Part 21 (Unicode)

15.5K 2.3K 197
                                    

နှင်းရေသောက်ထားသော မြက်ခင်းစိမ်းများမှာ နေရောင်ခသည်နှင့် နိုးကြွလာသည့်ဟန်။ ၎င်းတို့ပေါ်တွင် တွဲခိုနေသော နှင်းရည်စက်များကို လေအဝှေ့မှာ လွှတ်ခါချနေကြသည်။ ကောင်းကင်ယံသည် နက်ပြာရင့်ရောင်၊ အပြာနုရောင်အပြီး တဖြည်းဖြည်းရောင်နီသန်းလာနေသည်။

ဂူပေါက်ထဲသို့ တိုးဝင်နေသော မနက်ခင်းအလင်းရောင်များသည် လုလိယက်စ်ကို ဆက်မအိပ်နိုင်တော့အောင် လှုပ်နှိုးနေသည်။ နာကျင်မှုကြောင့် တစ်ညလုံး အိပ်လိုက်၊ နိုးလိုက်ဖြင့် အချိန်ကုန်ခဲ့သည်။ မိုးမလင်ခင်ကလေးတွင်မှ စိတ်ထဲမှာ တစ်မှေးလောက်သာ အိပ်ပျော်သွားသည်ဟု ထင်ထားခဲ့ပေမယ့် ယခုနိုးလာချိန်မှာ ဂူငယ်လေး၏ အပြင်ဘက်တွင် ထင်းထင်းလင်းနေကာ နေမြင့်နေပြီဖြစ်သည်။

လုလိယက်စ်၏ ဘေးနားတွင် ဖဲလ်လစ်ရှိနေသေးသည်။ ဖဲလ်လစ်ရှေ့တွင်တော့ ကျောက်တုံးကြီးငယ်များကို လေကွယ်အောင် မီးဖိုသဖွယ်ပြုလုပ်ထားပြီး အောက်ခြေတွင် မီးခဲရဲရဲနှင့် မီးဖိုထားသည်။ မီးခဲပေါ်တွင်တော့ ထုတ်ချင်းပေါက်အောင် တုတ်ထိုးထားသည့် အရေခွံစုတ်ထားသည့် ယုန်တစ်ကောင်။ မွှေးပျံ့သော အသားကင်အနံ့သည် ဆာလောင်လာစေသည်။

"ကျက်တော့မယ် အရှင်။ သိပ်မလိုတော့ဘူး။"

ကမ်းပေးလာသော သားရေအိတ်ထဲမှ ရေကိုတဝမော့သောက်ရင်း ခြေထောက်မှ ဒဏ်ရာကို လုလိယက်စ် ငုံ့ကြည့်လိုက်သည်။ ဒဏ်ရာမှ သွေးထွက်ရပ်သွားပြီ ဖြစ်သော်လည်း နာကျင်မှု မပျောက်သေးပါ။ မနေ့ကထက်စာလျှင် အခုမှ ပိုပြီး နာကျင်မှုပြင်းထန်လာသလိုပင်။ ဒဏ်ရာဘေးမှ အသားမှာ ပြာနှမ်းနေပြီး သွေးစေးများနှင့်ကပ်နေသည်။ ပြန်လည်ကောင်းမွန်သည်အထိ အချိန်အတော်ကြာလိမ့်မည်ဟု တွေးမိတော့ စိတ်ညစ်ရမည့်အစား ကျေနပ်သလိုလို ခံစားရသည်မှာ ထူးဆန်းနေပြန်သည်။

ဖဲလ်လစ်သည် နီရဲကြွပ်ရွနေသည့်ယုန်ကင်ကို အကျက်ညီအောင် ဟိုဘက်ဒီဘက်လှည့်ပေးနေသည်။ ဘေးနားတွင်ချထားသော သံကြေးတပ်နေသည့် ဓါးတိုလေးသည် သူတို့နှစ်ယောက်အတွက် အဓိကလိုအပ်သမျှကို ရနိုင်အောင် ကူညီပေးခဲ့ဟန်တူသည်။ အဖျားတွင် ချွန်နေအောင် ခုတ်ထစ်ထားသော ခပ်ငယ်ငယ် သစ်ပင် ပင်စည်လုံးရှည်ထိပ်တွင် သွေးစွန်းနေသည်။

ထာ၀ရ ပုံပေWhere stories live. Discover now