Part 59

14.1K 1.5K 57
                                    

လေပြင်းကြားမှ လွင့်စင်လာသော သဲမှုန်းများ၊ ကျောက်ခဲငယ်များသည် အရှိန်ပြင်းစွာဖြင့် ဒန်နရယ် တစ်ကိုယ်လုံးကို ရိုက်ခတ်နေသည်။ မျက်လုံးများပြာကာ ဘာဆိုဘာကိုမှ ကောင်းမွန်စွာ မမြင်ရတော့။ ဒါပေမယ့် ထိုအချိန်မှာပင် ဖရက်ဒီ၏ နာကျင်စွာအော်လာခဲ့သော အသံနှင့်အတူ ရဲရဲနီနေသော သွေးစီးကြောင်းများကို ထိတ်လန့်စွာ မြင်လိုက်ရသည်။

"ဖရက်..."

ဒန်နရယ် ကျယ်လောင်စွာအော်လိုက်ကာ ဖရက်ဒီရှိရာသို့ ပြေးသွားရန် ကြိုးစားမိသည်။ သို့ပေမယ့် အပြာရောင် အရိပ်တစ်ခုသည် သူ့ရှေ့မှ တားဆီးလာကာ ဒန်နရယ်၏လက်နှစ်ဖက်ကို လျှင်မြန်စွာ ဖမ်းချုပ်လိုက်သည်။

"ခင်ဗျားဘယ်သူလဲ.. လွှတ်စမ်း.. အခုချက်ချင်း ကျွန်တော့်ကိုလွှတ်..."

ဒန်နရယ် အဆက်မပြတ်အော်ကာ ရုန်းထွက်ရန်ကြိုးစားသော်လည်း သံကြိုးများထက်ပင် ပို၍ခိုင်မာလှသော လက်များကြားမှ ရုန်းထွက်မရ။

"အခုအချိန်မှာ ငါတို့လုပ်နိုင်တာ ဘာမှမရှိဘူး ဒန်နရယ်...."

မာကျောပေမယ့် နွေးထွေးသော အသံတစ်ခုကို ဒန်နရယ်ကြားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး ဒေါသနှင့် စိုးရိမ်မှုများကြောင့် တဆတ်ဆတ်နာကျင်နေသည်။ ပူလောင်နေသော အပူများက တစ်ကိုယ်လုံးမှ ထိုးထွက်ချင်နေသလို ရုန်းကန်နေကာ မခံရပ်နိုင်လောင်အောင် မူးနောက်လာနေသည်။

"လွှတ်စမ်းပါ.. ကျွန်တော်ဖရက်ဒီ့ကို သွားကူရမယ်.."

"ငါ့လိုနတ်သားတစ်ပါးတောင် မကူနိုင်တဲ့ကိစ္စကို မင်းဘာလုပ်ပေးလို့ရမှာလဲ... ငါ့စကားနားထောင်စမ်းပါ..."

ဒန်နရယ် အခုမှ သူ့နောက်မှ အရိပ်ကို လှည့်ကြည့်မိသည်။ အပြာရောင်တောင်ပံများသည် မှုန်ဝါးသော မီးတောင်၏ ချော်ရည်ရောင်များအောက်မှာ တလက်လက်တောက်ပနေသည်။ နတ်ဘုရား၏ ချောမော ငယ်ရွယ်သော မျက်နှာမှ မျက်လုံးများသည် ရင့်ကျက်နွေးထွေးသောအရိပ်များရှိနေသည်။

"ငါဟာ ရေနတ်သားပဲ.. အခုအချိန်မှာ ငါ့အနေနဲ့ ငါ့အစ်ကို နေနတ်သားအသက်မဆုံးရအောင် ကယ်ထားပြီးပြီ.. ကျန်တာကိုတော့ ငါတို့ဘာမှတတ်နိုင်မှာမဟုတ်ဘူး.. ဖရက်ဒီ့အပေါ်မှာပဲ လုံးလုံးမူတည်နေတယ်.."

Black AngelWhere stories live. Discover now