Arc_15.3_ Qi Yi Ning

Start from the beginning
                                    


Arc_15.3_ Qi Yi Ning

ကျိုးယွင်ရှန့်က သူ DaQi ပြည်ကို ရောက်နေတယ်ဆိုတာကို သိသိချင်းပဲ သူ့ရန်သူကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်တယ်ဆိုတာ ချက်ချင်းစဉ်းစားနေမိတယ်။ ဘုရင့်တော်ဝင်ကြင်ယာတော် ကျောက်ပိယွမ်နဲ့ တစ်နှစ်သားလောက်ပဲရှိသေးတဲ့ မင်းသားလေးတစ်ယောက်ကို အရေးတကြီး ပြန်လည်တိုက်ခိုက်ဖို့ သူ ဘာမှမလုပ်ခဲ့ဘူး။

သူတို့သားအမိကို တိုက်ခိုက်မှပဲ သူ မလွဲမသွေ အသက်ဆက်ရှင်နိုင်တာ မဟုတ်ဘူးလေ။ ဒီသားအမိကို သူတို့အနေအထားမပျက် နေထိုင်စေရင်း တဖြည်းဖြည်း ပစားပေးမှုကို လျှော့ချလိုက်ရင် ဒီဇာတ်ကြောင်းထဲမှာ သူတို့ရဲ့လုပ်ပိုင်ခွင့်နဲ့ အရေးပါမှုက လျော့ကျသွားမှာဖြစ်တယ်။

တကယ်ကိုင်တွယ်ရခက်တဲ့သူတွေက မယ်တော်ကြီး၊ တော်ဝင်မင်းသားနဲ့ Wen Yuan (ဝမ်ယွန်) အမတ်ကြီးတို့ အုပ်စုပဲဖြစ်တယ်။ သူတို့သုံးယောက်က တိတ်တဆိတ်ပူးပေါင်းထားပြီး ကိစ္စအတော်များများရဲ့ နောက်ကွယ်မှာ သူတို့ရှိနေတဲ့အထိ လွှမ်းမိုးနေခဲ့တယ်။ သူတို့အုပ်စုက စစ်တပ်ထဲကို သြဇာလွှမ်းမိုးထားနိုင်ပြီး ခိုင်မာတဲ့အဆက်အသွယ်ကိုလည်း ပိုင်ဆိုင်ထားပြီးကြပြီ။ သူတို့မလုပ်သေးတာဆိုလို့ တရားနည်းလမ်းကျကျ သူ့ကိုဖယ်ရှားပြီး နန်းသိမ်းဖို့အကြောင်းအရင်းကို ရှာမရသေးတာပဲဖြစ်တယ်။

အရင်ဘဝက သူရဲ့သားတော် ပုန်ကန်ပြီး သူ့ကိုနန်းချတဲ့ကိစ္စကလည်း သူတို့လက်ချက်မကင်းဘူး။ ဒီလိုဖြစ်အောင် နှစ်ပေါင်းများစွာကတည်းက ကြိုတင်စီမံထားကြတာ သေချာတယ်။ ကျိုးယွင်ရှန့်က ဝမ်ယွန်မိသားစုလက်ထဲ ရောက်နေတဲ့ စစ်တပ်အာဏာကို တဖြည်းဖြည်း လျှော့ချဖို့ ရည်ရွယ်ထားပေမယ့် နယ်စားဘွဲ့ပေးအပ်ထားပြီး စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ထားတဲ့ ကျောက်ရွှမ်ရဲ့လက်ထဲက အာဏာကိုတော့ သူ အလွယ်တကူနဲ့ ပြန်ယူနိုင်မှာမဟုတ်တာ သေချာတယ်။

DaQi ပြည်ကြီးရဲ့ အကြီးဆုံးစစ်တပ်ကြီးက အနောက်မြောက်ဒေသမှာ တပ်စွဲထားပြီး ဒီစစ်တပ်ကြီးကို ကျောက်ရွှမ်ကိုယ်တိုင် သေချာလေ့ကျင့်သင်ကြားပေးထားတာဖြစ်တယ်။ စစ်သားတွေ သူတို့စစ်သေနာပတိချုပ်ကြီးကို ကိုးကွယ်ပြီး အမိန့်နာခံပုံကိုကြည့်ရင် ဒီတပ်ကြီးက ကျောက်ရွှမ်ရဲ့ ကိုယ်ပိုင်စစ်တပ်ကြီးအလား ထင်ရတယ်။ ဒီအနောက်မြောက်ဒေသက စစ်တပ်ကြီးကို တိုင်းပြည်ရဲ့ကျန်တပ်သုံးခုက မယှဉ်နိုင်တာ မထူးဆန်းလှပါဘူး။

မုန့်ကောင်းက ကျောက်ရွှမ်ကို လေးလေးစားစားဆက်ဆံပုံကိုကြည့်ရင် တပ်သားအားလုံးရဲ့နှလုံးသားကို ကျောက်ရွှမ်က ရရှိထားပြီး စစ်သားတိုင်းက သူ့ကို အနောက်မြောက်ဒေသရဲ့ စစ်ဘုရင်ကြီးအဖြစ် သတ်မှတ်ထားတာသေချာတယ်။ အရင်ဘဝတုန်းကလည်း ကျောက်ရွှမ်ကို အနောက်မြောက်ဒေသရဲ့ သရဖူမဆောင်းတဲ့ဘုရင်လို့ သတ်မှတ်လို့ရလောက်အောင် အင်အားကြီးတယ်ဆိုပေမယ့် အခုဘဝမှာ ကျောက်ရွှမ်ရဲ့စွမ်းအားက အဆတစ်ထောင်လောက် တိုးလာသလိုပဲ။ ကျိုးယွင်ရှန့်က ဒီအနောက်မြောက်ဒေသကို သူ့ချစ်သူအပိုင်စားရထားတဲ့ဒေသလို့ သတ်မှတ်ထားလိုက်တယ်။ တကယ်လို့ သူ ဒီဒေသအရေးကို ဝင်စွက်ဖက်ရင် ကျောက်ရွှမ်က သူ့လက်တွေခြေတွေကို ရိုက်ချိုးပစ်မှာသေချာတယ်။

ဒီလိုတွေးမိတော့ ကျိုးယွင်ရှန့်ရဲ့နောက်ကျောက စိမ့်တက်လာပြီး ရင်ထဲ ခါးသီးစွာ ခံစားလိုက်ရတယ်။ DaQi ပြည်ရဲ့ မင်းဧကရာဇ်ဆိုတဲ့ဘွဲ့တွေကို သူ မမက်ဘူး။ တကယ်တော့ သူက သက်တောင့်သက်သာနဲ့ အေးဆေးတဲ့ဘဝကိုပဲ လိုချင်တာဖြစ်တယ်။

သူ့ချစ်သူက တော်ဝင်မင်းသားကို ထောက်ခံကူညီပေးတာမဟုတ်ဘဲ တခြားသူကို ထောက်ခံတာဆိုရင် သူ လျစ်လျူရှုထားနိုင်တယ်။ ဒါပေမယ့် အရင်က သူ့ကို နှိပ်စက်သတ်ဖြတ်ခဲ့တဲ့သူတွေကို ထောက်ခံတာဆိုတော့ ဒီကိစ္စကို သူ ဘယ်လိုမှ လျစ်လျူမရှုနိုင်ဘူး။ သူ့ကိုလုပ်ထားတာတွေအတွက် တစ်ယောက်ချင်းကို ပြန်ပြီးပေးဆပ်ခိုင်းရမယ်။

ဒီလိုစဉ်းစားပြီးတဲ့နောက် ကျိုးယွင်ရှန့်က သူ့ချစ်သူကို ကျောက်ပိယွမ်၊ တော်ဝင်မင်းသားတို့အုပ်စုနဲ့ ခွဲထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ တကယ်လို့ သူတို့သာ သူ့ချစ်သူအပေါ် စိတ်ဝင်စားမှုမရှိရင် ကျောက်ရွှမ်က အရင်ဘဝလို ဟိုနှစ်ယောက်ရဲ့ချစ်ခြင်းကြားမှာ ပါဝင်နေမှာမဟုတ်ဘူး။ ဒါဆိုရင်တော့ ကျောက်ရွှမ်က စစ်သေနာပတိချုပ်ဖြစ်စေ၊ အနောက်မြောက်ဘုရင်ဖြစ်စေ ကျိုးယွင်ရှန့်က သူဖြစ်ချင်တဲ့အတိုင်း နေခွင့်ပေးလိုက်မှာပဲ။

သူ လေးလေးနက်နက်တွေးနေတုန်း ငယ်ရွယ်တဲ့ကုန်းကုန်းလေးက လျှို့ဝှက်စာတစ်စောင်ကို ယူလာပေးတယ်။

