Season-8 Ep(8)

598 27 3
                                    

Unicode

~~မှော်~~
(Season-8)
အပိုင်း(၈)

"မြူနှင်းသိင်္ဃာ.."

မှောင်မိုက်လွန်းသည့်အခန်းတောင့်လေးတွင် ကျုံ့ကျုံ့လေးထိုင်နေသူက သူမဆိုတာသေချာပါသည်။ သို့သော် သူ့ခေါ်သံကိုကြားသည့်တိုင် သူမမလှုပ်မယှက် ခေါင်းငုံ့ထိုင်နေဆဲ။

"မြူနှင်းသိင်္ဃာ.."

စိတ်မရှည်တတ်သူမို့ နောက်တစ်ခါ ခပ်ဆတ်ဆတ်ခေါ်လိုက်တော့မှ မျက်နှာလေးမော့လာရှာသည်။ သို့တိုင် မျက်လုံးတွေကပြူးကြောင်ကြောင်နှင့် ဂဏှာမငြိမ်။ နာမည်ခေါ်လိုက်လို့ မော့ကြည့်လာသည်တာမျိုးမဟုတ်ဘဲ ဒေါသသံကြောင့် လန့်ဖျပ်ပြီး ခေါင်းမော့လာသည်ပဲ။

ဒီမိန်းကလေးသူ့နာမည်သူတောင် မမှတ်မိတော့ဘူးလား။

အတွေးဖြင့် သူမကိုအကဲခတ်ကြည့်လိုက်သည်။ အကြောက်တရားတွေပြည့်နေသည့် မျက်နှာလေးက သူ့ကို မနှစ်မြိုစေပါ။ သွေးပျက်ချောက်ချားနေဟန်ရှိသည့်အသွင်ကလည်း သူ့ကိုအလိုလိုဒေါသဖြစ်စေပါသည်။

ထူးဆန်းသည်။ ကိုယ်တိုင်က ညှင်းပန်းနှိပ်စက်ခဲ့စဉ်က ကြောက်ရွံ့တုန်လှုပ်နေသည်ကိုကြည့်ပြီး သဘောကျခဲ့သည်။ သို့သော် သူများ၏ညှင်းပန်းမှုအောက်တွင် အသိစိတ်ကင်းမဲ့သည်အထိ သွေးပျက်ချောက်ချားနေသည်ကိုတော့ မလိုလားမိ။ သူကသာ သေသည်အထိနှိပ်စက်ပစ်ကောင်းနှိပ်စက်လိမ့်မည်။ အခြားတစ်ယောက်က ထိုသို့ပြုမူခြင်းက လက်သင့်မခံနိုင်ရာ..

"တောက်"

မကျေမနပ်တက်ခေါက်လိုက်သည်ကို သူမက သူမအားဒေါသဖြစ်သွားသည်ထင်ပြီး ခန္ဓာကိုယ်လေးတုန်တက်သွားသည်အထိ ကြောက်ရွံ့သွားရှာသည်။

"ဟင့်အင်း မလုပ်ပါနဲ့ မလာပါနဲ့ ကြောက်တယ်... အဟင့်ဟင့်.."

အမှောင်ထဲကိုတိုးဝင်သွားပြီး လက်လေးတကာကာနှင့် ကလေးတစ်ယောက်လို ရှိူက်ငိုနေသည်က ရင်နင့်ဖွယ်အတိ။ အဘယ်မျှထိ စိတ်ချောက်ချားနေရ၍ ဤသို့စိတ်ကစဉ့်ကလျာဖြစ်သွားရသနည်း။

မသနားတတ်သည့် သူ့ရင်တွင် လှိုင်းအချို့ ဂယက်ထသွား၏။ မှော်မင်းသားဆိုသော သူ့ကိုပင်မှတ်မိဟန်မရှိသော သူမမျက်ဝန်းတို့ကာ အထိန်းအကွပ်မဲ့သော အကြောက်တရားတို့သာ ပြည့်နှက်ကြီးစိုးနေခဲ့၏။ ထိုအခြင်းအရာသည် သူ့ကိုအလွန်အမင်းဒေါသထွက်စေသည်။

မှော် (ေမွာ္)Where stories live. Discover now