格格不入(GeGeBuRu)
စာရေးသူ : ဝူးကျယ်
ဘာသာပြန်သူ : ယင်း
အပိုင်း ၂၉
ရှန့်ရှီး ရှားကောထမင်းဆိုင်တွင် အလုပ်လုပ်သည့် နောက်ပိုင်းတွင် ၊ အတွင်းလူနာဆောင်ရှိ သူနာပြုများက နေ့တိုင်းနီးပါး ရှန့်ရှီးတို့ ဆိုင်ကနေသာ အစားအသောက် မှာတတ်ကြသည်။ချိန်ပေါ်ယန်က သူမတို့နှင့် အတူ နှစ်ခေါက်စားလိုက်ပြီး နောက်ပိုင်းတွင် ၊ သူနာပြုလေးက အစားအသောက်မှာလျှင် သူ့က်ို မမေးတော့ပေ။သူသာ ရှိနေပါက ၊ တစ်ခါတည်း တန်းမှာပေးတော့သည်။
ထို့အပြင် အခေါက်တိုင်း ဟင်းကလည်း အတူတူပင်။ချိန်ပေါ်ယန်ကတော့ ဘာမှ မပြောပေ။သူ့အတွက်ကတော့ ဟင်းက အရမ်းငန်နေပြီး ၊ ဆီလည်း အရမ်းများနေသည်။အစာပလာကိုလည်း ဇွန်းဖြင့် ထည့်ထားပုံရသည်။စားပြီးသွားလျှင် တစ်ညနေလုံး ရေဆာနေတတ်သည်။သို့သော်လည်း ရှန့်ရှီး၏ အလုပ်က်ို အားပေးထောက်ခံသည်ဟု မှတ်ယူထားလိုက်သည်။နှစ်ရက်လောက် စားပြီးမှ ထပ်ပြောကြည့်မည်။
နေ့လည်ရောက်ခါနီး အချိန်တွင် ဘာလုပ်စရာမှ မရှိတော့ပေ။သူ သန့်စင်ခန်း တစ်ခေါက်သွားလိုက်ကာ ၊ အတွင်းလူနာဆောင် အနောက်ဘက်ရှိ ပန်းခြံဆီ လာ၍ လေကောင်းလေသန့်ရှူလိုက်သည်။
ပန်းခြံထဲတွင် လူနာတွေ မနည်းလှပေ။ရာသီဥတုက ပူနွေးလာပြီဖြစ်ရာ အပြင်ထွက်၍ လျှောက်ပတ်သွားနေကြသည်။တစ်ခါတစ်လေဆို အသိလူနာများ ရှိပါက သူ့အား နှုတ်ဆက်သွားတတ်ကြသေးသည်။
ကျောက်ခဲလမ်းလေးအတိုင်း ခဏလောက် လျှောက်ပတ်သွားနေလိုက်သည်။ရှန့်ရှီး အစားအသောက် လာပို့မည့်အချိန် ရောက်တော့မည်ဟု ခန့်မှန်းမိ၍ ၊ သူ ရုံးခန်းဆီပြန်ရန် ပြင်လိုက်သည်။
ကိုယ်ကို လှည့်လိုက်သည့် အချိန်မှာပင် ၊ ဘေးနားရှိ လူတစ်ယောက်က သူ့အား လှမ်းခေါ်လာသည်။ :
"ဒေါက်တာချိန်"
"ဟင်"
သူ အသံတစ်ချက်ပြန်ပေးလိုက်ပြီး ၊ ခေါင်းလှည့်ကြည့်လိုက်ရာ ဦးလေးကြီးတစ်ယောက် ဖြစ်နေမှန်း တွေ့လိုက်ရသည်။ဘေးနားရှိ ထိုင်ခုံရှည်ပေါ်တွင် ထိုင်နေသည်။ကြည့်ရတာ နည်းနည်း ရင်းနှီးနေသလိုပင်။