှမ်က ချက်ချင်းချာခနဲ လှည့်ထွက်သွားတော့တယ်။

=============================

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now