Two

283 25 11
                                    

လက်ရှိ။

“အားဟန် မင်းလည်း ဒီကျောင်းလျှောက်တာလား”

IC မှာ စီးပွားရေးတက်ဖြစ်မဲ့အကြောင်း ဟိုးလေးတကျော်ကျော်ပြောခဲ့ဖူးတာကို မသိချင်ယောင်ဆောင်ပြီး မေးလာသည့်ရေခဲတုံးကြောင့် အားဟန် မျက်မှောင်ကျုံ့မိသည်။

မမြင်ရသည့် လအနည်းငယ်အတွင်း ရေခဲတုံးဟာ အရပ်ပိုရှည်လာသလို ခန္ဓာကိုယ်ကလည်း အရင်ကထက်ပိုပြီး တောင့်လာကြောင်းတွေ့ရသည်။

မပြောင်းလဲသွားတာကတော့ မျက်နှာထားဟာ ကျောင်းတုန်းကအတိုင်း အေးစက်နေစဲ။

“အင်း”

ရင်းနှီးကြသူ‌တွေမဟုတ်တာကြောင့် ခပ်တန်းတန်းပြန်ဖြေလိုက်ပေမဲ့ အရပ်ရှည်လွန်းတဲ့‌ရေခဲတုံးကို စိတ်ထဲကျိတ်ပြီး အခဲမကျေသလို ဖြစ်လာသည်။

သူက ၅ ပေ ၈ လေ။ ပုတဲ့အစားထဲ မပါပေမဲ့ လင်းစကော ရေခဲတုံးကောက သူ့ထက်ရှည်ကြသည်မှာ မျက်မုန်းကျိုးချင်စရာ။

“ငါ အစ်ကိုတွေဆီသွားရမှာ၊ လိုက်ခဲ့မလား”

အဖြေပြန်မပေးရသေးပဲ ရေခဲတုံး အရင်ကထက် စကားတွေပိုပိုသာသာပြောလာတာ သတိထားမိတုန်းရှိသေး ဆတ်ခနဲ သူ့လက်ကိုဆွဲကာ ရေခဲတုံးကပြေးလေတော့ ခြေခေါက်မလဲအောင်ထိန်း‌ပြေးရတော့သည်။

လင်းစကလည်း အနောက်မှ အပြေးတပိုင်းနဲ့ လိုက်လာတာကြောင့် သူတို့သုံးဦး ဖူဆယ်အားကစားရုံအမိုးအောက်ထဲ ရောက်လာခဲ့ကြသည်။

“ဟိုးမှာ ငါ့အစ်ကိုတွေ မိတ်ဆက်ပေးမယ်”

လက်ဆွဲပြီး ခေါ်သွားပြန်တာကြောင့် အစ်ကိုတွေရှေ့ ခြေစုံရပ်လိုက်ရသလို လင်းစဟာလည်း နှာပွပြီး သူ့ဘေးလာရပ်၏။

ဒီကောင်ဘာအချိုးလဲဟဆိုတဲ့အကြည့်နဲ့ သူ့မေးပေမဲ့ သူကိုယ်တိုင်လည်း ရေခဲတုံးရဲ့လုပ်ရပ်တွေကို နားမလည်နိုင်တော့ ဘာမှကိုပြန်မဖြေနိုင်ဘူး။

“အစ်ကိုတို့...ဒါ ဇွဲရိပ်ဟန်ပါ၊ ကျွန်တော့်သူငယ်ချင်း”

ဘယ်တုန်းက သူငယ်ချင်းဖြစ်သွားတာလဲဟဆိုပြီးတွေးနေမိပေမဲ့ အစ်ကိုတွေရှေ့ဆိုတော့ ဟန်ဆောင်ကာရယ်ရတော့သည်။

Min Nae Mha (Complete)Where stories live. Discover now