အရင်ရက်က ကျောက်ရွှမ်နဲ့ ညစာအတူစားပြီးနောက် ကျိုးယွင်ရှန့်က သူ့ရဲ့ အရိပ်သက်တော်စောင့်တွေကို ကျောက်ရွှမ်မိသားစုအကြောင်း စုံစမ်းဖို့ လျှို့ဝှက်တာဝန်ပေးခဲ့တယ်။ အရင်ဘဝကတော့ ကျိုးယွင်ရှန့်က ကျောက်ပိယွမ်နဲ့ ချစ်ဇာတ်လမ်းခင်းဖို့ အလုပ်များနေတာနဲ့ပဲ သူ့ညီတော် တော်ဝင်မင်းသား ချီကျင်းယွီတစ်ယောက် သူ့ကိုပုန်ကန်ဖို့ စီစဉ်နေတာတွေသာမက ကျောက်ရွှမ်ရဲ့ ဘဝဇာတ်ကြောင်းကိုလည်း ဘာမှမသိခဲ့ဘူး။ အခုဘဝမှာတော့ သူက ကျောက်ရွှမ်ရဲ့ဇနီး၊ သားသမီးနဲ့ မိသားစုတွေအကြောင်းကို အသေးစိတ်သိဖို့ လိုအပ်နေပြီ။

ကျိုးယွင်ရှန့်က မောင်းမဆောင်မှာ အချောအလှသုံးထောင်ကြား ရှိနေတယ်ဆိုတာ မေ့လျော့စွာနဲ့ပဲ စာကို အလောတကြီး ဖောက်ဖတ်လိုက်တယ်။

ဇနီးမရှိ၊ သားသမီးမရှိ၊ နောက်ဆုံး နှစ်သက်တဲ့အစေခံမိန်းကလေးတောင် မရှိ လို့ဖော်ပြထားတော့ ကျောက်ရွှမ်ရဲ့ဘဝက ထူးခြားဆန်းကြယ်လှတယ်လို့ပဲ ဖော်ပြရတော့မယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ယာထူထောင်တဲ့ DaQi ပြည်ရဲ့ အစဉ်အလာအရဆိုရင် ဝမ်ယွန်အမတ်ကြီးရဲ့ တရားဝင်သားကြီးဖြစ်တဲ့ ကျောက်ရွှမ်မှာ ဇနီးတစ်ယောက်၊ ကိုယ်လုပ်တော်အများအပြားနဲ့ သူ့ဘေးမှာ သားသမီးတရုန်းရုန်း ဖြစ်နေသင့်ပြီမဟုတ်လား။ အခုတော့ အသက် ၂၉ နှစ်ထိ မိန်းမနဲ့သားသမီးမရှိဆိုတော့ အမတ်ကတော်ကြီးက အိမ်ထောင်ပြုဖို့ သူ့သားကို ဖိအားမပေးခဲ့လို့ ဒီလိုဖြစ်နေတာထင်ပါရဲ့။ တကယ်တော့လည်း အမတ်ကတော်ကြီးက ဖိအားမပေးတာရော၊ ကျောက်ရွှမ်ကိုယ်တိုင်က အိမ်ထောင်မပြုချင်တာရောကြောင့် အမတ်ကြီးတောင် ဘာမှ တိုက်တွန်းလို့မရတာဖြစ်တယ်။

ကျောက်ရွှမ်က အသက် ၁၀ နှစ်သားနဲ့ အဘိုးဖြစ်သူအမတ်အိုကြီးကို ခေါင်းဆောင်နေရာက အနားယူဖို့ တိုက်တွန်းနိုင်ခဲ့ပြီး အခုဆိုရင် ဖခင်အမတ်ကြီးကိုယ်တိုင်က ကိစ္စကြီးကြီးငယ်ငယ် သူ့ကိုလာပြီး တိုင်ပင်နေရတယ်။

ဒါကိုကြည့်ပြီး ကျိုးယွင်ရှန့်က ပီတိဖြစ်ကာ ထိန်းမရနိုင်စွာနဲ့ စာကိုဆက်ဖတ်လိုက်တယ်။ အဲ့ဒီမှာ သူက ဝမ်ယွန်အမတ်ကြီးအိမ်တော်က အရှုပ်ထုပ်ကို သတိပြုမိတော့တာပဲ။ ဝမ်ယွန်အမတ်အိုကြီးက အငြိမ်းစားယူဖို့ ဖိအားပေးခံရပြီးနောက် သူ့မယားကြီးနဲ့ သားကြီးကို အတော့်ကိုမကျေမနပ်ဖြစ်ပြီး သူ့မယားငယ်အုပ်စုတွေကြားမှာပဲ ပျော်မွေ့နေထိုင်ခဲ့တယ်။ ကျောက်ရွှမ်ရဲ့မိခင်က တရားဝင်မယားကြီးဖြစ်ပြီး သားကြီးကျောက်ရွှမ်၊ သမီးကြီးကျောက်ရှင်းရန်၊ သားငယ်ကျောက်ယွီကို မွေးဖွားခဲ့တယ်။ ကိုယ်လုပ်တော်ထဲက သမီးကြီးကျောက်ပိယွမ်နဲ့ သားငယ် ကျောက်ကျိတုန်းကို မွေးဖွားခဲ့တယ်။ကျန်ကိုယ်လုပ်တော်တွေက သားသမီးအများကြီးမွေးပေမယ့် ပစားပေးခြင်းမခံရလို့ စာထဲမှာ ဖော်ပြထားခြင်းမရှိဘူး။

ရာထူးကိုစွန့်လွှတ်ဖို့ တွန်းအားပေးခံရတဲ့ အမတ်အိုကြီးက သူ့သားကိုလက်တုံ့ပြန်တဲ့အနေနဲ့ ကျောက်ရွှမ်ကိုရာထူးလွှဲပေးဖို့ သားဖြစ်သူကို ဖိအားပေးပေမယ့် အမတ်ကတော်ကြီးက လုံးဝလက်မခံလို့ သူ့မှာ ကျိတ်မနိုင်ခဲမရဖြစ်နေခဲ့တယ်။ အဲ့ဒီအချိန် အင်ပါယာမင်းကြီးရဲ့နန်းဆောင်က ကိုယ်လုပ်တော်ရွေးမယ်ကြားတော့ သူ့ကိုယ်လုပ်တော်ဖွား အချောအလှဖြစ်သူ သမီးကြီးကျောက်ပိယွမ်ကို သတိရပြီး သူမဆန္ဒနဲ့ဆန့်ကျင်ပြီး နန်းတော်ထဲကို ပို့ဆောင်ခဲ့တယ်။

အမတ်ကတော်ကြီးက ကျောက်ပိယွမ်အရွေးခံရတဲ့ ဒီသတင်းကိုကြားတော့ ဒေါသထွက်ခဲ့ပေမယ့် ဘယ်လိုမှမတတ်နိုင်ပဲ မြိုသိပ်ထားရတယ်။ ဧကရာဇ်ရဲ့အမိန့်ကို မပယ်ရှားရဲတော့ ကိုယ်လုပ်တော်ကမွေးတဲ့ မျိုးမစစ်သမီးကို အသိအမှတ်ပြုရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး။ ကျောက်ပိယွမ် ကိုယ်လုပ်တော်ဖြစ်ပြီး ပထမနှစ်မှာ အငြိုးနဲ့ ကျောက်ပိယွမ်က သူမတို့ကို ဖိနှိပ်ဖို့ကြိုးစားရာမှာ ဘုရင်က ကူညီပေးမှာကို ကြောက်ရွံ့ခဲ့တယ်။ ဒါပေမယ့် ကျောက်ပိယွမ်က ဘုရင်ကို ကလန်ကဆန်လုပ်လို့ အအေးနန်းဆောင်မှာ ပြစ်ဒဏ်ပေးခံရတယ်ကြားတော့ အမတ်ကတော်ကြီးအတွက် ဖော်ပြလို့မရအောင် ပျော်ရွှင်ခဲ့ရတယ်။

ဒါပေမယ့် တစ်နှစ်ကြာတော့ မိုက်မဲတဲ့မိန်းကလေးက ဘုရင့်ရဲ့ခွင့်လွှတ်မှုကို ရရုံသာမက တော်ဝင်ကြင်ယာတော် ဟွေ့ရီဘွဲ့နဲ့အတူ မောင်းမဆောင်ခြောက်ခုကို အုပ်ချုပ်ခွင့်ကိုပါ ပြန်လည်ရရှိခဲ့တယ်။ ဧကရာဇ်မင်းကြီးအတွက် ဒုတိယမင်းသားလေးကို မွေးပေးပြီးနောက် သူတို့သားအမိ ထပ်တလဲလဲ ဆုချီးမြှင့်ခံရပြီး နန်းတော်ထဲမှာ သြဇာအရှိန်အဝါ မြင့်တက်လာတာကိုကြည့်ပြီး အမတ်ကတော်ကြီးမှာ စိတ်မချမ်းမသာ ဖြစ်နေရတယ်။
ဒါပေမယ့်လည်း ဘယ်လိုမှမတတ်နိုင်တော့ဘဲ သူမရဲ့သားကြီး၊ သမီးကြီးတွေကို ကျောက်ပိယွမ်ရဲ့မွေးမိခင် ကိုယ်လုပ်တော်ကို လေးလေးစားစားဆက်ဆံဖို့ ပြောရတော့တယ်။

