အခန်း ၂၅

10K 926 121
                                    

Unicode

"အနောက်ဘက်မြို့အဝင်လမ်းဘက်မှာ တောင်ပြိုတယ် ခေါင်းဆောင်"

စခန်းထဲ ဝင်ဝင်ချင်း အနားရောက်လာသည့် တပ်သားတစ်ယောက်၏ အလောတကြီးအစီရင်ခံသံကြောင့် နက္ခတ် မျက်မှောင်ကြုံ့လိုက်မိသည်။

"အခြေအနေသွားစစ်ဆေး။ ထိခိုက်သွားတဲ့သူတွေရှိရင် ကယ်ဆယ်ရေးပါလုပ်ရအောင် လူခေါ်သွား"

"ဟုတ်ကဲ့ခေါင်းဆောင်"

"မနေ့က တောင်ပေါ်မိုးရွာတယ်ထင်တယ်ခေါင်းဆောင်"

မင်းထင်အပြောကို နက္ခတ်ခေါင်းသာညိတ်ပြလိုက်သည်။ တောင်ပေါ်မိုးရွာပြီး တောင်ကျရေကြောင့် မြေပျော့ကာ တောင်ကမ်းပါးရံ ပြိုကျခြင်းက သူတို့အတွက် ဆန်းပြားသည့်အရာတော့မဟုတ်။ မိုးရာသီဆို သွားရလာရသိပ်သတိထားရသည်။ သဘာဝတရားကြီးကို မည်သူမျှမလွန်ဆန်နိုင်။

အခုက မိုးအကုန် ဆောင်းကူးခါစအချိန်မို့ မိုးရေချိန်အတက်အကျမမှန်။ တချို့နေရာတွေဆို ရွာနီးစပ်ချုပ်က ရွာသားတွေ ထင်းလိုအပ်၍ သစ်လာခုတ်ကြသည်မို့ ရပ်ရွာလူကြီးတချို့ကနေရာကန့်သတ် တားမြစ်ရသည်။ တောင်ကျရေစီးသည့် လမ်းတစ်လျှောက် သစ်ပင်တို့နည်းပါးလာလျှင် ထိုတောင်ကျရေကို အံတုဖို့ အကာအရံမရှိတော့သည်ကြောင့် တောင်ခြေရွာတွေက ရေကြီးရေလျှံမှုကို ခံစားရတတ်သည်။

ရွာသားတွေအနေနဲ့ ၀မ်းရေးမို့မဖြစ်မနေ ကမ်းပါးရံတွေဖြတ်ရတတ်သည်ကြောင့် တောင်ပြိုသည့်မြေနှင့်ရောပါ၍ ချောင်းရိုးတစ်လျှောက်မျှောပါသွားသည့်ကိစ္စတွေကတစ်ခါနှစ်ခါမဟုတ်ပါ။ တောင်ပေါ်မိုးကြီးသည့်အခါအရှိန်နှင့်ဆင်းချလာသည့်တောင်ကျချောင်းရေတွေကပိုဆိုးသည်။ ထို့ကြောင့်တောင်ကျရေရှိသည့်ရက်တွေဆိုနက္ခတ်ကလူအင်အားတိုးပြီးကင်းလှည့်ခိုင်းနေကျဖြစ်၏  ထို့ကြောင့်လည်း သတင်းကနက္ခတ်ဆီအချိန်မှီရောက်လာခဲ့ခြင်းပင်။

အနားမှ တပ်သားလေးထွက်သွားတော့ အိမ်မကြီးဘေးအဖီလေးထဲ ဝင်ခဲ့လိုက်သည်။ အသွားတုန်းကအတိုင်း ပုံစံမပျက်ထိုင်နေသည့် ဝန်းရံခက မျက်နှာသိပ်မကောင်း။

Smile Sparkle ShineOnde histórias criam vida. Descubra agora