ငြင်ငြင်သာသာ အထိအတွေ့လေးတစ်ခုဖြစ်ပါသည့်တိုင် စန်းရန်၏အသက်ရှူငွေ့များအား ယခုအချိန်ထိ ခံစားမိနေဆဲပင်။
ဝိန်းရိဖန်၏မျက်နှာတစ်လျှောက် တဖန်ပူနွေးလာရပြန်ကာ အေးစိမ့်နေသည့်ရာသီဥတုကြီးထဲ ဤအခန်းထဲနေရသည်မှာ အနည်းငယ်ပူအိုက်လာသယောင်ယောင်။ အတွေးများထဲတွင် စန်းရန်တစ်ယောက်တည်းဖြင့်ပြည့်နေတော့ကာ ကိုယ့်ကိုယ်ကိုယ်လှောင်ရယ်မိရင်း စိတ်ထဲ၌လည်း ဤသို့ဤနှယ်တွေးလိုက်မိသေး၏။
တစ်နေ့မှာ သည်လိုလူတစ်ယောက်ကတော့ မင်းဘဝထဲမှာ ပေါ်လာပါလိမ့်မယ်....
အဲ့သည်လူက မင်းကို ဘယ်လိုခံစားမိစေမှာလဲဆိုတော့......
လက်စသတ်တော့ အသက်ပြည့်ပြီးအရွယ်တစ်ခုရောက်ပြီးရင့်ကျက်နေတဲ့လူတစ်ယောက်ကလည်း ပုံပြင်ယုံတမ်းစကားတွေကို ယုံကြည်သွားနိုင်သေးတယ်လို့ပေါ့.....
------
ဤအချိန်ကာလများအတွင်း ဌာနရှိအလုပ်များမှာ ထပ်၍များပြားလာပါသေးသည်။
နှစ်ပတ်တိတိအလုပ်ဆင်းပြီးနောက်တွင်မှ ဝိန်းရိဖန်တစ်ယောက် အားလပ်ရက်ရခဲ့သည်။ ထိုနေ့က သာမန်ရုံးတက်ရုံးဆင်းနေ့တစ်နေ့ဖြစ်နေသဖြင့် စန်းရန်က အလုပ်သွားရပြီး ၊ အလုပ်နားရက်ရထားသည့်သူမကသာ လုပ်စရာအလုပ်မရှိ ၊ တစ်နေ့လုံး အိမ်ထဲ၌သာ နေနေလေသည်။
ဝိန်းရိဖန်က အစားပင်မစားတော့ဘဲ တစ်ခဏနေလျှင် အိပ်လိုက် ၊ အိပ်ပြီးလျှင် ဖုန်းကစားလိုက် ၊ ဖုန်းကစားပြီးလျှင် ပြန်အိပ်လိုက်ဖြင့် တစ်နေ့လုံး အိပ်ရာထဲမှမထချေ။ စန်းရန် အလုပ်ဆင်းခါနီး အချိန်မှသာ အိပ်ရာထဲမှကုန်းရုန်းထပြီး မီးဖိုချောင်ဝင်၍ ညစာပြင်လိုက်၏။
ရေခဲသေတ္တာထဲတွင် လတ်လတ်ဆတ်ဆတ်သားငါးသီးနှံများကမနည်း။ အိပ်ရာထဲမှထလာပြီးနောက်တွင်တော့ ဝိန်းရိဖန်က ပျင်းရိမနေတော့ဘဲ ဟင်းသုံးခွက်နှင့်စွပ်ပြုတ်တစ်မျိုးကို အေးအေးလူလူချက်ပြုတ်နေလိုက်၏။
နောက်ဆုံးဟင်းတစ်ခွက်ကို ချက်ပြုတ်ပြီး စားပွဲပေါ်တင်လိုက်သည့်အချိန်တွင်တော့ အချိန်ကိုက်ဆိုသလို တံခါးဖွင့်သံအား ကြားလိုက်ရ၏။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-
Chapter 54
Start from the beginning