Part 41

14.5K 1.6K 44
                                    

နေ၀င်ပေါက်မရှိသည့် ဂူပေါက်တစ်ခုလို ပတ်ဝန်းကျင်တစ်ခုလုံး နေ့အချိန်ဖြစ်သည်ဟု မထင်ရအောင်လောက်ပင် မည်းမှောင်နေသည်။ တိမ်မည်းများကိုဖောက်၍ ဖျော့တော့စွာ တိုးဝင်လာသော အလင်းရောင်အောက်မှာ သူတို့ရှေ့မှာ ပြေးလာနေသော ဘီလူးကောင်ကို ၀ဲတက်လာနေသော မျက်ရည်များကြားမှ ဒန်နရယ် မြင်နေရသည်။

အဘ...အဘ... အဘ....

ရင်ထဲမှ အကြိမ်ပေါင်းများစွာ အော်ခေါ်မိပေမယ့် သူ့ခေါ်သံများကို ဘီလူးကောင်ဖြစ်နေသည့် အဘိုးအိုမာနူရာယ် ကြားနိုင်တော့မှာ မဟုတ်တာကို ဒန်နရယ်သိသည်။ ဒန်နရယ်၏ မျက်လုံးညိုများ၏ တစ်ဝက်ခန့်အထိ ကြည်လင်သော မျက်ရည်ဥများ တွဲခိုနေသည်။ ဒါပေမယ့် မျက်ရည်မကျမိအောင် သူ ခေါင်းမာစွာ တင်းခံထားသည်။

အရာရာကို ရင်ဆိုင်ရန် ဒန်နရယ် ဆုံးဖြတ်ထားပေမယ့် စေတန်နတ်၏ ရက်စက်ယုတ်မာမှုကို သူလျော့တွက်ထားခဲ့သည်။ အခု ဒန်နရယ်သည် သူချစ်ခင်လွန်းလှသည့် တစ်ဦးတည်းသော အားကိုးရာဖြစ်သူ အဘဖြစ်သူကို ပြန်သတ်ရတော့မည်ဖြစ်သည်။

"ဒန်နရယ်.. ဒါ ငါတို့အဘမဟုတ်တော့ဘူး.. မင်း သတိထားစမ်း..."

ဖေဒေ၏ မျက်နှာတစ်ခုလုံးမှာလည်း လူသေကောင်တစ်ယောက်လို ဖြူဖွေးနေသည်။

ဒန်နရယ့်ကို သတိပေးရင်း မိမိကိုယ်တိုင်အတွက်လည်း ပြန်လည် သတိပေးနေမိခြင်းပါ။ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက အဘိုးအိုမာနူရာယ်နောက် သူ တကောက်ကောက်လိုက်ခဲ့သည်။ အဘ၏ဆူခံရလျှင် ငိုယိုမိကာ ချီးကျူးခံရလျှင် အတိုင်းအဆမသိ သူပျော်ခဲ့သည်။

ဖေဒေ၏ ဓါးကိုင်ထားသောလက်များမှာ ထိန်း၍မရနိုင်လောက်အောင် တုန်ခါနေသည်။

'ဂါး....'

ဘီလူးကောင်ဖြစ်နေသည့် အဘိုးအို မာနူရာယ်မှာ ဖေဒေနှင့်တယ်ရာကို လုံးလုံးဂရုမစိုက်ဘဲ သူ့ရှေ့မှ ဒန်နရယ့်ကိုသာ ခုန်အုပ်ကာ လက်သည်းချွန်များဖြင့် ကုတ်ခြစ်လာသည်။ ဒန်နရယ် ဓါးနှင့်ဆီးခံလိုက်၍ မထိမိလိုက်သော်လည်း အားပြင်းလှသည့် လက်သည်းကြောင့် ဒန်နရယ့်လက်ထဲမှ ဓါးမှာ ထက်ပိုင်းကြိုးသွားသည်။

Black AngelWhere stories live. Discover now