Season (5) Ep(2)

677 37 3
                                    

Unicode

~~မှော်~~
(Season-5)
အပိုင်း(၂)

"ကျွန်တော်တို့လမ်းမှန်ရဲ့လား ဦးအဂ္ဂ"

နှစ်ရက်ကြာသည်အထိ တောထဲယောင်ဝါးဝါးခရီးနှင်နေရာမှ နှိုင်းကအားကိုးတကြီးမေးလိုက်သည်။ ဦးအဂ္ဂက မရေမရာဟန်နှင့်

"ထင်တာပဲ "

နေခ သူ့ကိုယ်ပေါ်မှနှင်းမှုန်စက်တို့ကို ခါထုတ်ပစ်လိုက်ရင်းနှင့် စိတ်ပျက်လက်ပျက်ပင် ညည်းညူလိုက်သည်။

"အခုထိဒီတောအုပ်ကနေ မထွက်နိုင်သေးဘူး တောကလည်းနှင်းတွေကျလိုက်တာ စိမ့်တက်နေတာပဲ ဒီလောက်လှုပ်ရှားသွားလာနေတာတောင် ချမ်းလိုက်တာ... "

"ကျုပ်ခြေထောက်သာကောင်းနေရင် ဒီထက်မကခရီးရောက်နေပြီ အခုတော့ခရီးဖျင့်နေရတယ်"

ဦးအဂ္ဂကာကိုယ့်ကိုယ်ကိုယ်အားမရဟန်ဖြင့် မချင့်မရဲဆိုလိုက်တော့ နှိုင်းက

"ဘယ်တတ်နိုင်မှာလဲဗျာ ခင်ဗျားဒီလောက်ထိ လျှောက်လာနိုင်တာကိုက အံ့သြဖို့ကောင်းနေပါပြီ ကျွန်တော်တော့ခင်ဗျားကိုမချီးကျူးဘဲ မနေနိုင်တော့ဘူး "

ဟုတ်တော့လည်းဟုတ်သည်။ ခြေထောက်တစ်ဘက်နာကျင်နေသည့်ကြားမှ ဦးအဂ္ဂကာ ခရီးဆက်နိုင်ခဲ့သည်။ အတော်အကြမ်းခံသည့် အာဂမုဆိုးကြမ်းကြီးပင်။

"ဒီနေရာကလေကာတယ် အချိန်လည်းသိပ်မရှိတော့ဘူးဆိုတော့ ကျုပ်တို့တွေဒီညဒီမှာပဲတည်းကြတာပေါ့"

ခပ်ကြီးကြီးသစ်ပင်သုံးပင်သည် စက်ဝိုင်းနှယ် ထူးဆန်းစွာကွေ့ဝိုက်စီတန်းနေသည့် နေရာရောက်တော့ ဦးအဂ္ဂဆိုလိုက်ပြီး ထိုသစ်ပင်များအောက်တွင် ပစ်စလတ်ခတ်ပင် ထိုင်ချလိုက်၏။ နေခကဦးအဂ္ဂထံမှ ဓားမြှောင်ကိုယူလိုက်ပြီး

"အချိန်ရှိတုန်း ညစာအတွက်ငါသွားရှာလိုက်ဦးမယ် နှိုင်း မင်းကမီးမွှေးထားလိုက်"

"အေ..ဂရုစိုက်သွားဦး အရမ်းအဝေးကြီးလည်းမသွားနဲ့ ရတာပဲယူခဲ့"

နှိုင်းနှင့်ဦးအဂ္ဂကိုထားရစ်ပြီး နေခအနီးပတ်ဝန်းကျင်သို့ ညစာစားနိုင်မည့်အရာတစ်ခုခုကို လိုက်ရှာလိုက်သည်။ တော်သေးသည်... သူတို့တွင် ဦးအဂ္ဂကိုယ်နှင့်မကွာထားသည့် ဓားမြှောင်လေးကျန်ရစ်ခဲ့ပေလို့။ မဟုတ်ပါက မလွယ်ပေ။ ဤဓားလေးနှင့်ပင် သူတို့တွေ့သမျှအကောင်ငယ်လေးများကို ဖမ်းဆီးသတ်ဖြတ်ပြီး ရှေ့ဆက်သွားနိုင်ခဲ့ခြင်းပင်။

မှော် (ေမွာ္)Where stories live. Discover now