ဝမ်ယွန်အမတ်ကြီးမှာ ဇနီးနဲ့သားသမီးတွေ အများကြီးရှိပြီး ပဒေသရာဇ်ခေတ်ရဲ့ ထုံးစံအတိုင်း မိသားစုအတွင်းရေးတွေက ရှုပ်ထွေးပြီး တစ်ယောက်ကိုတစ်ယောက် မနာလိုဝန်တိုမှုအပြည့်နဲ့ ရန်စောင်နေကြတယ်။ သူတို့က ကျောက်တုံးတစ်တုံးပေါ်မှာ တည်ဆောက်ထားတဲ့အိမ်တစ်လုံးလိုပဲ။ အောက်ခြေကျောက်တုံးကိုဖယ်လိုက်ရင် အားလုံးပြိုကျသွားမှာသေချာတယ်။ ဒါကြောင့် သူ့ချစ်သူနဲ့ ကျောက်ပိယွမ်တို့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်တိုက်ခိုက်ပြီး ပြိုကျအောင်လုပ်ဖို့က ကျိုးယွင်ရှန့်အတွက် လွယ်ကူလှတဲ့ အလုပ်တစ်ခုပါပဲ။

ပထမ ကျိုးယွင်ရှန့်က ကျောက်ပိယွမ်နေမကောင်းဘူးဆိုတဲ့ အချက်ကို အသုံးချပြီး သူမဆီကိုမသွားတော့ဘဲ အခြားကိုယ်လုပ်တော်တွေ သူမကို ဝိုင်းအနိုင်ကျင့်တာကို လျစ်လျူရှုထားဖို့ ဆုံးဖြတ်ထားတယ်။ ပြီးတော့ ကျောက်ပိယွမ်ဘေးက အစေခံမိန်းမတွေကို တဖြည်းဖြည်းဖယ်ရှားပစ်ပြီး နန်းဆောင်အပြင်က အဆက်အသွယ်တွေနဲ့ ဖြတ်တောက်ပစ်ပြီး သူမကို အကာအကွယ်မပေးနိုင်အောင် လုပ်ထားတယ်။

အခုတော့ ကျိုးယွင်ရှန့်က စိတ်ပြောင်းသွားပြီ။ အခု သူမ လုပ်ချင်တာကို လုပ်ခွင့်ပြုပြီး DaQi ပြည်ရဲ့အစဉ်အလာအရ ကျင့်သုံးခဲ့တာကို ချိုးဖောက်တာကို အသာလေးခွင့်ပြုထားရမယ်။ ဒါကြောင့် ကျိုးယွင်ရှန့်က ပြုံးလိုက်ပြီး ကျောက်ပိယွမ်နေတဲ့နန်းဆောင်ကို အပြေးလေး ကြွလှမ်းလာတော့တယ်။

"အရှင်မင်းကြီး.. ဘယ်လိုမိန့်လိုက်တာပါလဲ.."

တော်ဝင်ကိုယ်လုပ်တော် ကျောက်ပိယွမ်က ကျိုးယွင်ရှန့်လက်ထဲကို လက်ဖက်ရည်ခွက်ဆက်သပြီး အထိတ်တလန့်ပြောလိုက်တယ်။

"တော်ဝင်ကိုယ်လုပ်တော်ကို ငါကိုယ်တော် မိဖုရားတစ်ပါးအဆင့်ကို တိုးပေးချင်ပေမယ့် မယ်တော်ဘုရားက မင်းမွေးဖွားလာတဲ့ အဆင့်အတန်းက နိမ့်ကျနေလို့ လုပ်လို့မရဘူးလို့ပြောနေတယ်.. ဒါကြောင့် မင်းရဲ့မွေးမေမေကိုယ်လုပ်တော်ကို အမတ်ကြီးရဲ့ တရားဝင်မယားအဆင့်ကို တိုးမြှင့်ပေးဖို့ စဉ်းစားမိခဲ့တယ်။ ဒီလိုဆိုရင် မင်းက တရားဝင်မယားက မွေးဖွားလာတာဖြစ်ပြီး မင်းကို ငါကိုယ်တော်ရဲ့မိဖုရားနေရာနဲ့ မထိုက်တန်ဘူးလို့ ဘယ်သူပြောရဲတော့မလဲ.."

ကျိုးယွင်ရှန့်က လက်ဖက်ရည်ကို ဖြည်းဖြည်းချင်းသောက်ပြီး ပြောလိုက်တယ်။

"အရှင်မင်းကြီး.. ဒီအချက်က ဒီတိုင်းပြည်ကပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ ဆန့်ကျင်နေတယ်မဟုတ်လား.."

တချီပြည်ကြီးမှာ ဒုတိယဇနီးယူခွင့်ပြုပေမယ့် ကုန်သည်ပွဲစားလို ယဉ်ကျေးမှုနဲ့ အုပ်ချုပ်ရေးပိုင်းကို နားမလည်တဲ့သူတွေကပဲ ဒီလိုဒုတိယဇနီးကို ထားရှိကြတယ်။ မင်းမျိုးမင်းနွယ်နဲ့ အုပ်ချုပ်ရေးလောက,က မိသားစုကြီးတွေက မယားကြီးတစ်ယောက်ပဲထားရှိပြီး ကျန်နောက်ထပ်ယူသမျှကို ကိုယ်လုပ်တော်အရာမှာပဲ ထားလေ့ရှိကြတယ်။ ဒုတိယဇနီးအဖြစ် ထားရှိခြင်းကို လက်မခံရုံမကဘူး ပြစ်တင်ရှုံ့ချကြတယ်။

"မင်းက ဒါကို မသင့်တော်ဘူးထင်လို့လား.. ဒါဆို ငါကိုယ်တော် မင်းတို့မိသားစုမှတ်တမ်းမှာ မင်းကို ကိုယ်လုပ်တော်ဖွား ပထမသမီးအဖြစ် မှတ်တမ်းတင်လိုက်ရုံပဲပေါ့.."

ကျိုးယွင်ရှန့်က ပျင်းပျင်းရိရိပြုံးရင်း ပြောလိုက်တယ်။

ကျောက်ပိယွမ်က "မလုပ်နဲ့.." လို့ အကျယ်ကြီး အော်ပြောလိုက်ချင်မိတယ်။ သူမချစ်သူကိုထားရစ်ပြီး ဒီမောင်းမဆောင်ထဲကို ဝင်လာရတဲ့ရည်ရွယ်ချက်က အလကားဖြစ်သွားမှာပေါ့။ အခုထိ သူ့မွေးအမေကိုယ်လုပ်တော်နဲ့ မောင်လေးကို ဒီနန်းတော်ထဲကနေ အခွင့်အရေးတွေ၊ ဆုလာဘ်တွေ ချီးမြှင့်ဖူးလို့လား။ အခုအခွင့်အရေးက ရှေ့ကို အလိုလိုရောက်လာတာကို မဖမ်းဆုပ်လို့မဖြစ်ဘူး။ နေ့ဝက်လောက် ဆွေးနွေးစဉ်းစားပြီးတဲ့နောက် ကျောက်ပိယွမ်က ဘုရင်မင်းမြတ်ရဲ့အလိုတော်အရ အခုလိုချီးမြှင့်တာကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်။

"မင်းရဲ့အဆင့်အတန်းကို ရေးသွင်းတာက ဘာမှအကျုံးမဝင်ဘူး.. မင်းက အခုထိ ဆရားဝင်သမီးတစ်ယောက်ရဲ့ အဆင့်အောက်မှာ ရှိနေတုန်းပဲ.. ဒါကြောင့် မင်းရဲ့မွေးမိခင်ကို ဒုတိယတရားဝင်ဇနီးအဆင့်ကို ချီးမြှင့်တာက ပိုကောင်းတယ်.. ထုံးတမ်းစဉ်လာဆိုတာ ဘာလဲ.. ဒီတိုင်းပြည်မှာ ငါကိုယ်တော်နှုတ်ကပြောတဲ့အရာက ထုံးတမ်းစဉ်လာပဲ မဟုတ်လား.. အမိန့်စာလွှာကို ယူခဲ့.. ငါကိုယ်တော် ချက်ချင်း အမိန့်စာရေးပေးမယ်.."

ကျိုးယွင်ရှန့်က ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။

ကျောက်ပိယွမ်က အမိန့်တော်စာ ရေးသားဖို့ ကျေးကျွန်တွေကို စေလွှတ်ပြင်ဆင်ခိုင်းပြီး ဧကရာဇ်တံဆိပ်ထုထားတဲ့ အမိန့်စာလွှာကို စောင့်ယူစေခဲ့တယ်။ ပြီးတော့ သူမက မျက်နှာသာနည်းနည်းအပေးခံရတာဖြစ်လို့ အစေတော်တွေကိုစေလွှတ်ပြီး သူမရဲ့အဆောင်မှာ မင်းကြီးကို ပထမဆုံးအကြိမ် အိပ်စက်ခွင့်ပြုကြောင်း တင်လျှောက်စေတယ်။

'ဧကရာဇ်ဆီက ခွင့်ပြုမိန့်ရတာကြောင့် အိပ်ခန်းမှာ တစ်ညအိပ်စက်ခွင့်ပေးတယ်..'

