Part 50

14.8K 1.6K 58
                                    

ဗိမာန်ငယ်၏ အခြားအခန်းငယ်တစ်ခုထဲရှိ ကျောက်သားဖြင့် တည်ဆောက်ထားသည့် ရေကန်ငယ်ထဲတွင် ဒန်နရယ်ရှိနေသည်။ အလယ်တွင် အ၀ိုင်းပုံစံဖြစ်ကာ ကြက်ခြေခတ်ပုံ ထောင့်လေးထောင့်နှင့် ရေကန်ငယ်မှာ အဖြူရောင် စကျင်ကျောက်များဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

ဒန်နရယ်၏ မည်းမှောင်သော ဆံပင်ရှည်များသည် ကြည်လင်သောရေများထဲသို့ ဝေ့၀ိုက်ကျနေသည်။ သဘာဝအတိုင်း မြေအောက်ရေပူစမ်းမှ စိမ့်ထွက်လာသော ရေများမှာ နွေးရုံသာဖြစ်ပြီး ရေကန်မှ ရေခိုးငွေ့တစ်ချို့ ခပ်လွင့်လွင့်ပျံတက်ကာ ဗိမာန်ထဲရှိ အရာရာကို ၀ိုဝါးနေစေသည်။

ကြီးမားသော စကျင်ကျောက်ဖြူ တိုင်ကြီး လေးတိုင်မှာ ရေကန်ပတ်ပတ်လည်တွင် ရှိနေပြီး မြင့်မားသော အမိုးကိုထောင့်ပင့်ပေးနေသည်။ ခြင်္သေ့ခေါင်းပုံပါသည့် ကြေးသံခြေဖြင့် ပြုလုပ်ကာ စကျင်ကျောက်နက်ခင်းထားသော စားပွဲတစ်ခု ရေကန်နားတွင် ရှိနေသည်။ ထိုစားပွဲပေါ်တွင် နတ်ဘုရားများပုံကို လက်ရာမြောက်စွာ ထွင်းထုထားသော ရွှေပန်းအိုးတစ်လုံးရှိနေကာ ထိုပန်းအိုးထဲတွင် မွှေးကြိုင်လှပလွန်းသော ခရမ်းရောင် လာဗင်ဒါပန်းရှည်များကို ထိုးစိုက်ထားသည်။

ရေကန်ငယ်မှ နွေးသောရေနွေးငွေ့များသည် ထိုအမွှေးနံ့နှင့်အတူ ဒန်နရယ့်တစ်ကိုယ်လုံးကို လွှမ်းခြုံထားပေမယ့် သူ့စိတ်ထဲမှာတော့ ကြည်လင်အေးမြမှုရှိမနေ။ လှပလွန်းစွာ ပုံဖော်တန်ဆာဆင်ထားသော ဗိမာန်၏ နံရံနှင့်အမိုးများကို စိုက်ကြည့်ရင်း သူနေခဲ့ရာ ရွာငယ်ရှိ ရွှံ့တဲငယ်မှ အဘနှင့်အစ်ကိုဖြစ်သူ၏ နွေးထွေးသောအရိပ်များကို နှလုံးသားထဲ စူးနစ်နေသည်အထိ လွမ်းလာမိသည်။

အခုအချိန်တွင် သူ့ရင်ခွင်ထဲမှ ရှုပ်ထွေးနောက်ကျိမှုများအားလုံးကို ဖေဒေ့ကိုပဲဖြစ်ဖြစ် အဘမာနူရာယ်ကိုပဲဖြစ်ဖြစ် ဖွင့်ဟပြောပြလိုက်ချင်သည်။ ကလေးငယ် မာတယ်ရိုနှင့် အဘိုးအိုမာစီတို့၏ စကားများကြောင့် သူ့ အတွေးများ ယောက်ယက်ခတ်နေသည်။

ဂေါဒနတ်ဆိုးနှင့် ဖရက်ဒီတို့ကို တွေ့ဆုံခဲ့သည့် ကန္တာရညတစ်ညကို အကြိမ်ပေါင်းများစွာ ပြန်လည်စဉ်းစားနေမိသည်။ တကယ်ပဲ စေတန်နတ်သည် ဖရက်ဒီယောင်ဆောင်ကာ သူ့ကိုလိမ်ညာခဲ့သည်လား။ ဒါမှမဟုတ် မာတယ်ရိုနှင့် မာစီက ဖရက်ဒီ့အလိုအတိုင်း သူ့ကို သိမ်းသွင်းနေသည်လားဆိုသည့် မေးခွန်းများကို အကြိမ်ကြိမ် ပြန်လည် မေးနေမိသည်။

Black AngelWhere stories live. Discover now