ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ

405 57 0
                                    

Chapter 31
October 31, 2023
Chapter 31

စိတ်စွမ်းအင်အပင်ကို ပျိုးထောင်နေသည့် သွမ့်ချန်ချင်းက တစ္ဆေဘုရင် ရောက်လာသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း ရပ်တန့်လိုက်သည်။

သူ ရပ်လိုက်သည့်တိုင် သန့်စင်သည့် စိတ်စွမ်းအင်များကမူ စိတ်စွမ်းအင်မြက်ပင် အနီးတစ်ဝိုက်တွင် ပျံ့လွင့်နေဆဲပင်။

သန့်စင်မှုနှင့် သိပ်သည်းဆမှာ သူ ရှောင်ပိုင်ကို ကျွေးလေ့ရှိသည့် စိတ်စွမ်းအင်များထက်ပင် ပိုမိုမြင့်မား၏။ ထို့ကြောင့် စိတ်စွမ်းအင်များ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီ ဖြစ်သည့်တိုင် တစ္ဆေဘုရင်၏ မြေခွေးမှာ ဆွဲဆောင်ခြင်း ခံလိုက်ရကာ ရှောင်ပိုင်ကဲ့သို့ပင် သူ့ကို တရင်းတနှီး ဆက်ဆံလာသည်။

သူ့ခန္ဓာကိုယ်ထဲမှ စိတ်စွမ်းအင်အားလုံးကို လက်စဖျောက်ပြီးဖြစ်သည့် သွမ့်ချန်ချင်းက တစ္ဆေဘုရင်ကို အပြစ်ကင်းစင်သော အကြည့်တို့ဖြင့်သာ ကြည့်လိုက်သည်။

"ဘာများ ဖြစ်လို့လဲဟင် ..."

တစ္ဆေဘုရင်က သူ့အဖော်သားရဲကို ဆက်သွယ်ပြီးသည်နှင့် တစ်ပြိုင်နက် တစ်ခုခု မှားနေကြောင်း သတိပြုမိလိုက်သည်။

အလယ်အလတ်အဆင့်သို့ ရောက်ရှိပြီးသူများသည် အဖော်သားရဲနှင့် ဆက်သွယ်နိုင်ကာ ကမ္ဘာလောကကိုပင်လျှင် အဖော်သားရဲ၏ ရှုထောင့်မှတစ်ဆင့် မြင်နိုင်စွမ်း ရှိလာနိုင်၏။

တိုက်ခိုက်သည့်အခါတွင် ဤသို့သော နည်းလမ်းဖြင့် အဖော်သားရဲ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အမြင့်ဆုံးအဆင့်အထိရောက်အောင် ဆွဲတင်ပေးနိုင်သည်။

တစ္ဆေဘုရင်က သူ့အဖော်သားရဲ၏ အာရုံငါးပါးကို ဝေမျှခံစားပြီးနောက် သွမ့်ချန်ချင်း၏ လက်ထဲရှိ ရှားပါးဆေးပင်၏ ထူးကဲမှုကို သတိပြုမိသွားတော့သည်။

"ဒီ ထူးခြားဆေးပင်က ..."

သူက သွမ့်ချန်ချင်း၏ လက်ထဲရှိ အပင်ကို အံ့ဩတကြီး စိုက်ကြည့်လိုက်သည်။ ထိုအပင်မှာ အလယ်အလတ်အဆင့်နီးပါး ရှိနေနိုင်ကာ တန်ဖိုးအားဖြင့်လည်း သူ့လက်ထဲရှိ ယုန်ထက် လျော့နည်းလိမ့်မည် မဟုတ်ချေ။

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲWhere stories live. Discover now