မင်းက ကိုယ့်ကိုယ်ကို ပြည့်တန်ဆာနဲ့တူအောင် ဘယ်လိုနေရမယ်ဆိုတာ သိတာပဲလို့ ကျိုးယွင်ရှန့် စိတ်ထဲကနေ ပြောလိုက်မိတယ်။

ဒါပေမယ့် သူက ခုရက် တိုင်းပြည်ရေးကိစ္စတွေနဲ့ အလုပ်များလို့ နောက်ရက်ကျမှ ဆက်ဆက်လာမယ်လို့ ကတိပေးလိုက်တယ်။

ဧကရာဇ်မင်းက သူမရဲ့မိခင်ကို အမြင့်ဆုံးဘွဲ့ထူးတစ်ခုပေးပြီး အမတ်ကတော်အဖြစ် အသိအမှတ်ပြုခဲ့တယ်။ ကျိုးယွင်ရှန့်က အရင်ကတည်းက သူမကို အရူးအမူးစွဲလမ်းနေပြီး အမျိုးမျိုးချီးမြှင့်နေတတ်လို့ ဒီလိုလုပ်တာကို ကျောက်ပိယွမ် သံသယမဝင်မိဘူး။

ကျောက်ပိယွမ်က လက်ကိုင်ပုဝါကိုချေမွနေရင်း သူမ စိတ်လှုပ်ရှားနေတာကို ဖော်ပြနေတယ်။ ကျိုးယွင်ရှန့် သူမနန်းဆောင်ကထွက်ပြီး ထောင့်ချိုးဘက်ကို ဝင်ရောက်ပျောက်ကွယ်သွားတော့မှ သူမဆံပင်ကို သပ်တင်လိုက်ပြီး မာနထောင်လွှားစွာ ပြုံးလိုက်တယ်။

သူမက ကိုယ်လုပ်တော်အဖြစ် နန်းတော်ကိုဝင်ခဲ့တဲ့အတွက် ဘာအကျိုးကျေးဇူးမှ မခံစားရသေးဘူး။ သူမ မျက်နှာသာပေးခံရလို့ ကျောက်ရွှမ်ပဲ အဓိကအားသာချက်ရရှိခဲ့တယ်။ နယ်စားမင်းယွီကုံအဖြစ် မြှောက်စားခြင်းခံခဲ့ရတယ်။ အပြင်ပန်းမှာတော့ သူမက အရမ်းပျော်တဲ့ပုံ သရုပ်ဆောင်နေခဲ့ရတယ်။ ဧကရာဇ်မင်းရဲ့ မျက်နှာသာပေးခြင်းက သူမမိသားစုကို ဘာကြောင့် တိုက်ရိုက် မရရှိခဲ့တာလဲ။ သူမကိုမြတ်နိုးလို့ မြှောက်စားသမျှက ကိုယ်လုပ်တော်အမေနဲ့ မွေးချင်းမောင်အရင်းကို ဘာမှမစံစားရစေဘဲ မယားကြီးရဲ့သားကိုပဲ အကျိုးများစေခဲ့တယ်။ သူမကို ငယ်ကတည်းကအနိုင်ကျင့်ခဲ့တဲ့ တရားဝင်ဇနီး အမတ်ကတော်ကြီးရဲ့ သားသမီးတွေကိုပဲ အကျိုးကျေးဇူးများစေခဲ့တယ်။ သူတို့က ဘာကြောင့် ကြားထဲကနေ ဒီလိုအရာတွေကို လက်ခံထိုက်ရမှာလဲ။

မင်းကြီးရဲ့အမိန့်စာက ဝမ်ယွမ်အမတ်အိမ်တော်ကို ရောက်ရှိလာတဲ့အခါ အမတ်ကတော်ကြီးနဲ့ ကိုယ်လုပ်တော်တွေကြား ရှုပ်ထွေးကုန်တော့တယ်။ အမတ်ကတော်ကြီးက ဒေါသပုန်ထနေပြီး သူ့သမီးငယ်နဲ့ သားငယ်က မျက်ရည်တွေကျကုန်ကြတယ်။ ဘာတုံ့ပြန်မှုမှ မပြတဲ့သူက ကျောက်ရွှမ်ပဲဖြစ်တယ်။ သူက တရားရုံးကနေ နန်းတော်ကို တာဝန်ထမ်းဆောင်ဖို့ ပြောင်းရွှေ့ပြီးတဲ့နောက် စစ်တန်းလျားဘက်ကို ဘာမှမဖြစ်သလို လျစ်လျှူရှုပြီး ထွက်သွားခဲ့တယ်။

"ဒီမိန်းမပျက်က ဧကရာဇ်ကို သွေးဆောင်ဖျားယောင်းပြီး ထုံးတမ်းစဉ်လာကို မျက်ကွယ်ပြုစေခဲ့တယ်.. မင်းကြီးက တကယ်ပဲ ထုံးစံမရှိဘဲ ကိုယ်လုပ်တော်ကို တရားဝင်ဒုတိယဇနီးအဖြစ် ချီးမြှင့်ပေးခဲ့တယ်.. နေပြည်တော်တစ်ခွင်မှာ ဒီသတင်းက လူတကာပါးစပ်မှာ ဟာသဖြစ်တော့မယ်.. ဒီအိမ်တော်ကနေ ဘယ်လိုမျက်နှာထားနဲ့ ငါ ထွက်ရဲတော့မလဲ.."

တရားဝင်ဇနီး အမတ်ကတော်ကြီးက အိပ်ယာပေါ်လဲလျောင်းရင်း ခါးခါးသီးသီး ငိုကြွေးနေမိတယ်။ အသက် ၁၅ နှစ်အရွယ်ပဲရှိသေးတဲ့ တရားဝင်ဒုတိယသမီးလေး ကျောက်ရှင်းရန်က သူမကိုအားပေးရင်း ပြောလိုက်တယ်။

"အမေ.. ကျွန်မကိုကြည့်ပါဦး.. ကျွန်မရုပ်ရည်ကို ဘယ်လိုမြင်သလဲ.."

တရားဝင်ဇနီး အမတ်ကတော်ကြီးက သူမသမီးရဲ့စကားကြောင့် တစ်ခုခုကိုတွေးမိပြီး မျက်ရည်ကိုသုတ်လို့ သူ့သမီးကို ချစ်ခင်စွာ ခြေဆုံးခေါင်းဆုံးကြည့်ပြီး ပြောလိုက်တယ်။ ငါ့သမီးလေးရဲ့ အသားအရေက နှင်းတွေထက်ဖြူတယ်၊ နှုတ်ခမ်းက မီးလျှံလိုနီမြန်းပြီး မျက်ဝန်းတွေက ဇာမဏီလိုတောက်ပလို့ ချစ်စရာကောင်းတယ်။ သူမဆီမှာ ကျောက်ပိယွမ်လို ဆွဲအားပြင်းပြင်းတွေမရှိပေမယ့် တစ်ထောင်မှာ တစ်ယောက်ပဲရှိတဲ့ မိန်းမလှလေးတစ်ယောက်ပဲ။

"သမီး ဘာကိုတွေးမိလို့လဲ.."

အမတ်ကတော်ကြီးက မသေမချာမေးလိုက်တယ်။

"တကယ်လို့ ကျောက်ပိယွမ်က နန်းတော်ထဲဝင်ပြီး အချစ်ခံရရင် ကျွန်မလည်း ဘာကြောင့် မျက်နှာသာအပေးမခံရမှာလဲ.. သူက အိပ်ယာထဲကနေ ဘုရင်ကို လွှမ်းမိုးနိုင်ရင် ကျွန်မလည်း သူ့လိုလုပ်နိုင်ပါတယ်.. အမေစဉ်းစားကြည့်ပါဦး.. သူမက သူ့အမေကိုယ်လုပ်တော်ကို ဒုတိယမယားအဖြစ် မြှောက်စားဖို့ ပြောနိုင်တယ်ဆိုရင် နောက်တစ်ခါ အမတ်ကြီးရာထူးကို သူ့မောင် ကျောက်ကျီတုံးကို လွှဲပေးဖို့ ပြောနိုင်တယ်.. တကယ်လို့ ကျွန်မတို့ ဒီအချက်ကို စောစောစီးစီး မကာကွယ်ထားရင် အကုန်လုံး သူမလက်ထဲ ရောက်သွားလိမ့်မယ်.."

ကျောက်ရှင်းရန်က အံကြိတ်ရင်း ပြောလိုက်တယ်။

"ဒီရာထူးက ရွှီအယ်အတွက်ပဲ.. ဒီကောင်မက ဘယ်လို မျက်စောင်းထိုးရဲမှာလဲ.. ခွေးအိုမ,က ခွေးမကို မွေးထုတ်လိုက်နိုင်တာပဲ.."

