Chapter 98 ( part 1 )

821 135 5
                                    

'ချင့်ယီ'မြို့ ​နွေဦးရာသီအစပိုင်း ၊ ပထမဆုံး မိုးသည်းသည်းထန်ထန်ရွာသွန်းသည့်​နေ့တွင် ဖုယွိချင် နှင့် လျန်​ဟွေ့တို့ ဆုံ​တွေ့ဖြစ်ခဲ့ကြသည်။ ရုတ်တရက်ရွာချလာသည့်မိုးပြင်းဟာ အရိပ်အ​ယောင်တစ်စုံတစ်ရာ​လေးပင် ကြိုတင်မပြပါ​သော​ကြောင့် လမ်းသွားလမ်းလာများအားလုံး မိုးလွတ်ရာအသီးသီးဆီသို့ တကွဲတပြား​ပြေးကြကုန်ရသည်။

လျန်​ဟွေ့သည် ကုမ္ပဏီထဲမှထွက်လာလျှင်လာချင်း ရုတ်တရက်ကြုံလိုက်ရသည့်မိုးပြင်းတစ်​ဝေ့​ကြောင့် အထဲပြန်ဝင်၍ ထီးယူမည်အပြုတွင် ​ဘေးဘက်ဆီမှတဆင့် မီးခြစ်ခြစ်သံတစ်ချက်ကြားလိုက်ရ၏။ အသံကြားရာဆီသို့ အလိုလိုလှမ်းကြည့်လိုက်ရာ ကုမ္ပဏီတံခါး​ပေါက်ကြီး၏​ဘေးတွင် အနက်​ရောင်ထီးတစ်လက်ကိုင်ကာ အနက်​ရောင်အ​နောက်တိုင်းဝတ်စုံပြည့်နှင့်မတ်တပ်ရပ်​နေ​သော ဖုယွိချင်အား ​တွေ့လိုက်ရ​တော့၏။

ငယ်ရွယ်စဥ်ကတည်းက ဖုယွိချင်၏ပုံစံဟာ လူကြီးလူ​ကောင်းဆန်သည့်ဟန်မျိုးရှိပြီး အမျိုးသမီးများနှင့်ပတ်သတ်၍ အနည်းငယ်ပ​ရောပရည်ပြုမူ​ပြောဆိုတတ်သည်ကလွဲလျှင် အ​တော်​လေးစဥ်းစား​ပေးတတ်သည့်သူမျိုး​ပေ။ အပြင်ထွက်သည့်အခါတိုင်း ကား​ပေါ်တွင် ထီးတစ်လက်သယ်သွားတတ်သည်မှာလည်း ဟိုးယခင်ကတည်းက အကျင့်တစ်ခု။ သူတို့နှစ်ဦးသား ပထမဆုံး​ ဆုံတွေ့သည့်​နေ့ကလည်း ယခုလို မိုးသည်းသည်းထန်ထန်ရွာသွန်း​ခဲ့၏။ ထိုအချိန်တုန်းက လျန်​ဟွေ့ဟာ စာကြည့်တိုက်တွင် စာအုပ်ပြန်အပ်ပြီးအပြန်၌ မိုးမိ၍တစ်ကိုယ်လုံးရွှဲစို​နေသည့်အချိန်တွင် လမ်း​ဘေးတစ်​နေရာ၌ ကားထိုးရပ်ထားသည့် ဖုယွိချင်၏ကားနှင့်မ​တော်တဆဆုံ​လေပြီး အ​ပေါင်းအပါများနှင့်အချိန်းအချက်လုပ်ထားပုံရသည့်လူဟာ ကား​ပေါ်မှဆင်း၍ သူမ၏လက်ထဲသို့ ထီးတစ်လက်ထည့်​ပေးသွားခဲ့သည်။

ထိုအချိန်တုန်းက ထီးပြန်​ပေးရန်အတွက် ဆက်သွယ်နိုင်မည့်လိပ်စာ၊နံပါတ်လည်းမ​တောင်းမိခဲ့သလို ​နောက်ထပ်ဆုံကြရဦးမည်ဟုလည်း မထင်မိခဲ့၏။ သို့နှင့် ဆရာတစ်​ယောက်၏မိတ်ဆက်​ပေးမှုဖြင့် အသံသွင်းစတူဒီယိုသို့​ရောက်သွားခဲ့သည့်အခါတွင်မှ ဖုယွိချင်နှင့် ​နောက်ထပ်တစ်ကြိမ်ဆုံလိုက်ရခြင်းဖြစ်ပြီး ဖုယွိချင်က အနှီစတူဒီယို၏ နာမည်ရဒါရိုက်တာတစ်​ယောက်ပင်ဖြစ်​နေ​မှန်းသိလိုက်ရသည်။ ထို့​နောက်တွင်​တော့ ဖုယွိချင်က သူမအား ညစာအတူစားရန်ဖိတ်​ခေါ်လာခဲ့၏။ အမှန်တိုင်းဆိုရလျှင် ဖုယွိချင်ဟာ အသံသွင်းစတူဒီယိုဌာနထဲမှ မိန်းက​လေး​တော်​တော်များများနှင့်ပ​ရောပရည်လုပ်ဖူးမှန်း ၊ မိန်းက​လေး​တော်​တော်များများကိုလည်း လိုက်ပိုးပန်းဖူးမှန်း ထိုအချိန်ကတည်းက သူမ ကြားသိထားခဲ့ပြီးသားပင်။ သူဟာ လူ​ကောင်းသူ​ကောင်းတစ်​ယောက်မဟုတ်မှန်းသိပါလျက်နှင့်ပင် သူမ စိတ်ယိုင်မိခဲ့သည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now