ခေါင်းအုံးလေးကို ဆွဲယူလို့
ရင်ခွင်ထဲ ထည့်ဖက်ထားမိတယ်......
သူ့ကိုယ်သင်းရနံ့ သင်းသင်းလေး......

နောက်ဆို ဒီအငွေ့အသက်တွေ မရှိပဲ
ကျနော် ရှင်သန်နေထိုင်ရတော့မှာ......

18နှစ် ကျော်ခါစ ကျနော့်ကို
သူက Living together ဆိုတဲ့
ခေါင်းစဉ်အောက်မှာ ပျော်မွေ့စေခဲ့တယ်......

ကျနော်ကိုယ်တိုင်ကလည်း ကျေနပ်စွာ
အရောင်ဆိုးခံခဲ့တာပဲမို့
သူ မတရားတာမျိုးတော့ မဟုတ်.......

ခန္ဓာကိုယ်နှစ်ခုဟာ အတိုင်းထက်အလွန်
ရင်းနှီးကျွမ်းဝင်ကြပြီးသား......

ကြိမ်ဖန်များစွာ ရူးသွပ်ခဲ့တဲ့
သူ့အထိအတွေ့တွေကို မေ့ဖျောက်ရန်က
နည်းနည်းတော့ ခက်မည် ထင်သည်လေ......

ဒါပေမဲ့ သူမရှိပဲ ရှင်သန်ဖို့
ကျနော် ဆုံးဖြတ်ချက်ချခဲ့ပြီမို့.....

ကျနော် အိပ်ရာကနေ ထပြီး
ရေချိုးခန်းထဲ ဝင်လိုက်သည်......

သွားတိုက်ဆေးထည့်ပြီးသား
သွားပွတ်တံ အပြာနုလေးရယ်
ရေခွက် အပြာရောင်လေးရယ်.......

အရင် နိုးတဲ့လူက သွားတိုက်ဆေး
ထည့်ပေးတတ်ကြတဲ့ ကျနော်တို့ရဲ့
အကျင့်လေးတစ်ခု.....

သွားကို ခပ်ကြမ်းကြမ်း ပွတ်တိုက်ပြီးနောက်မှာ
သွားပွတ်တံကို ဘေးနားက အမှိုက်ပုံးထဲ
ပစ်ထည့်လိုက်တယ်......
နောက်နေ့ဆို ဒါတွေ မလိုတော့ဘူးလေ......

မီးဖိုခန်းထဲ ဝင်လာတော့ ကျနော် ကြိုက်တဲ့
ချဉ်စပ်ခေါက်ဆွဲပြုတ်နံ့က သင်းခနဲ......

"လူကြီး....."

"ကလေး နိုးပြီလား"

"အင်း.....ခေါက်ဆွဲ ပြုတ်နေတာလား"

"ကိုယ် စောပြီး နိုးနေလို့လေ
လာထိုင်.....ခဏနေဆို ရပြီ"

မီးဖိုဘက်ကို ပြန်လှည့်သွားတာမို့
မြင်နေရတဲ့ သူ့ကျောပြင်ပြန့်ပြန့်......

အနောက်ဖက်ကနေ သိုင်းဖက်လိုက်ရင်း......

"ဘာလဲ.....ကလေး"

"ခဏ.....ဒီလိုလေး နေချင်လို့"

ရင်ခွင်ထဲ တိုးဝင် ငိုကြွေးရတာ
အားမရလို့ ကျောပြင်ပေါ်
မှီတွယ်ပြီးတောင် ငိုချင်နေသေးတာ......

•~ ENDLESS ~•Where stories live. Discover now