Chapter 62

1.1K 82 5
                                    

စန်းရန်သည် ထိုမှတ်ဥာဏ်တစ်ခုအား ချက်ချင်း လက်ခံယုံကြည်လိုက်ခြင်းမျိုးမဟုတ် ၊ ထိုအချိန်တုန်းက ဝိန်းရိဖန်၏မျက်နှာအမူအရာ ခံစားချက်အလိုက်တုံ့ပြန်မှုတို့အား ဘယ်လိုဘယ်ပုံဖြစ်သွားခဲ့​ကြောင်း ပြန်​တွေး​တောကြည့်​သေးသည့်တိုင် မရှင်းမလင်းသာမှတ်မိ​နေပါ​တော့၏။ မျက်လုံးမှိတ်ထား​သော်လည်း အိပ်မ​ပျော်​တော့သည့်အတွက် အိပ်ရာထဲမှထပြီး ​ရေခဲ​ရေ​သောက်ရန် မီးဖို​ချောင်ဆီသို့ထွက်လာသည့်အခိုက်တွင် ဧည့်ခန်းထဲရှိ ဆိုဖာ​ပေါ်တွင် ထိုင်​နေ​သော ဝိန်းရိဖန်အား ​တွေ့လိုက်ရ​တော့သည်။

ဤအ​ခြေအ​​နေကိုမြင်လိုက်သည်နှင့် စန်းရန်က ချက်ချင်းသ​ဘော​ပေါက်လိုက်၏။ မီးဖို​ချောင်ဘက်သို့မသွား​တော့ဘဲ အခြားဦးတည်ရာဘက်သို့ပြောင်းပြီး ထုံးစံအတိုင်း ​​ဘေးနားမှခုံကိုဆွဲယူ၍ သူမ၏အ​ရှေ့တွင်ဝင်ထိုင်လိုက်သည်။

သူ့လှုပ်ရှားမှုကို သတိမထားမိသည့်အလား ဝိန်းရိဖန်က တိုင်ကပ်နာရီကိုသာ ​စိုက်ကြည့်​နေ​လေ၏။

စန်းရန်က ဝိန်းရိဖန်၏လက်ကို ဆုတ်ကိုင်လိုက်ပြီး​နောက် ခပ်​ရေး​ရေးပြုံးလိုက်၏။

"ဘာဖြစ်လို့များ အကြိမ်တိုင်း ဒီနာရီကိုပဲစိုက်ကြည့်​နေတာလဲ"

ဝိန်းရိဖန်က မျက်​တောင်တစ်ချက်မခတ်သလို စကားတစ်ခွန်းလည်းမဆို။

"ညသန်း​ခေါင်အချိန်ကြီး တစ်​ယောက်တည်း ဧည့်ခန်းထဲမှာ​နေ​နေတာ မ​ကြောက်ဘူးလား ၊ ဒီ​နေရာမှာ ​မှောင်မည်း​နေတယ်​လေ ၊ နောက်ဆို ကိုယ် အိပ်တဲ့ချိန် တံခါးမပိတ်ထား​တော့ဘူး ၊ ကိုယ့်အခန်းထဲသာ တန်းဝင်လာခဲ့ ၊ ဟုတ်ပြီလား"

ဝိန်းရိဖန်ထံမှ မည်သည့်တုံ့ပြန်မှုမျိုးမှ ရှိမလာ။

စန်းရန်က သူမ၏အ​ရှေ့၌ထိုင်​နေပြီး မည်သည့်စကားကိုမှထပ်မဆိုလာ​တော့ဘဲ တိတ်ဆိတ်၍သာ အ​ဖော်ပြု​ပေး​လိုက်သည်။

အချိန်မည်မျှကြာသွားခဲ့မှန်းမသိ။

ဝိန်းရိဖန်က နာရီထံမှ အကြည့်လွှဲသွားပြီး ​ခေါင်းငုံ့လာသည်ကို စန်းရန်မြင်လိုက်ရသည်။ ဒူး​ပေါ်တင်ထားသည့်လက်နှစ်ဖက်ကို စိုက်ကြည့်​နေခြင်းဖြစ်ပြီး တစ်ဖက်မှာ​တော့ စန်းရန်ဆုတ်ကိုင်ထားသည့်လက်ဆိုလည်း မမှားပါ​ပေ။ သူမ၏အမူအရာတို့မှာ အရင်အကြိမ်များအတိုင်း အခန်းထဲသို့ ထပြန်​တော့မည့်ပုံစံပင်။

First Frost [ ဘာသာပြန် ]Where stories live. Discover now