Part 4

24.7K 2.3K 20
                                    


ပြင်းထန်သော လေပြင်းက တောအုပ်တစ်ခုလုံးကို ၀ါးမြိုတော့မည့်အလား တိုက်ခတ်လာနေသည်။ အဘိုးအို၏ ဆံပင်ဖြူများနှင့် မုတ်ဆိတ်ဖြူများမှာ လေပြင်းကြောင့် တလွင့်လွင့် လွင့်ပါနေကြပြီး ၀တ်စုံဖြူအနားစမှာလည်း တဖျတ်ဖျတ်လှုပ်ခါနေသည်။

နီရဲတောက်လောင်နေသော မျက်လုံးများနှင့် နတ်ဆိုးများသည် အချင်းချင်းတွန်းဖယ်တိုက်ခိုက်ရင်း အဘိုးအိုတို့နား သူ့ထက်ငါအရင်ရောက်အောင် တွန်းတိုက်လျှောက်လာကြသည်။ နတ်ဆိုးများ၏ ရှည်လျားသော လျှာကြီးများမှ ၀ါညစ်ညစ်သွားရည်များသည် သစ်ရွက်ကြွေများထက် တစ်စက်ချင်း တစ်တောက်တောက်ကျနေကြသည်။

အဘိုးအိုနှင့် ဖေဒေမှာ ပြေးပေါက်မရှိတော့သည့် ကြွက်ငယ်နှစ်ကောင်လို ကြောက်ရွံ့တုန်လှုပ်မိကြသည်။

"ဂါး......ရား....."

အစွယ်တစ်ဖက်ကျိုးနေသော နတ်ဆိုးတစ်ကောင်သည် ဖေဒေနှင့်ကလေးငယ်ပေါ် ခုန်အုပ်ဖို့ ကြိုးစားလိုက်သည့်ခဏ စူးရှသောအလင်းတန်းတစ်ခုပေါ်လာကာ သူတို့သုံးယောက်စလုံးကို လွှမ်းခြုံလာခဲ့သည်။

"အား...."

"ဂါး......"

နတ်ဆိုးများ၏ နာကျင်ကျယ်လောင်စွာ အော်သံများနှင့်အတူ အလင်းတန်းအောက်တွင် နတ်ဆိုးအားလုံး မည်းမှောင်သော မီးသွေးခဲများအသွင် လောင်ကျွမ်းပျက်စီးကာ ပျောက်ကွယ်သွားကြသည်။

ထိုကြည်လင်သော အလင်းတန်းနှင့် ထိတွေ့လိုက်ရသည့်ခဏ အဘိုးအို၏ ဒဏ်ရာများမှာ ယူပစ်လိုက်သလို သက်သာပျောက်ကင်းသွားသည်။

ကြောက်ရွံ့တုန်လှုပ်မှု၊ ခြောက်ခြားထိတ်လန့်ခြင်းများအစား နှလုံးသားအတွင်း ငြိမ်းချမ်းနွေးထွေးမှုကို ခံစားလိုက်ရသည်။

"လူလေး... ဒူးထောက်စမ်း.."

အဘိုးအိုနှင့်ဖေဒေမှ ချက်ချင်းလိုလို မြေပြင်ပေါ်ဒူးထောက်ကာ ဦးညွှတ်အရိုအသေပြုမိကြသည်။ သူတို့လိုသာမာန်လူသားများရှေ့တွင် နတ်ဘုရားတစ်ပါး ကိုယ်ထင်ပြသည်မှာ မရှိသလောက်ဖြစ်သည်မို့ အဘိုးအိုမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်မိသည်။

Black AngelWhere stories live. Discover now