အခန်းတံခါးကို ရန်ငြိမ်း အသာအယာဖွင့်ကာ အခန်းထဲ ဝင်ခဲ့သည်။ ရှုပ်ပွနေမည် ထင်ထားပေမယ့် တစ်ခန်းလုံး ပစ္စည်းတွေက သေသေသပ်သပ်ဖြင့် ခြေရာလက်ရာ မပျက် ရှိနေသည်။
" ဆလိုင်း ... ဆလိုင်း ... "
ရန်ငြိမ်းက ခေါ်ကြည့်တော့ ဆလိုင်း၏ တုံ့ပြန်သံ မကြားပေ။ ရေချိုးခန်းတံခါးကို ဖွင့်ကြည့်တော့လည်း ရေချိုးခန်းထဲမှာလည်း ဆလိုင်းက ရှိမနေပေ။ ရန်ငြိမ်း စိတ်ပူစွာဖြင့် bath_tubထဲ ရှာတော့လည်း ဆလိုင်းကို မတွေ့ပေ။ ဆလိုင်း ဒီအခန်းထဲ ဝင်သွားတာ နှစ်နာရီလောက်ရှိပြီ။ ပြန်ထွက်လာတာ မတွေ့သေးတာမို့ ဒီအခန်းအတွင်းမှာသာ ရှိနိုင်သည်။
" ဆလိုင်း ... ဘယ်မှာလဲ။ "
ရန်ငြိမ်းက ခြေစုံရပ်ပြီးမှ အသံကို နားစွန့်ကြည့်သည်။ အသက်ရူူသံ သဲ့သဲ့ကြားမှ ရန်ငြိမ်းက မယုံတစ်ဝက်ဖြင့် ကုတင်အောက်ကို ငုံ့ကြည့်လိုက်သည်။ဆလိုင်းက တကယ်ပဲ ကုတင်အောက်မှာ ရှိနေခဲ့သည်။ ပက်လက်လှန်ပြီး ဖြစ်သလို လှဲနေကာ မျက်လုံးတွေက မျက်ရည်ကျနေသည်။
" ဆလိုင်း "
ရန်ငြိမ်းက စိုးရိမ်စွာဖြင့် ဆလိုင်း၏ လက်တစ်ဖက်ကို ဆွဲလိုက်ပြီး ကုတင်အောက်မှ ဆွဲထုတ်လိုက်သည်။ဆလိုင်း၏ မျက်နှာမှာ အရာအားလုံး ဆုံးရှုံးလိုက်ရသလို ကြေကွဲရိပ်တွေ ရှိနေသည်။ဆလိုင်းက ခေါင်းကို လက်နှစ်ဖက်ဖြင့် ဝှက်ထားသလို ဖုံးကွယ်ထားပြီး ခန္ဓာကိုယ်ကို ကွေးကုပ်ထားပြီး တဆက်ဆက်တုန်နေသည်။
" ဖြစ်ပြီးတာတွေက ပြန်ပြင်လို့မှ မရတော့တာ။ မင်းလည်း တမင်လုပ်ခဲ့တာမှ မဟုတ်တာကွာ ဆလိုင်းရာ ...။ "
" ရန်ငြိမ်း ... ငါကြောက်တယ်။ ငါ အရမ်း ကြောက်တယ် ... "
ဆလိုင်းကို ကြည့်ပြီး ရန်ငြိမ်းလည်း စိတ်မကောင်းပေ။ချစ်တဲ့သူကို အရက်စက်ဆုံး နည်းလမ်းနဲ့ ဆုံးရှုံးရသည့် ခံစားချက်က ဆိုးဝါးသည်။ရန်ငြိမ်းက ဆလိုင်းကို ဆွဲထူလိုက်ပြီး ပခုံးကို ဖက်ထားပေးသည်။
" ငါကြောက်တယ်။ ငါ ပြန်မတွေးရဲဘူး။ ငါ မနေချင်တော့ပါဘူး ရန်ငြိမ်းရာ။ ငါ ဒီလို ဘဝကြီးနဲ့ မနေချင်တော့ပါဘူး။ ငါ့မှာ တွယ်တာစရာလည်း မရှိတော့ပါဘူး။ ငါ့ရဲ့ တစ်ခုတည်းသော တန်ဖိုးထားရာကို ငါ့လက်နဲ့ ဖျက်ဆီးပစ်လိုက်မိတာ။ ငါ ထပ်မနေချင်တော့ဘူး။ ရှင်သန်ရမှာ ကြောက်တယ်။ "