အမတ်ကတော်ကြီးက တကယ်လို့ အမတ်ကြီးရာထူးကိုသာ သူ့ရဲ့သားက လက်လွှတ်လိုက်ရရင် အခု သားကြီးရထားတဲ့ နယ်စားရာထူးကလည်း အလိုလို ကိုယ်လုပ်တော်ရဲ့သား လက်ထဲကို ရောက်သွားနိုင်တယ်ဆိုတာ တွေးလိုက်မိတယ်။

အမတ်ကတော်ကြီးနဲ့ သမီးငယ်လေးက ဘုရင့်အချစ်တော်နေရာရထားတဲ့ ကျောက်ပိယွမ်ရဲ့အစီအစဉ်ကို ဖျက်ဆီးဖို့ အားတက်သရော တိုင်ပင်နေကြတယ်။ ဒါမှ သူမက မင်းကြီးကို ထပ်ပြီး ကြိုးကိုင်လို့မရမှာဖြစ်တယ်။

အရင်တုန်းက မင်းကြီးအတွက် တစ်နှစ်တစ်ကြိမ် ကိုယ်လုပ်တော်ရွေးပွဲလုပ်ပေမယ့် ကျောက်ပိယွမ် ဘုရင့်အချစ်တော်ဖြစ်ပြီးကတည်းက ဒီပွဲကိုမကျင်းပဘဲ ချောင်ထိုးခံလိုက်ရတာ အခုဆိုရင် နှစ်နှစ်တောင်ရှိပြီ။ ဒါကြောင့် အခု သူ့သမီးကို နန်းတော်ထဲပို့ဖို့က မလွယ်ကူဘူးဖြစ်နေတယ်။

ကျိုးယွင်ရှန့်က သူ့အမိန့်စာကိုရပြီးရင် ကျောက်မိသားစုက တရားဝင်မယားကြီးနဲ့ သားသမီးတွေ ဒီလိုတွေးတောကြံစည်မယ်ဆိုတာ သိနေတယ်။ နောက်ရက်မှာ သူက ကျောက်ပိယွမ် အသနားခံတာကိုလိုက်လျောပြီး သူမက မိဘအိမ်ပြန်တာကို အဖော်လိုက်လာပေးခဲ့တယ်။

အနောက်ဆောင်က အခြားကိုယ်လုပ်တော်တွေ မကျေမနပ်မဖြစ်အောင်လည်း အဆင့်မြင့်ကိုယ်လုပ်တော်တွေကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့တယ်။

တော်ဝင်ကိုယ်လုပ်တော် ဟွိုက်ရီက သူမမိဘအိမ်ကို လာလည်တဲ့နေ့ ဘုရင့်နန်းတော်ကနေ ဝမ်ယွမ်အမတ် အိမ်ပေါက်ဝအထိ လမ်းကို ပိတ်ဆို့ကာရံထားပြီး လက်နက်ကိုင်အစောင့်တွေ ချထားကြတယ်။ လမ်းဘေးကလူတွေက မင်းကြီးလာတယ်ဆိုတာ မြင်းရထားသံပဲကြားရပြီး ဘယ်သူမှ ကြည့်မြင်လို့မရကြဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ဟွိုက်ရီကိုယ်လုပ်တော်ကို မင်းကြီး ဘယ်လောက်မြတ်နိုးတယ်ဆိုတာ ပြည်သူတွေအားလုံး သိသွားကြတယ်။ အခု ဟွိုက်ရီကိုယ်လုပ်တော်ရဲ့ အဆင့်အတန်းက သူတို့မျက်လုံးထဲမှာ နတ်သမီးလေးလို့ ထင်နေကြတယ်။

ဝမ်ယွမ်အမတ်အိမ်တော်ကိုရောက်တော့ အိမ်တော်ရှိလူကုန်က မင်းကြီးကို နှုတ်ဆက်ဂါရဝပြုကြတယ်။ အချိန်စောသေးလို့ ကျိုးယွင်ရှန့်က ကျောက်ပိယွမ် ငယ်ငယ်ကနေခဲ့တဲ့ ခြံဝင်းလေးကို လိုက်ကြည့်ခဲ့တယ်။ ကျောက်ပိယွမ်ငယ်စဉ်က တရားဝင်အမတ်ကတော်ကြီးရဲ့ ဂရုစိုက်မှုကိုမခံရဘဲ သူမရဲ့ခြံဝင်းလေးက သေးငယ်ပြီး အိမ်လေးကလည်း မသားမနား အဆောက်အဦးလေးတစ်ခုပဲဖြစ်တယ်။ ဒါပေမယ့် အခု သူမက ဘုရင့်နန်းတော်မှာ မျက်နှာသာပေးခံရတာကိုသိလို့ ဝမ်ယွမ်အမတ်ကြီးအမိန့်အရ ခြံဝင်းကိုတိုးချဲ့ပြီး ပြန်လည်မွမ်းမံထားတဲ့အတွက် သူမငယ်စဉ်က နေခဲ့ရတဲ့အဆင့်အတန်းနဲ့ နှိုင်းယှဉ်လို့မရအောင် သပ်ရပ်ပြီး ချစ်စရာကောင်းတဲ့အပြင်အဆင်နဲ့ ရှိနေတဲ့ခြံဝင်းကိုတွေ့တော့ ကျောက်ပိယွမ်ရဲ့စိတ်က နည်းနည်း နာကျင်မှု လျော့ပါးသွားခဲ့တယ်။ သူမက အခု မျှော်လင့်ချက်မဲ့တယ်လို့ မခံစားရတော့ဘူး။

"နောက်ဆုံးတော့ မင်းရဲ့အိမ်ကို ပြန်ရောက်လာခဲ့ပြီ.. မင်းအမေကို သွားတွေ့လိုက်ပါဦး.. ငါကိုယ်တော် မင်းအိပ်ခန်းလေးမှာ ခဏနားလိုက်ဦးမယ်.."

ကျောက်ပိယွမ် သူ့ကိုအာရုံမရတာကို သတိပြုမိတော့ ကျိုးယွင်ရှန့်က သဘောထားကြီးစွာနဲ့ ပြောလိုက်တယ်။

ဒီအချက်က ကျောက်ပိယွမ်လိုချင်တာနဲ့ ကွက်တိဖြစ်လို့ မင်းကြီးကို ကျေးဇူးတင်စကားပြောပြီး သူမရဲ့မွေးမိခင် ကိုယ်လုပ်တော်အမေကိုတွေ့ဖို့ အမြန်လာခဲ့တယ်။ သူမမိခင် ဖိန်းရှီး(ကိုယ်လုပ်တော်အမေ)နဲ့တွေ့ပြီး သူမရဲ့မောင်လေးအတွက် အကောင်းဆုံး အကျိုးအမြတ်ရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို တိုင်ပင်ချင်နေတယ်။ သူမ မျက်နှာသာပေးခံရတာကြောင့် ကျောက်ရွှမ်က ရာထူးဂုဏ်ရှိန်အမြင့်ဆုံးကို ရနေပေမယ့် သူမမောင်အရင်းက ဘွဲ့ဂုဏ်ထူးမရှိတဲ့ သာမန်ပြည်သူတစ်ယောက်အဆင့်ပဲ ရှိသေးတယ်။ ကျောက်ရွှမ်ရထားတဲ့ ယွီကုံနယ်စားမင်းဘွဲ့က သူမမောင်လေးရသင့်တဲ့ ဘွဲ့မဟုတ်ဘူးလား။

တော်ဝင်ကိုယ်လုပ်တော် ဟွိုက်ရီရဲ့မောင်လေးရဲ့ အဆင့်အတန်းက ဘယ်သူမှဖိနှိပ်လို့မရတဲ့ အဆင့်အတန်းတစ်ခု ဖြစ်သင့်တာမဟုတ်ဘူးလား။

ကျောက်ပိယွမ် အရေးတကြီးထွက်သွားတာကို ကြည့်ပြီး ကျိုးယွင်ရှန့် ခေါင်းယမ်းပြီး စိတ်ထဲကနေ လှောင်ပြောင်လိုက်တယ်။ ပြီးတော့ သူက ပြတင်းပေါက်နားက သလွန်ပေါ်မှာ လဲလျောင်းရင်း မိန်းမစိုးတွေနဲ့ အခြွေအရံတွေကို အဝေးမှာနေဖို့ ထွက်သွားခိုင်းလိုက်တယ်။

ကျိုးယွင်ရှန့်က သလွန်မှာလဲလျောင်းရင်း ခရီးသွားမှတ်စုကို ထုတ်လိုက်တယ်။ ဒီအခန်းထဲမှာ အမွှေးနံ့သာတစ်မျိုးကို နံ့သာအိုးလေးထဲမှာထည့်ပြီး ရှို့ထားလို့ တစ်ခန်းလုံးကမွှေးပျံ့နေပြီး ချိုသာတဲ့ရနံ့တွေနဲ့ ကြိုင်နေတယ်။ ဒီမွှေးရနံ့တွေကို ခပ်ကြာကြာရှူမိတော့ ကျိုးယွင်ရှန့်ရဲ့ အာခေါင်တွေခြောက်လာပြီး သွေးတွေပူနွေးလာတယ်။

ကျိုးယွင်ရှန့်က ဖတ်လက်စ ခရီးသွားမှတ်တမ်းကို ချလိုက်ပြီး နဖူးပေါ်လက်တင်ရင်း ပြုံးလိုက်တယ်။ လိရှီး(အမတ်ကတော်ကြီး)နဲ့ ကျောက်ရှင်းရန်က သူမှန်းထားတဲ့အတိုင်း အတိအကျကို တုံ့ပြန်တော့တာပဲ။

ကျိုးယွင်ရှန့်က အပေါ်ဝတ်ရုံကို ရင်ဘတ်ပေါ်အောင်ဖွင့်လိုက်ပြီး ခေါင်းပေါ်ကသရဖူကိုချွတ်ရင်း အပြင်ကို လှမ်းအော်လိုက်တယ်။

"လာကြစမ်း.. လက်ဖက်ရည်တစ်ခွက် ယူလာခဲ့.."

