အိမ်ပြန်ရောက်ပြီးသည့်အခါ ဝိန်းရိဖန်က ဘူးအလွတ်တစ်လုံးကိုယူပြီး ချိုချဥ်ထုတ်များကို ထည့်သိမ်းထားလိုက်သည်။ အိမ်ပြောင်းမည့်ကိစ္စသည်လည်း စန်းရန်၏စကားတို့ကြောင့် လမ်းလွဲသွားရပြီဖြစ်သည်။ နောက်တစ်ကြိမ်ထပ်ပြောဖို့ရာ စဥ်းစားမိသေးသော်လည်း လတော်တော်များများအချိန်ရသေးသည့်အတွက်ကြောင့် အလျင်လိုနေခြင်းမရှိတော့၏။
ပုံမှန်အတိုင်း စန်းရန်အား ကိုယ်လက်သန့်စင်ပေးပြီးမှသာ ဝိန်းရိဖန် အိပ်ခန်းထဲဝင်လာခဲ့သည်။
ကြည့်ရသည်မှာ ဒဏ်ရာရထားသည့်ကိစ္စအား စန်းရန်က သူ့မိသားစုကို ပြောပြထားပုံမရပေ။ ဤရက်ပိုင်းအတွင်းတွင် သူ့မိသားစုက မကြာခဏဖုန်းဆက်လာပြီး အိမ်ပြန်ထမင်းစားရန်ခေါ်နေလေ့ရှိကြောင်း ဝိန်းရိဖန် ကြားနေကျ။ သို့သော် သူ့လက်ပေါ်မှဒဏ်ရာကြောင့် စန်းရန်က အကြိမ်တိုင်းငြင်းနေသောကြောင့် လက်ရှိအချိန်တွင် သူ့မိဘများက သူ့အပေါ်ဆူပူနေပြီလည်းဖြစ်၏။
စန်းရန်၏ပုံစံမှာတော့ ဤအခြေအနေမျိုးကို ကျင့်သားရနေသည့်အတိုင်း တစ်စက်လေးမျှ ဂရုမစိုက်ဘဲ အေးအေးလူလူသာပင်။
ဝိန်းရိဖန် ခန့်မှန်းချက်အရ စန်းရန်က ပိုအေးလာမည့်ရာသီဥတုကိုစောင့်ပြီး ထိုအချိန်ကျမှ ဒဏ်ရာကို လက်ရှည်အင်္ကျီဖြင့်ဖုံး၍ အိမ်ပြန်မည့်အစီအစဥ်မျိုးရှိပုံရ၏။ သူမ အိပ်ရာပေါ်၌ထိုင်ရင်း ဖုန်းဖွင့်ကြည့်နေလိုက်သည်။
ကျောက်ယွမ့်တုံပို့ထားသည့်မက်ဆေ့ကို မြင်လိုက်သည့်အခိုက်တွင်တော့ စန်းရန်ထံမှတဆင့်ပြောခိုင်းလိုက်သော ကျိန့်ခယ်ကျား၏စကားကို အမှတ်ရလိုက်သည်။
သူမ ဝင်ကြည့်ပြီး နောက်ဆုံးပို့ထားသည့် မက်ဆေ့တစ်ခုတည်းကိုသာ ဖတ်ကြည့်လိုက်၏။
[ အားကျန့် ၊ မေမေ သမီးကို တစ်ခေါက်လောက် လာတွေ့လို့ရမလား ]
ဝိန်းရိဖန်က ထိုမက်ဆေ့အား အချိန်အကြာကြီးစိုက်ကြည့်နေမိပြီးနောက် ကျောက်ယွမ့်တုံ၏ Profile ထဲဝင်ကာ Blocked လုပ်မည့်နေရာ၌ တစ်ခဏပြန်ရပ်တန့်ရင်း လက်ရွယ်ထားလိုက်သည်။ အဆုံးတွင်တော့ သက်ပြင်းရေးရေးသာချလိုက်ပြီး မနှိပ်လိုက်ဘဲ သည်အတိုင်းထွက်လာခဲ့သည်။
YOU ARE READING
First Frost [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-