4

2.8K 223 4
                                    

ညီမ ပုံဖော်ထားတဲ့ ကမ႓ာလေးရှိတယ်ဆိုပါစို့
ကြယ်တွေကိုပြင်ရေးမယ်
အကိုက ညီမအပိုင်လို့ ပြောခိုင်းမယ်

အမေရိကာနိုအနံ့လေးသင်းတဲ့
ညီမရဲ့ မနက်ခင်းတွေဟာ
အကို့ရဲ့ စာရွက်လှန်သံတွေနဲ့ ပြည့်စုံနေလိမ့်မယ်
ဒါမှမဟုတ် အကို စိတ်ကြည်တဲ့နေ့တွေဆို Fur Elise နဲ့

အဲ့ဒီ့အဖြူနဲ့ အနက် ပီယာနိုခလုတ်တွေပေါ်က
လက်ချောင်းသွယ်လေးတွေနောက်ကို
သံစဉ်တွေကောက်ကောက်ပါအောင် လိုက်ရတဲ့အခါ
နူးည့ံလှပ အနုပညာဆန်လို့
အတိတ်ဆိုတာ မရှိတော့ဘူး
အနာဂတ်ဆိုတာ အဝေးကြီးမှာ

*ညီမအချစ်က ရိုးစင်းပါတယ်။
အထူးဖန်တီးမှုတွေမပါတဲ့ ကော်ဖီဟာ ရိုးရိုးလေးနဲ့ ချိုနေသလိုပေါ့*

စိတ်ကူးရယ် လက်တွေ့ရယ် ဆန့်ကျင်ဘက်သာဖြစ်ခဲ့မယ်ဆို
အကို့ကို ညီမ ဦးစားပေးမယ်။

အကိုက စိတ်မာချင်ယောင်ဆောင်တယ်
ပြီးရင် တစ်ယောက်ထဲ ဝမ်းနည်းနေတတ်တယ်
အဲ့ဒီ့အချိန်တွေဆို ညီမက အကိုလုံးချေဖို့
စက္ကူတစ်ရွက်ဖြစ်ပေးမယ်
အကို့မျက်ရည်တွေ လူမမြင်စေဖို့
တစ်သျှူးလေးပဲဖြစ်ဖြစ်

အလုပ်တွေ သိပ်လုပ်တဲ့ အကို
ကိုယ့်အတွက်ကိုယ် မကြည့်ရကောင်းလားလို့
ထုရိုက်ပြီးပြောရင်တောင် အဆင်ပြေပါတယ်လို့
အဲ့ဒီ့ပါးချိုင့်တွေပေါ်အောင် ပြုံးနေဦးမှာမို့လား။
စိတ်ပူလို့ဖြစ်ရတဲ့ဒေါသဆိုတာ
အကို့စကားအေးအေးလေးတစ်ခွန်းနဲ့လည်း
လွင့်ပျောက်သွားတတ်တဲ့အရာပါပဲ

တစ်ကြိမ်ထက်ပိုသော တစ်ခါတစ်ရံတွေမှာ
မျက်ရစ်မဲ့တဲ့ ပင်လယ်ညိုနှစ်စင်းထဲက လျို့ဝှက်ချက်ကို
စိမ်ပြေနပြေ တူးဆွကြည့်ချင်တဲ့ဆန္ဒတွေ ရှိခဲ့ဖူးပါတယ်။

လမ်းလျှောက်ရင်း တစ်ယောက်တည်း ခလုတ်တိုက်ချော်လဲနေတဲ့
နမော်နမဲ့အမှားတွေလည်း ချစ်တယ်။
အသံလည်းမရပါပဲနဲ့ သီချင်းတွေအကျယ်ကြီးအော်အော်ဆိုတဲ့
ကိုးရိုးကားယားအပြုအမူတွေလည်း ချစ်တယ်။
သွားတိုက်တံကြီးကိုက်ပြီး အခန်းထဲ လျှောက်ပတ်သွားနေမယ့်
ကြောင်တောင်တောင်ပုံရိပ်တွေကိုလည်း ချစ်တယ်။
အကိုက ညီမချစ်ခြင်းတည်ရာဖြစ်တဲ့အတွက်
ဘယ်လိုပဲနေနေ ခမ်းနားတယ်။

ညီမအတွက် အကိုဟာ
တစ်ခါတစ်ခါ မျက်ရည်တွေနဲ့ ပြည့်နေခဲ့ရင်လည်း ဖြစ်တယ်
တစ်ခါတစ်ခါ နာကျင်မှုတွေပဲ ပွေ့ပိုက်ထားခဲ့ရင်လည်း ဖြစ်တယ်
တစ်ခါတစ်ခါ ဝမ်းနည်းအားငယ်တတ်သူဆိုရင်လည်း ဖြစ်တယ်
ညီမအတွက် အကိုဟာ အကိုဖြစ်နေဖို့ပဲ လိုတယ်။

အကိုတစ်ယောက်တည်းလို့ ဘယ်တော့မှမတွေးပါနဲ့
အမှောင်ထဲမှာ ဘယ်တော့မှ ကိုယ့်ကိုယ်ကို ပိတ်လှောင်မပစ်ပါနဲ့
တလောကလုံးရဲ့ အချစ်ကိုရဖို့ မလိုပါဘူး
လူကောင်းနည်းနည်းဆို လုံလောက်ပြီပေါ့
မနက်ဖြန်ဆိုတာကြီးကို ရင်မဆိုင်ချင်တော့တဲ့အချိန်တွေမှာ
အကိုပေးတဲ့ အသက်ဓာတ်နဲ့ ရှင်သန်နေရတဲ့ညီမကိုကြည့်ပါ။

ညီမဖြစ်ချင်သမျှဟာ
အကိုနဲ့အတူတူ ပျံသန်းပြီး
အကိုနဲ့အတူတူ လဲကျချင်ရုံပါ။
ဘယ်လောက်ပဲမြင့်ပါစေ ဘယ်လောက်ပဲ နက်ရှိုင်းပါစေ
ညီမကို အတူခေါ်သွားပါ။
အကို့အိပ်မက်တွေကို ညီမနဲ့ မျှဝေပါ။
ညီမကို ဘယ်တော့မှ လက်မလွှတ်ဘူးလို့ ပြောပါ။
တစ်သက်လုံးစာ အကို့တစ်ယောက်ကိုပဲ ညီမက ရူးသွားမှာ။




(*ပြထားသောစာသည် ဆရာမအေးည၏ စာသားဖြစ်ပါသည်)

အေဝးႀကီးက ေရးတ့ဲစာWhere stories live. Discover now