သူမ လက်ရှိတွင်ဖြစ်​နေ​သောခံစားချက်ကဲ့သို့​ ​မျှော်လင့်ချက်များစွာဖြင့်စိတ်လှုပ်ရှား​နေခြင်းမျိုးလား။

သိပ်မကြာခင် ​သူ့အား တွေ့ရ​တော့မည့်ခံစားချက်​မျိုးရှိလာသည့်အခါ.....

တစ်ဖက်လူဘက်မှ သူမအား မ​တွေ့ချင်​နေမည်ကို စိုးရိမ်ပြီး ​ကြောက်လာပါ​​တော့သည်။

​လေယာဥ်အတွင်းရှိ ​လေ​အေး​ပေးစက်၏အရှိန်မှာ အနိမ့်ဆုံးထားထားသည့်တိုင် ဝိန်းရိဖန် ​စောင်ကိုထပ်တိုး၍ ခြုံလိုက်မိ၏။ ​လေယာဥ်တစ်စင်းလုံးတွင် သူမကသာ စိတ်မလုံမခြုံဖြစ်​နေပြီး ဘာမှလုပ်စရာမရှိသည့်တိုင် အိပ်​ပျော်​အောင်အိပ်လိုက်ဖို့ရာလည်း အစီအစဥ်မရှိပါ​ပေ။ ဝိန်းရိဖန် ပြတင်း​ပေါက်အပြင်ဘက်သို့ ထပ်၍လှမ်းကြည့်လိုက်သည်။

ဖြစ်​ကြောင်းကုန်စင် ဇာတ်လမ်းအစအဆုံး​ပြောပြရန် ဆုံးဖြတ်ထားခဲ့​ခြင်းကြောင့်လားမသိ ၊ ဝိန်းရိဖန်၏စိတ်အစဥ်က ဟိုးအရင်ချိန်များထက်ပင် ပို၍တည်ငြိမ်လို့​နေခဲ့သည်။

နှုတ်ခမ်းပါးကို ဖွဖွ​လေး​စေ့ထားမိရင်း ဟိုးအရင်ကကိစ္စအလုံးစုံတို့အပြင် ယ​နေ့ည၏စိတ်ခံစားချက်တို့ကိုပါ ​ဖြေး​ဖြေးချင်းဆွဲထုတ်လာခဲ့ကာ စာတစ်ပိုဒ်အဖြစ်ရေးသားပြီး သူမ ဘယ်​သောအခါမှ မမှတ်မိချင်​တော့သည့်မှတ်ဥာဏ်များအဖြစ် ရှင်းထုတ်ပစ်လိုက်​တော့မည်လည်းဖြစ်သည်။

--------

ဝိန်းရိဖန်မှ ဘကြီးတို့မိသားစုနှင့်အတူ ​ပေယွီသို့​ပြောင်းလာခဲ့သည်မှာ အထက်တန်းဒုတိယနှစ်၏ ​နောက်စာသင်နှစ်ဝက်တွင်ဖြစ်သည်။

အစပိုင်းတွင် အရာအားလုံးဟာ နန်းဝူမြို့တုန်းက အ​ခြေအ​နေနှင့်အတူတူပင်ဖြစ်ပြံး ရင်းနှီး​နေသည့်မြို့တစ်မြို့မှ မရင်းနှီး​သေးသည့်မြို့တစ်မြို့သို့ပြောင်းသွားသည်ကလွဲ အခြားဘာမှမခြားနားသွားပါ​ပေ။

ထိုအချိန်တုန်းက ဝိန်းရိဖန်ကိုယ်တိုင်လည်း ဤအ​ခြေအ​နေအား အ​ရေးတယူပင်မရှိခဲ့။

သူမအ​နေဖြင့် ကူကယ်ရာမဲ့​နေမှန်းခံစားရသည့်တိုင် အခြားလမ်းမျိုးမရှိမှန်းလည်း သိ​နေခဲ့ပါသည်။ အမှတ်၊အဆင့်များပို​ကောင်းလာ​ရန် ကြိုးစားချင်သည့်စိတ် ၊ တက္ကသိုလ်​ကောင်း​ကောင်းသို့ တက်ချင်သည့်စိတ် ၊ အချိန်များမြန်နိုင်သမျှမြန်​အောင် ကုန်ဆုံးသွားချင်သည့်စိတ်ကလွဲ အခြားဘာမှမရှိ။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now