လက်ဖက်ရည်ခွက်ထည့်ထားတဲ့ဗန်းကိုကိုင်ပြီး မိန်းကလေးတစ်ယောက် ပေါ်လာတယ်။ သူမက အိပ်ယာဘေးမှာဒူးထောက်ပြီး အံ့ဩဖွယ်လှပတဲ့ မက်မုံပန်းလေးလို ချောမောလှတဲ့ သူမရဲ့မျက်နှာကို ဖော်ပြထားတယ်။

ဧကရာဇ်ရဲ့မျက်နှာပေါ်မှာ သူမရဲ့လှပမှုကြောင့် အံ့အားသင့်မှုကိုတွေ့ရမယ်လို့ ထင်ပေမယ့် အံ့အားသင့်သွားတာက သူမကိုယ်တိုင်ပဲဖြစ်တယ်။ သူမရှေ့မှာရှိတဲ့လူက ဝါးပင်လိုရှည်သွယ်ပြီး နွေဦးမှာပွင့်တဲ့ပန်းလို လန်းဆန်းလှပနေမှုကို ကျောက်စိမ်းအသွင်လှပတဲ့ မျက်နှာထက်မှာ တွေ့လိုက်ရတယ်။ သူ့ရဲ့မျက်ဝန်းတစ်စုံက တောက်ပပြီး ဆောင်းဦးရာသီမှာ ကန်ရေပြင်ပေါ်ဖြာကျနေတဲ့ နေရောင်လို တဖျပ်ဖျပ်လက်နေတယ်။

ဧကရာဇ်မင်းရဲ့အသွင်က နတ်ဘုရားတစ်ပါးလို တင့်တယ်လှပပြီး ပိုးသားလိုနက်မှောင်တဲ့ဆံပင်တွေက ပုခုံးပေါ် ခပ်လျော့လျော့ကျနေတယ်။ အင်္ကျီရင်ဘတ်ကို လှစ်ဟထားလို့ ဖြူတဲ့ရင်အုပ်နဲ့ ဝမ်းဗိုက်ကြွက်သားတချို့ကိုတောင် မြင်နေရတယ်။ ကျိုးယွင်ရှန့်ရဲ့ခြေတစ်ဖက်က သလွန်ပေါ်ထောင်နေပြီး တစ်ဖက်က ဆန့်တန်းထားတယ်။ သူ့မျက်ဝန်းတွေက စိတ်လှုပ်ရှားစရာကြောင့် တောက်ပစွာ အရောင်လက်နေတယ်။

ကျောက်ရှင်းရန်က တခဏလေးမြင်လိုက်ရတာနဲ့ သူမမျက်နှာက ရှက်သွေးနဲ့ ရဲရဲနီပြီး ခေါင်းငုံ့သွားခဲ့တယ်။ ကျောက်ပိယွမ်က နတ်သားတစ်ပါးလိုချောမောလှတဲ့ ဧကရာဇ်ကို ကျရှုံးအောင် ဘယ်လိုများဆွဲဆောင်နိုင်ခဲ့တာလဲလို့ တွေးမိတော့ ကျောက်ရှင်းရန်ရဲ့ရင်ဘတ်က မနာလိုမှုတွေကြောင့် တင်းကျပ်လာခဲ့တယ်။

ကျောက်ရှင်းရန်က ဧကရာဇ်ရဲ့ အသက်ရှူသံပြင်းပြင်းကိုကြားတော့ အရဲစွန့်ပြီး သူမရဲ့ဝတ်ရုံလွှာကိုချွတ်ခွာလို့ သလွန်ပေါ်ကိုတက်လိုက်တယ်။ သူမတို့အကြံ အောင်မြင်တယ်လို့ထင်သွားဖို့ သူမဝတ်ဆင်ထားတဲ့အဝတ်တွေကို ဖရိုဖရဲဖြစ်သွားအောင် လုပ်ဖို့ပဲလိုတယ်။ ဒီလို အပိုင်ပေါက်စီစဉ်ထားတဲ့အတွက် ထပ်မံရောက်ရှိလာတဲ့ နယ်စားယွီကုံ အရှက်မရစေဖို့ သူမကို ကိုယ်လုပ်တော်အဖြစ် လက်ခံဖို့ကလွဲပြီး ဧကရာဇ်မှာ ရွေးစရာမရှိတော့ဘူး။

ကျောက်ရှင်းရန်က သူမတို့အစီအစဉ်ကိုတွေးပြီး ကျေနပ်နေတုန်း သလွန်ပေါ်မရောက်ခင် ဘုရင်က မောင်းထုတ်လိုက်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

"အစောင့်တွေ လာကြ.. သူမကိုဆွဲထုတ်ပြီး ငါကိုယ်တော့်ဆီကို ကျောက်ရွှမ်ကို ခေါ်ခဲ့လိုက်.."

သူက ငြီးငွေ့စွာ မိန့်လိုက်တယ်။

အစောင့်တွေက ကျောက်ရှင်းရန်ကို ခေါ်ထုတ်သွားပြီး ကျောက်ရွှမ်ကိုလိုက်ရှာပြီး အခစားဝင်ဖို့ ပြောလိုက်တယ်။ အမိန့်ကိုလက်ခံရရှိတော့ ကျောက်ရွှမ်က အမြန်သွားလိုက်တယ်။ အိပ်ခန်းတံခါးကိုဖွင့်လိုက်တော့ ဧကရာဇ်က ပျော့ပျောင်းတဲ့အိပ်ယာထက်မှာ ထိုင်နေပြီး သူ့ရဲ့မျက်ဝန်းတွေက ခါတိုင်းလို တောက်ပမနေဘဲ အရိပ်တချို့နဲ့ ရီဝေဝေဖြစ်နေတာကို တွေ့လိုက်ရတယ်။

ကျောက်ရွှမ်က အရည်လဲ့နေတဲ့ မျက်ဝန်းတစ်စုံကြောင့် အသက်ရှူရပ်မတတ်ဖြစ်သွားပြီး ခြေစွပ်ချွတ်ထားတဲ့ ခြေထောက်တစ်စုံကို တွေ့လိုက်ရတယ်။ ပန်းရောင်ခြေချောင်းလေးတွေနဲ့ ဖြူစွတ်တဲ့အသားအရေအောက်က အပြာရောင်သွေးကြောလေးတွေ မြင်နေရပုံက တော်ဝင်ပန်းချီကားတွေကိုတောင် အရှက်ရသွားအောင် အနုပညာလက်ရာမြောက်လှတယ်။

"အရှင်မင်းကြီး.. ကျွန်တော်မျိုးကို ဘာ့ကြောင့်ခေါ်ရပါသလဲ.."

