"ငါ ယူမလို့မဟုတ်ဘူး ၊ မိန်းကလေးတွေဘက်ကကို ပုလင်းမလောက်တော့တာ ၊ ဆိုင်ပိုင်ရှင်ကလည်း ငါတို့အုပ်စုလူများတာကြောင့် ရှိထားပြီးသားပုလင်းတွေအားလုံးကုန်ပြီတဲ့ ၊ လူလွှတ်ပြီးဝယ်ခိုင်းထားပေမယ့် ပိုက်ဆံပိုပေးရမယ်ပြောတယ်"
ထိုအခါတွင်မှ ချန်လုကျိုး ခေါင်းမော့ကြည့်လာပြီး လျှာထိုးဦးထုပ်အောက်မှ အနက်ရောင်မျက်ဝန်းတစ်စုံဟာလည်း ညအမှောင်ထဲမှရေသေကန်တစ်ခုနှယ် တည်ငြိမ်နေလျက်ရှိသည်။ နောက်တွင် တစ်ဖက်လူအား ခပ်တည်တည်နှင့်စကားဆိုလိုက်သည်။
"ဒီဘက်မှာလည်း မိန်းကလေးတစ်ယောက်ရှိသေးတာမလို့ မင်းဘာသာမင်း အတန်းခေါင်းဆောင်ကို သွားမေးကြည့်လိုက်တော့ ၊ သူ့ပုလင်းကို မင်း မထိတာပိုကောင်းတယ်"
"အတန်းခေါင်းဆောင်ဆီသွားပြီး မင်း အပြင်လူဘက်ပါတယ်လို့ ငါ သွားတိုင်ပြမယ်"
တစ်ဖက်လူက စိတ်ဆိုးဆိုးနှင့်လျှောက်ထွက်သွားတော့၏။
ချန်လုကျိုးမှာ ကျောင်းစည်းကမ်းထိန်းသိမ်းရေးဆရာကြီးအား လက်ဝှေ့လက်အိတ်ဝယ်ရန် အကြံပေးလိုက်ပြီးကတည်းက ရောက်လေရာအရပ်အတိုင်း အနုပညာကျောင်းသားများ ဝိုင်းဆဲလွန်း၍ အဆဲခံရသည်ကိုပင်ကျင့်သားရနေပြီဖြစ်သည်။ သူဟာ ယခင်ကလည်း လူစိတ်ရှိရှိ မပြုမူ၊မနေထိုင်ခဲ့သလို နောက်ဆုံးတွင်လည်း နေပေးစရာအကြောင်းမရှိ။
ဖက်တီးလေးက သူ့နာမည်ပြောင်ကိုခေါ်၍ ခပ်တိုးတိုးစကားဆိုလာသည်။
"ချောင်! ငါတော့ မင်းအစား စိုးရိမ်မိတယ်နော် ၊ အထင်လွဲစရာသတင်းမျိုးထွက်မှာကို မင်း အကြောက်ဆုံးမဟုတ်ဘူးလား"
ချန်လုကျိုးဟာ ကျောင်းတက်နေသည့်ကာလတစ်လျှောက်လုံး မိန်းကလေးများနှင့် အမှန်တကယ် ခပ်ကင်းကင်းနေခဲ့သည်ပေ။ သို့မဟုတ်ပါက လှတပတမိန်းကလေးတစ်ယောက်နှင့် အတူလမ်းလျှောက်မိသည်နှင့်ပင် သူတို့နှစ်ယောက်က အတွဲဖြစ်ကြောင်း ကောလဟလပြန့်ချေတော့၏။ အလယ်တန်းကျောင်းကတည်းက သင်ယူခဲ့ရသည်မှာလည်း ကျောင်းကျင့်ဝတ်စည်းကမ်းများ မည်မျှတင်းကြပ်ထားပါစေ ၊ ပေါက်ကရသတင်းများဟာ သတိပေးခေါင်းလောင်းသံထက် ပျံ့နှံ့နှုန်းမြန်သည်ဟူ၍ပင်။
YOU ARE READING
Lets Fall In Love [ ဘာသာပြန် ]
Romanceလမင်းကြီးဝိုင်းသည်ဖြစ်စေ မဝိုင်းတော့ဘူးဖြစ်စေ ဘာဟာကမှ အရေးမကြီးဘူး ကိုယ်တစ်ယောက်လုံး မင်းဘေးနားမှာရှိနေပေးမယ်~~~~
Chapter 45
Start from the beginning