စျေးထဲမှ ပြန်ရောက်ကတည်းက စောမင်းခန့်က ကွပ်ပျစ်ပေါ်မှာ ထိုင်နေသည်။ နေယံက စောမင်းခန့်၏ မျက်နှာကို အရိပ်တကြည့်ကြည့်ဖြင့် ဘေးမှာ ထိုင်နေသည်။
" အစ်ကိုတော်နေဇော် လိမ်နေတယ်လို့ ခံစားရတယ်။ ဆလိုင်း အတွက် စိတ်ပူတယ်။ ဆလိုင်းသာ တစ်ခုခု ဖြစ်ရင် ငါ ... "
စောမင်းခန့်က ထပ်မပြောနိုင်တော့ဘဲ မျက်ရည်ကျလာသည်။ နှစ်လလောက်သာ စိတ်လွတ်လပ်စွာ ပျော်ရွှင်ခဲ့ရပြီး အခုတော့ ဘယ်ကမှန်းမသိသည့် အန္တရာယ်က မဖိတ်ခေါ်ဘဲ ရောက််ချလာသည်။ အဝတ်အစားဆိုင်မှာ စောမင်းခန့်နှင့်နေယံ့ကို နှစ်ယောက်တည်း ထားခဲ့သည်ဆိုကတည်းက ဆလိုင်းမှာ ကိစ္စကြီးကြီးမားမား ရှိသည်။
" အရမ်းလည်း စိတ်မပူပါနဲ့။ "
နေယံက ဖေးမပြီး ပြောပေမယ့် ကိစ္စကြီးတစ်ခုဆိုတာကို စိတ်ထဲမှ သိနေသည်။
" ငါစိတ်မအေးနိုင်ဘူး။ ငါ့စိတ်က သိနေတယ်။ သူ တစ်ခုခုဖြစ်နေတာ ငါ သိနေတယ် နေယံ။ "စိတ်လှုပ်ရှားလာတာမို့ စောမင်းခန့်က ကွပ်ပျစ်ပေါ်မှ အမြန်ထလိုက်တော့ ခြေထိပ်ခေါက်ပြီး လူကယိုင်သွားသည်။ နေယံက ခပ်သွက်သွက်ထိန်းထားရသည်။
" အရမ်းစိတ်မလောပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦး။ "
" ဆလိုင်းသာ တစ်ခုခုဖြစ်ရင် ငါဘယ်လို နေရပါ့မလဲ။ "
မျက်ရည်ကျနေသော စောမင်းခန့်ကို ကြည့်ကာ နေယံက တော်နေဇော်ဆီ ဖုန်းထပ်ခေါ်လိုက်သည်။ ငါးကြိမ်မြောက်မှ တော်နေဇော်က ဖုန်းကိုင်သည်။
' နေယံ ... ပြောစရာရှိတာ မြန်မြန်ပြော။ ငါအခု အလုပ်များနေတယ်။ '
စောမင်းခန့်က နေယံ့လက်ထဲမှ ဖုန်းကို ဆွဲယူပြီး ပြောသည်။
" အစ်ကိုတော်နေဇော် ...ဆလိုင်း ဘာပြသနာရှိနေလဲ ပြောပါ။ ရင်ပူရတာနဲ့တင် သေနိုင်တာမို့ မလိမ်ဘဲ ပြောပြပေးပါ။ တောင်းဆိုပါတယ်။ "
တော်နေဇော့် ဘက်မှ သက်ပြင်းချသံ ခပ်တိုးတိုးကို ကြားရသည်။စောမင်းခန့်က ဖုန်းကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး တစ်လုံးမှ လွတ်မသွားအောင် သေချာအာရုံစိုက်ထားကာ နားထောင်သည်။