ကျောက်ရွှမ်က စိတ်လှုပ်ရှားတာကိုထိန်းဖို့ အသံအကျယ်ကြီး လျှောက်တင်လိုက်တယ်။

'ဒီစိတ်ကြွဆေးပါတဲ့ အမွှေးနံ့သာကြောင့် ထကြွနေတဲ့စိတ်ကို ငြှိမ်းသတ်ဖို့ မင်းကိုခေါ်လိုက်တာပေါ့ကွ။ မဟုတ်ရင် ငါကိုယ်တော်က တစ်ယောက်တည်း ဒီဝေဒနာကို ကျိတ်မှိတ်ခံရမှာလား' ကျိုးယွင်ရှန့်က စိတ်ထဲကနေပြောပြီး အနီရောင်သမ်းလာတဲ့ မျက်ဝန်းတစ်စုံနဲ့ ကြည့်ရင်း ကျောက်ရွှမ်ရဲ့ အင်္ကျီရင်ဘတ်စကို ဆုပ်ကိုင်လို့ သူ့ကိုအိပ်ယာပေါ်ဆွဲချပြီး နှုတ်ခမ်းကိုဖိနမ်းလိုက်တယ်။

အရင်တုန်းက ဘယ်ယောက်ျားတစ်ယောက်နဲ့မှ အဆက်ဆံ အပတ်သက်မရှိဘူးတဲ့ ကျောက်ရွှမ်အတွက် ယောက်ျားတစ်ယောက်ရဲ့နှုတ်ခမ်းက ဒီလောက်နူးညံ့ပြီး ချိုမြိန်တယ်ဆိုတာ မသိခဲ့ဘူး။ ဘုရင်ရဲ့သွားကြားက ချိုမြိန်တဲ့အရသာက ဘိန်းလိုမျိုး လူကိုယစ်မူးသွားစေတယ်။ ဒါပေမယ့် ဘယ်လောက်အရသာရှိပြီး ညှို့ငင်အားကြီးပါစေ သူ တချီပြည်ရဲ့ဧကရာဇ်ဖြစ်တဲ့ ဒီအမျိုးသားကို နည်းနည်းလေးမှ မထိတွေ့ရဲဘူး။

ကျောက်ရွှမ်က ပထမ ဘုရင်ကိုတွန်းဖယ်ပစ်ဖို့ စိတ်ကူးထားပေမယ့် ကျားတစ်ကောင်လိုသန်မာတဲ့ သူ့ခွန်အားတွေက ပျောက်ဆုံးပြီး ပျော့ကျသွားတာကို တွေ့လိုက်ရတယ်။ ကျောက်ရွှမ် စိတ်ရှုပ်ထွေးပြီး တွေဝေနေတာကို အခွင့်ကောင်းယူပြီး ကျိုးယွင်ရှန့်က သူ့အင်္ကျီရင်ဘတ်ကို ဆွဲဖွင့်လိုက်ပြီး စေ့ထားတဲ့သွားကြားကို လျှာနဲ့ထိုးဖောက်လိုက်တယ်။

သူတို့ချစ်တင်းနှောနေတဲ့ အချိန်အတွင်း ပြင်းပြင်းပြပြ နမ်းရှိုက်ရတာကို ကျိုးယွင်ရှန့် သဘောကျတယ်။ အနမ်းတွေကနေတစ်ဆင့် သူတို့နှစ်ယောက်စိတ်ဝိညာဉ်တွေ ပေါင်းစည်းသွားသလို ခံစားရပြီး ဒီခံစားချက်က လိင်ဆက်ဆံပြီးလို့ အထွတ်အထိပ်ရောက်တာထက် လူကို ပိုကျေနပ်စေပြီး စိတ်လှုပ်ရှားမှုဖြစ်စေတယ်။ ဒါပေမယ့် အခု သူ့ချစ်သူက သူ့အနမ်းကို တင်းခံထားတာကို သူခံစားလိုက်ရပေမယ့် ကျိုးယွင်ရှန့်က နည်းနည်းမှ ဂရုမစိုက်ဘူး။ ကျောက်ရွှမ်က သလွန်ပေါ်မှာ သူ့ကို ပြန်မနမ်း၊ မပွေ့မဖက်ဘဲ သစ်တုံးကြီးလို မတုန်မလှုပ် ငြိမ်ခံနေတယ်။

ကျိုးယွင်ရှန့်ရဲ့လှုပ်ရှားမှုတွေ တဖြည်းဖြည်းနှေးပြီး ရပ်တန့်သွားတော့တယ်။ သူ့လက်နှစ်ဖက်က သူ့ချစ်သူရဲ့ ပါးပြင်နှစ်ဖက်ကို ညှပ်ကိုင်ပြီး ပူနွေးတဲ့ထွက်သက်တွေက ကျောက်ရွှမ်ရဲ့ပါးပြင်ကို ရိုက်ခတ်နေတယ်။ သူ့ချစ်သူက လိင်စိတ်ကင်းမဲ့တဲ့ လူတစ်ယောက်ဖြစ်နေမယ်လို့ သူ မမျှော်လင့်ထားမိဘူး။ ဒီလူကို သူ ဘာကြောင့် ခေါ်လိုက်တယ်ထင်နေတာလဲ။ အခုတော့ သူက သစ်တုံးကြီးလို လာလုပ်နေတယ်။ သူက သစ်တုံးနဲ့ လိင်ဆက်ဆံရမှာလား။ ဒီလောက်ကြီးတော့ သူ ဆာလောင်မနေဘူး။

"ထွက်သွား.."

အရှက်ခွဲခံလိုက်ရလို့ သူက ဒေါသတကြီးနဲ့ တစ်ဖက်လူကို မောင်းထုတ်ပစ်လိုက်တယ်။ သူ့အသံက လှိုက်ဖိုမောနေတယ်။

"ပြန်သွားပြီး မင်းညီမကို သူလုပ်ခဲ့တဲ့ ရူးကြောင်ကြောင်လုပ်ရပ်တွေကို မေးကြည့်လိုက်.. ပိယွမ်ကြောင့် ငါ ဒီကနေ့ ဘာမှအရေးမယူတော့ဘူး.. ဒါပေမယ့် အခုလုပ်လိုက်တဲ့အတွက် မင်းမိသားစုက ပြန်ပေးဆပ်ရမယ်.."

ကျောက်ရွှမ်က အခန်းထဲကနေ ထွက်သွားလိုက်တယ်။ တံခါးပိတ်လိုက်တာနဲ့ သူ လှည့်ထွက်လာပြီး သူ့တစ်ကိုယ်လုံးကချွေးတွေက အခုဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် စိတ်နှလုံးတုန်လှုပ်နေတာကို ပြသနေတယ်။ တကယ်လို့ အတွင်းအားကိုသာ သူ့ခန္ဓာကိုယ်ရဲ့ ထကြွလာတဲ့စိတ်ကို ဖိနှိပ်ထားဖို့ မသုံးနိုင်ခဲ့ရင် သူ ရူးသွားမလားတောင် စိုးရိမ်ရတယ်။

ကျောက်ရွှမ်က လျှိုဟော့ရဲ့ဘေးက ဖြတ်လာတဲ့အချိန် ခေါင်းညိတ်ပြလိုက်ပြီး မနှေးလွန်းမမြန်လွန်း ဖြတ်သန်းလာခဲ့တယ်။ အပြင်ပန်းက တည်ငြိမ်နေပေမယ့် သူ့အတွင်းစိတ်ထဲက လှိုင်းခတ်နေသလို လှုပ်ရှားယိမ်းထိုးနေတယ်။ လိပ်ပြာမွှေးရနံ့က ဘယ်လောက်ပြင်းတယ်ဆိုတာ သူကိုယ်တိုင်လက်တွေ့ကြုံလို့ သိလိုက်ရပြီး သူ မျက်လုံးပိတ်မထားဘဲနဲ့တောင် ဧကရာဇ်ရဲ့ ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ တောင်းဆိုမှုကို ပြန်လည်မြင်ယောင်နေမိတယ်။

ဧကရာဇ်က သူ့ပါးနှစ်ဖက်ကို လက်နဲ့ညှပ်ကိုင်ထားပြီး နက်မှောင်တဲ့ဆံပင်တွေက ရေတံခွန်လို သူ့ကိုယ်ပေါ်ဖြာကျနေတယ်။ ဧကရာဇ်က လျှာကိုဆန့်တန်းပြီး သူ့အာခံတွင်းထဲဝင်ဖို့ ကြိုးစားလိုက်ပုံ၊ သူ့ကိုဆွဲချပြီး အပေါ်ကနေ ဖိထားပုံတွေကို အသေးစိတ်ပြန်စဉ်းစားလိုက်ချိန် သူ့ကိုယ်မှာဖြစ်နေတဲ့ ပင်ပန်းနွမ်းနယ်မှုတွေ ပျောက်သွားသလို ခံစားလိုက်ရတယ်။

ဒါပေမယ့် တစ်ဖက်လူက ဧကရာဇ်ဖြစ်လို့ သူ ဘယ်လိုမှ ပြန်လည်ထိတွေ့ကိုင်တွယ်တာကို မလုပ်နိုင်ခဲ့ဘူး။ မဟုတ်ရင် ပြဿနာကြီးတက်ပြီး အားလုံး ဒုက္ခရောက်သွားနိုင်တယ်။

