တောဝက်ရိုင်းကြီးသည် အလေးချိန်များသလောက် သွက်လက်သည်။ ခြုံနွယ်ဆူးခြုံများကြား လှစ်ခနဲ လှစ်ခနဲ ပေါ်လိုက်၊ပျောက်လိုက် ဖြစ်နေသည်။ သို့ပေမယ့် ပြေးပေါက် မရှိတော့။ တဖြည်းဖြည်းနှင့် ပိုက်ကာထားရာ တောစပ်သို့ ရောက်ခါနီးနေပြီဖြစ်သည်။ ဆူညံသော တောခြောက်သံများကြောင့်လားမသိ။ အမြင့်ပိုင်းတစ်နေရာရှိ ကျောက်တုံးများကြားမှ ဒရယ်တစ်ကောင်သည် ကြောက်လန့်တကြား ဆင်းပြေးသွားသည်။ ထိုအခြင်းအရာကို မြင်လိုက်ရသည့် လုလိယက်စ်သည် မြင်းကိုလှည့်ကာ အုပ်စုထဲမှ ခွဲထွက်သွားသည်။ အပြင်းနှင်လိုက်သော မြင်းပေါ်မှာပင် လွယ်ထားသော သားရေဗူးထဲမှ မြှားကိုထုတ်ယူကာ လေးမှာတပ်လိုက်သည်။

လုလိယက်စ် အုပ်စုမှဖဲ့ထွက်သွားခြင်းကို ဖဲလ်လစ်နှင့် အဲလ်ဇီယိုသာ မြင်လိုက်သည်။ ခြေကျင်တောခြောက်နေသော ဖဲလ်လစ်သည် နောက်မှအပြေးလိုက်သွားသော်လည်း မမီလိုက်။ လုလိယက်စ်သည် ချက်ခြင်းလိုပင် သစ်ပင်များကြားတွင် ပျောက်ကွယ်သွားသည်။

အဘိုးအို အဲလ်ဇီယိုမှ လုလိယက်စ်အတွက် စိုးရိမ်သွားသည်။ ယခုနေရာများသည် လုံးဝအေးချမ်းသည်ဟု မဆိုနိုင်။ တောပုန်းဓါးပြများ ရှိနေတတ်သည်။ သူကိုယ်တိုင်နောက်မှလိုက်ဖို့ ကြိုးစားသော်လည်း မနက်ခင်း မြင်းပေါ်စတက်ကတည်းက နာနေခဲ့သော ခါးမှ နာကျင်မှုက တားဆီးနေသည်။ အသက်ကြီးပြီဖြစ်သော အဘိုးအိုသည် လုလိယက်စ်ကိုမီအောင် မြင်းစီးလိုက်ဖို့ရန်မှာ မဖြစ်နိုင်။ ဖဲလ်လစ်နားသို့ မြင်းကိုစီးသွားပြီး မြင်းပေါ်မှ ခပ်မြန်မြန် ဆင်းလိုက်သည်။

"ဖဲလ်လစ်။ အရှင့်နောက် လိုက်သွား။ မြန် မြန်။"

ဖဲလ်လစ်သည် အဘိုးအိုကမ်းပေးသော မြင်းပေါ်ခုန်တက်ပြီး ဇက်ကုန်ဖွင့်ကာ တောနက်ထဲ ဒုန်းစိုင်းဝင်ရောက်သွားသည်။ ဖဲလ်လစ်ပျောက်ကွယ်သွားမှ အဘိုးအိုမှာ ဆူညံနေသောအုပ်စုရှိရာ ပြန်လှည့် ဖြစ်သည်။ သို့ပေမယ့် ဘယ်သူမှ မရှိတော့။ ခေတ္တခဏအချိန်လေးအတွင်းမှာပင် အားလုံးသည် သစ်ပင်ချုံနွယ်များကြား ပျောက်ကွယ်သွားကြသည်။ ကျွန်များ၏တောခြောက်သံများကိုမူ ကြားနေရသေးသည်။

ထာ၀ရ ပုံပေWhere stories live. Discover now