အခန်း ၂၂

Start from the beginning
                                    

"ဟေ့ကောင်.....မင်းလာခဲ့စမ်း"

"အားးး အ....နာတယ်ကိုကျော်စွာ။ ကျွန်တော်ပြောတာဘာမှားလို့လဲ။ အိမ်ပေါ်ထပ်နဲ့...အ....အ အိမ်အောက်ထပ်လုနေတယ်ဆိုလို့မေးတာ။ အဲ့ဒါကြောင့် ပင်မဆောင်မှာ လာနေတော့မလို့လားမေးလို့"

နားရွက်တစ်ဖက်ကို တင်းနေအောင်ဆွဲရင် လိမ်ပါထည့်လိုက်သည်ကြောင့် သျှား ခြေဖျားတွေပါထောက်ရင်း လက်ကိုအတင်းတွန်းလွှတ်ရသည်။ ပါးစပ်ကလည်း ရှင်းပြရသေးသည်။ သျှားစကားဆုံးတော့မှာ နားရွက်တွေကိုလွှတ်ပေးသည့်ကိုကျော်စွာကြောင့် အသည်းအသန်ဖိပွတ်ရတော့၏ သူတို့ကိုဦးမာန်ရဲ့တပည့်တွေလိုဘယ်သူကမပြောမှာစိုးလို့ လက်ဆတွေက အဲ့လောက်ပြင်း ပြနေရတာလဲ။

"နာလိုက်တာဗျာ။ ဘာတွေ အိုးမလုံအုံပွင့်....အဟမ်း.....ဘာမှမဟုတ်တော့ဘူး အဟင်း"

ဆက်ပြောမည့်စကားတို့သည်ဒိုင်းခနဲရောက်လာသည့်အကြည့်တွေကြောင့် ပြန်မြိုချရ၏ နားရွက်နှစ်ဖက်ကိုအုပ်ထားဖို့လဲမမေ့။

"မင်း.........ပြန်ရောက်လာပြီးမှ မျက်နှာပိုပြောင်လာပါလား"

ကိုကျော်စွာစကားကြောင့် သျှားမျက်နှာ အနည်းငယ်မှိုင်းကျသွားသည်။ စားပွဲပေါ်ဟိုဟိုဒီဒီလျှောက်ကိုင်တော့ ကိုကျော်စွာက သျှားကို စေ့စေ့ကြည့်လာ၏

"တချို့စကားတွေကို ခေါင်းထဲသိပ်မထည့်နဲ့သျှား။ တစ်ခါတစ်လေငါတို့က လျစ်လျူရှုတတ်ဖို့လည်း သင်ယူရတယ်"

"ကျွန်တော် အတတ်နိုင်ဆုံးတော့ လျစ်လျူရှုနိုင်ဖို့ ကြိုးစားမှာပါ"

စခန်းပြန်ရောက်တည်းက အခြေအနေက အရင်နဲ့သိပ်မတူတော့။ သျှားကို အဖေအရင်းရောက်လာကာပြန်ခေါ်သွားခဲ့သည်ဟူသော သတင်း သည် စခန်းထဲ အတော်ပျံ့နှံ့နေပြီး  လူတချို့၏ အကြည့်တို့သည် အတော် ပြောင်းလဲနေခဲ့ပြီဖြစ်သည်။ အရင်က အသံထွက်ခွင့် မပေးသည့် ဦးမာန်ကြောင့် သျှားအကြောင်း ဘယ်သူမှ သိပ်မသိကြပေမယ့် ဦးမာန်ကိုယ်တိုင်တကူးတကပြန်ခေါ်လာသည်ဟူသည့် အကြောင်းတွေပါပျံ့တော့ တိမ်မြုပ်နေသည့် သတင်းတို့သည် သို့လော သို့လောနှင့်။

Smile Sparkle ShineWhere stories live. Discover now