"သွားအိပ်တော့"
ဝိန်းရိဖန် သူ့မျက်နှာအား လိုက်ကြည့်နေရင်း ခပ်တိုးတိုးလေးစကားဆိုလိုက်သည်။
"ငါမှ ကြည့်လို့မပြီးသေးတာ"
စန်းရန်၏မျက်နှာသွင်ပြင်မှာ ရှင်းရှင်းလင်းလင်းဖြင့်ခန့်ညားသည်ဟုဆိုရမည်။ အပြုံးအရယ်နည်းပြီး ပုံမှန်အချိန်တိုင်းတွင် ခပ်တည်တည်နှင့် မာနကြီးသည့်အသွင်အပြင်မျိုးဖြင့်အမြဲတစေနေလေ့ရှိကာ သူစိမ်းများနှင့် ကင်းကင်းရှင်းရှင်းနေတတ်သောအရောင်အဝါမျိုးလည်း ထုတ်လွှင့်ထားတတ်သေးသည်။ လက်ရှိစိတ်ဆိုးနေသည့်အချိန်မျိုးတွင်တော့ ထိုအငွေ့အသက်များက ပို၍ပင် အားကောင်းနေလေသည်။
မျက်ခုံးများကြားရှိ စူးရဲမှုများမှာ နှစ်ဆတိုးလာသည့်အလားပင်။
စန်းရန်၏အေးစက်တည်တံ့နေသည့်ပုံစံက ကြောက်စရာကောင်းသည့်အကြောင်း ကျုံးစစ်ချောင်ထံမှ အကြိမ်ကြိမ်ကြားဖူးထားကာ ပတ်ဝန်းကျင်တစ်ခွင်မှ အပူချိန်ဒီဂရီသည်ပင် သူ့ကြောင့် လျော့ကျသွားရသလိုလို။ တစ်ဖက်လူမှာ စကားတစ်ခွန်းပြောဖို့ကိုပင်မရဲတော့ဘဲ ခြိမ်းခြောက်ခံထားရသည့်အငွေ့အသက်များ အပြည့်အဝခံစားနေရတော့သည်။
သို့သည်တိုင် ထူးဆန်းလွန်းနေခဲ့သည်မှာ.....
ဤတစ်ကြိမ်တွင် သူမသည် စန်းရန်၏ပုံစံကို လုံးဝလုံးဝကြောက်မနေပါကြောင်း ရှင်းရှင်းလင်းလင်းခံစားနေမိပြီး သည့်ထက်အပြင် နည်းနည်းလေးပင် ရယ်ချင်စိတ်ပေါက်နေပါတော့သည်။
အကယ်၍သာ အသံထွက်ပြီးရယ်လိုက်မိလျှင် မီးလောင်ရာလောင်စာထည့်သလို ဖြစ်မည်မှာမလွဲဧကန်။ ဝိန်းရိဖန်က ချက်ချင်းစကားမဆိုသေးဘဲ သူ့ခံစားချက်များငြိမ်ကျသွားပြီးမှသာ ကောင်းကောင်းမွန်မွန်ချော့မော့ပါတော့မည်ဟု တွေးထားလိုက်၏။
နောက်တစ်စက္ကန့်တွင် စန်းရန်၏လက်တစ်ဖက်က သူမ၏ခေါင်းပေါ်သို့ ရုတ်တရက်တင်လာပြီး ခပ်ပြင်းပြင်းဟုမမည်သာသည့်အားဖြင့် အနောက်သို့တွန်းလိုက်ကာ သူမ၏မျက်နှာအားမော့လာစေ၏။ သူ့အကြည့်များလည်း ရောက်ချလာခဲ့သည်မှာ သူမ၏လက်ရှိအမူအရာကို အကဲခတ်ချင်နေသည့်သဖွယ်။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-
Chapter 57
Start from the beginning