မသိရသေးသော အမှန်တရား (စတုတ္ထပိုင်း)

2.9K 425 7
                                    

ညလေညှင်းသွဲ့သွဲ့သည် သစ်ရွက်များကြားမှ တရွမ်ရွမ်အသံပြုကာ လှိုင်းသဖွယ်ဝေ့လျက်ရှိသည်။

ဖန်ကျီကျင်း၏ကျောပြင်ပုံရိပ်မှာလည်း တစစနှင့် မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

ဟွာဟွမ်ရှို၏ ခြေအစုံမှာ မူလရပ်နေသည့်နေရာတွင်ပဲ ကျောက်ချမိသယောင် လှုပ်ရှားမလာသေးပေ။ လေးလံသော၊ အစီအစဉ်မကျသော၊ ရောထွေးနေသော သူ၏နှလုံးခုန်သံတို့မှာလည်း သစ်ရွက်များပွတ်တိုက်သံများကြားတွင် ကွယ်ပျောက်လျက်။

ဆုန်းဘော်လင်၏အခန်းမီးမှာ ငြိမ်းသွားလေချေပြီ။

လောကကြီးဟာ အားလုံးကို နှုတ်ဆက်ကာ အိပ်ပျော်သွားလေပြီ။

ဖန်ကျီကျင်း၏အရိပ်အယောင်တောင် ဒီအနီးအနားတွင် မတွေ့ရတော့။ ဖန်ကျီကျင်းပြုံးလိုက်သည့် မထင်မှတ်ထားသော အပြုံးပုံရိပ်သည် သူ့အတွေးထဲတွင် အချိန်အတော်ကြာ တဝဲလည်လျက်။

ဟွာဟွမ်ရှို မိမိကိုယ်ကိုယ် ဆွဲဆိတ်လိုက်ကာ အတွေးလွန်နေမှုမှ မိမိဘာသာမိမိ ပြန်ကယ်တင်လိုက်ရလေသည်။ အဲ့နောက်မှာတော့ တည်ငြိမ်သောအသွင်ကို ပြန်ပြောင်းကာ ဖန်ကျီကျင်း ခုနကလျှောက်သွားသည့် လမ်းတလျှောက်သို့ ဦးတည်လိုက်တော့သည်။

နေ့လယ်နေ့ခင်းဘက်တွင် ကျိုဟွာဂိုဏ်းသည် မည်မျှဆူပူအသံတွေညံနေစေကာမူ ညဘက်ရောက်လာလျှင် အမြဲလို တိတ်ဆိတ်သွားတတ်သည်။

သလင်းကျောက်ကလေးများခင်းထားသည့် လမ်းသွယ်ရှည်လေးတလျှောက်တွင် ဟွာဟွမ်ရှို၏ခြေသံတခုသာ အရှင်းသားကြားနေရလေသည်။

"အကိုတော်"

ဟွာဟွမ်ရှို အံ့သြတကြီးနှင့် ခေါင်းမော့ကြည့်လိုက်ရာတွင် ဖန်ကျီကျင်းသည် မိမိကို ကိုက်၂၀အကွာလောက်တွင် ရပ်၍စောင့်နေသည်ကို တွေ့လိုက်ရလေသည်။ ညရဲ့အမှောင်သည် ဖန်ကျီကျင်း၏မျက်နှာကို မျက်နှာဖုံးသဖွယ် ကွယ်ထားနေသောကြောင့် သူ့မျက်နှာအမူအယာကို ရှင်းရှင်းလင်းလင်းမမြင်ရချေ။ သို့သော်လည်း ဟွာဟွမ်ရှို၏စိတ်ထဲတွင် ပထမဆုံးပြေးမြင်မိသည်မှာ ဆုန်းဘော်လင်၏အခန်းမှထွက်လာစဉ်က ဖန်ကျီကျင်းပြုံးလိုက်သော အဓိပ္ပာယ်ပါသည့်အပြုံး...............

ကောင်းကင်ယံက ပန်းပွင့်များ (Myanmar Translation)Where stories live. Discover now