Part 5

25.3K 2.1K 13
                                    

ထိုနေရာတစ်ဝိုက်တွင် အရာရာသည် ကျောက်တုံးကျောက်ခဲများသာရှိပြီး သစ်ပင်တစ်ပင်၊ ပန်းပွင့်တစ်ပွင့်ပင် မရှိလောက်အောင် ခြောက်ကပ်နေသည်။ ကျောက်တုံးကျောက်ဆောင်များသည် အထပ်ထပ် အကြိမ်ကြိမ် မီးလောင်ခံထားရသည့်အလား တူးခြစ်မည်းနက်နေသည်။

ကြီးမားသော မီးတောင်ကြီးတစ်ခုက ခြောက်သွေ့သော ကျောက်ဆောင်များအလယ်တွင် ထီးထီးချည်း ရပ်တည်လျှက်ရှိနေသည်။ ညိုမည်းသော တိမ်လွှာများက ကြီးမားသောလက်မည်းကြီးဖြင့် ဖုံးအုပ်ထားသလို မီးတောင်တည်ရှိရာ နေရာတစ်ဝိုက်ကို ပိန်းပိတ်အောင် မှောင်မည်းနေစေသည်။မီးတောင်ထဲမှ ထွက်ပေါ်လာနေသော မီးခိုးများကလည်း မှောင်မည်းသော ပတ်ဝန်းကျင်တစ်ခုလုံးကို ပို၍မည်းသည်းသွားအောင် ကူညီပေးနေသလိုပင်။

မည်သည့်သက်ရှိလူသားများ မနေနိုင်၊ မချဉ်းကပ်နိုင်သော ထိုနေရာတွင် ကျီးကန်းအော်မြည်သံများမှလွဲ၍ အရာရာသည် ခြောက်ခြားဖွယ် တိတ်ဆိတ်နေသည်။ မည်းနက်နေသော ကျီးကန်းများက နီရဲနေသော မျက်လုံးများဖြင့် ကင်းစောင့်များသဖွယ် မီးတောင်ပတ်လည်တွင် ပျံဝဲနေကြသည်။

နက်ရှိုင်းသော မီးတောင်ကြီးထဲတွင်မူ နီရဲသော ချော်ရည်များ ပွက်ပွက်ဆူနေသည်။ ကျယ်ဝန်းသော မီးတောင်နံရံအတွင်းတွင် လှိုဏ်ခေါင်း၊ လှိုဏ်ဂူများရှိနေပြီး လူ့အရိုးခေါင်းများ၊ လူ့အရိုးများနှင့် ပြည့်နှက်နေပြီး ဆိုးဝါးသော လူသေနံ့များဖြင့် ပုပ်ဟောင်နေသည်။

"သခင်.. သခင်..."

ကြောက်မက်ဖွယ် ခေါင်းသုံးလုံးနှင့် နတ်ဆိုးတစ်ပါးက အပျိုစင်တစ်ဦး၏ လည်ချောင်းသွေးကို ဖောက်သောက်နေသော ချောမောလှပလွန်းလှသည့် ယောက်ျားပျိုတစ်ယောက်ရှေ့မှာ ဒူးထောက်ထိုင်ချလာသည်။

ယောက်ျားပျိုသည် မည်းနက်နေသော ၀တ်ရုံရှည်တစ်ခုကို လွှမ်းခြုံထားပြီး မိန်းမပျို၏ သွေးများက သူ့နှုတ်ခမ်းထောင့်မှ စီးကျနေသည်။ ယောက်ျားပျို၏ မျက်လုံးများမှာ ပတ္တမြားတစ်လုံးပမာ ရဲရဲတောက်နေသည်။ မည်းနက်သော ဆံပင်ရှည်များက ခြေဖ၀ါးအထိရှည်လျားနေသည်။

Black AngelWhere stories live. Discover now