ကျောက်ရွှမ်က သူ့ခန္ဓာကိုယ်ကိုထိန်းထားတဲ့ အတွင်းအားကို ရုပ်သိမ်းလိုက်ပြီး သူထွက်လာခဲ့တဲ့နေရာကို ပြန်ကြည့်မိတော့ နှလုံးသားက လောင်ကျွမ်းတော့မလို ပူလောင်မှုကို ခံစားလိုက်ရတယ်။
ကျောက်ရှင်းရန်က အစောင့်တွေလိုက်ပို့လို့ သူမအဆောင်ကိုပြန်ရောက်ကတည်းက အိပ်ယာထဲမှာငိုကြွေးနေတယ်။ အမတ်ကတော်ကြီးက ပူပန်တဲ့စိတ်နှလုံးနဲ့ ရင်ဘတ်ကိုမ,လို့ သမီးဖြစ်သူကို နှစ်သိမ့်ပေးနေတယ်။ စိတ်ကြွဆေးထည့်ပြီး ထွန်းညှိထားပေမယ့် ဆေးစွမ်းမပြတဲ့အတွက် ဧကရာဇ်က သူမကို ဘာမှမလုပ်ဘဲ မောင်းထုတ်ပစ်လိုက်တယ်။ အခုဖြစ်ရပ်ကြောင့် ဧကရာဇ်က ကျောက်ပိယွမ်နဲ့ ကျောက်ရွှမ်ရဲ့ဂုဏ်သိက္ခာကို ငဲ့ကွက်ပြီး ဒီကိစ္စကို သေချာကိုင်တွယ်မယ်လို့တော့ မျှော်လင့်ရတာပဲ။ မဟုတ်ရင် သူ့သမီးအနာဂတ်က ရစရာမရှိအောင် ဖျက်ဆီးခံရလိမ့်မယ်။

ကျောက်ရွှမ်ရောက်လာကြောင်း အစေခံက သတင်းလာပို့တော့ အမတ်ကတော်ကြီးက အလောတကြီးခေါ်မေးလိုက်တယ်။

"ရွှမ်အယ်.. ဧကရာဇ်က မင်းကို ဘာပြောလိုက်တာလဲ.."

"ကျောက်ပိယွမ်ရဲ့မျက်နှာကိုထောက်ပြီး ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်တဲ့.."

ကျောက်ရွှမ်က ထိုင်ခုံမှာဝင်ထိုင်ရင်း ပြောလိုက်တယ်။ သူ့ခန္ဓာကိုယ်မှာဖြစ်နေတဲ့ ပြင်းထန်ထကြွတဲ့ ပူလောင်မှုကို လွှဲပြောင်းလိုက်ပြီးနောက် ကျောက်ရွှမ်က ဒီအဖြစ်အပျက်နဲ့ ဧကရာဇ်အပြုအမူကို အသေးစိတ် ပြန်လည်မှတ်မိလာတယ်။ ဧကရာဇ်က သူ့ကို အိပ်ယာထဲဆွဲသွင်းလိုက်မယ်လို့ ဘယ်သူစဉ်းစားမိမှာလဲ။ သူ့ကို ဘယ်သူနဲ့ မှားခဲ့တာလဲ။ ကျောက်ပိယွမ်နဲ့လား..။ သူ့ကိုဆွဲသွင်းပြီးမှ ယောက်ျားလေးမှန်းသိသွားလို့ ကန်ထုတ်လိုက်တာပဲဖြစ်မယ်။

ကျောက်ပိယွမ်ရဲ့ဂုဏ်သိက္ခာအတွက် သူ့ကို ခွင့်လွှတ်မယ်လို့ပြောခဲ့တယ်။ ဘုရင်က ကျောက်ပိယွမ်အတွက် သူ့စင်ကြယ်မှုကို စောင့်ထိန်းတာဖြစ်မယ်။ စဉ်းစားနေရင်း ကျောက်ရွှမ်က သူ ဘာကြောင့် စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုတာ မသိပေမယ့် စဉ်းစားလေ ဒေါသထွက်လေ ဖြစ်လာမိတယ်။ ဒီလို ရှုပ်ထွေးတဲ့အတွေးတွေကြား နစ်မြုပ်နေရင်း သူ့ညီမကျောက်ရှင်းရန်က ဆွဲဆောင်မှုရှိတဲ့ အနီရောင်ဝတ်စုံကို ဝတ်ထားတာကို သတိပြုမိလိုက်တယ်။

"ဒုတိယသခင်မလေးကို ကိုယ်လက်သန့်ရှင်းဖို့ ကူညီပေးပြီး ကျောက်ကျေးရွာကို လိုက်ပို့လိုက်ကြ.."

ဝမ်ယွမ်အမတ်အိမ်တော်က ပိုင်ဆိုင်တဲ့ ကျေးရွာတစ်ရွာရှိတယ်။ ဒီရွာကိုရောက်ဖို့ သုံးရက်သုံးညတိတိ သွားရပေမယ့် မြို့တော်နဲ့ အရမ်းကြီးဝေးကွာတယ်တော့ မဟုတ်ဘူး။ ကျောက်ရှင်းရန်က ငိုကြွေးနေရာကနေ အစ်ကိုဖြစ်သူကို တောင်းပန်လိုက်တယ်။

"ရွှမ်အယ်.. မင်း ဘာကြောင့် ဒီလိုလုပ်တာလဲ.. မင်းကြီးက ခွင့်လွှတ်လိုက်တယ်လို့ ပြောတယ်မလား.. ဘာ့ကြောင့် ကျောက်ရှင်းရန်ကို ရွာကိုလွှတ်ရတာလဲ.. အမေ သဘောမတူဘူး.."

အမတ်ကတော်ကြီးက သူမကိုယ်နဲ့ သမီးဖြစ်သူကို ကာကွယ်ထားပေမယ့် အစေခံတွေက ကျောက်ရွှမ်ရဲ့အမိန့်နဲ့ ရေပူနဲ့ အဝတ်အစားတွေ ယူဆောင်လာကြတယ်။ ကျောက်ရှင်းရန်ကို ကိုယ်လက်သန့်စင်ဖို့ ဝိုင်းကူညီပေးကြတယ်။

"ဧကရာဇ်ပြောခဲ့တာကို ကျွန်တော် စိတ်မဝင်စားဘူး.. ဒါပေမယ့် သူက ကျောက်ရှင်းရန်ကိုတွေ့တိုင်း သူ့စိတ်က မကြည်မသာဖြစ်နေလိမ့်မယ်.. ဒီအချက်ကို ဂရုမစိုက်ရင် ဒါက ကျွန်တော်တို့အတွက် အပိုင်ကိုင်စရာ အားနည်းချက်တစ်ခု ဖြစ်လာလိမ့်မယ်.. ဒီအချက်နဲ့ ကျွန်တော်တို့ကို ဘုရင်က ထိုးနှက်လာလိမ့်မယ်.."

ဒီစကားကိုပြောပြီး ကျောက်ရွှမ်က လက်ကိုခါပြီး ထွက်သွားတော့တယ်။ အမတ်ကတော်ကြီးက ဒီအချက်ကို အတော်ကြာစဉ်းစားပြီးနောက် တွန့်ဆုတ်စွာနဲ့ သမီးငယ်ကို ရွာကိုပို့ဖို့ သဘောတူလိုက်တယ်။

တကယ်လို့ သူမက အချိန်ဆွဲနေလို့ ဘုရင်နဲ့ကျောက်ပိယွမ်က နန်းတော်ကနေ ဆင့်ခေါ်စာပို့လာတဲ့အခါ ရူးနေတဲ့အမတ်ကြီးက သူ့သမီးခြေထောက်တွေကို လာရိုက်ချိုးမှာကို ကြောက်နေမိတယ်။

ကျောက်ပိယွမ်က ဝမ်ယွမ်အိမ်တော်မှာ သူမအမေနဲ့ မောင်ဖြစ်သူကို ကာကွယ်ဖို့ သူလျှိုတွေလွှတ်ထားလို့ ကျောက်ရှင်းရန် ဘုရင့်အခန်းကိုလာပြီး ပြန်ထွက်သွားတာနဲ့ ဖြစ်ပျက်ခဲ့သမျှအားလုံးကို သူမဆီကို အထောက်တော်တွေက အစီရင်ခံခဲ့တယ်။ အရင်က ဒီအိမ်တော်က အဆင့်အတန်းနိမ့်ကျတဲ့ ကိုယ်လုပ်တော်သမီးက အခု မင်းဧကရာဇ်ရဲ့အချစ်တော် တော်ဝင်ကြင်ယာတော် ဖြစ်နေပြီဖြစ်လို့ အရင်လို သူ့ မကျေနပ်ချက်တွေကို ဖိနှိပ်ထားဖို့ မလိုတော့ဘူး။

"အရှင်မင်းကြီး.. ကျွန်မရဲ့ညီမက အခု လက်ထပ်ဖို့အရွယ်ရောက်နေပြီ.. သူ့အတွက် ကျွန်မ ကူညီပြီး အိမ်ထောင်ဖက်ရှာပေးလို့ရမလား.."

ကျောက်ပိယွမ်က မင်းကြီးကို လျှောက်တင်လိုက်တယ်။

"အိုး... ငါကိုယ်တော်ရဲ့ ချစ်လှစွာသောကိုယ်လုပ်တော် စိတ်ထဲကနေ သင့်တော်တဲ့သတို့သားလောင်းကို တွေ့ထားပြီလား.."

ကျိုးယွင်ရှန့်က သူမပန်းကန်ထဲကို စားစရာတွေထည့်ပေးရင်း နူးညံ့စွာ မေးလိုက်တယ်။


👑👑👑👑👑👑

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now