အောက်ထပ်မှ ဆူညံနေတဲ့ အသံတွေကြောင့် ဆုံလည်ထိုင််ခုံပေါ်မှာ အိပ်ပျော်နေရာမှ ဆလိုင်းနိုးလာသည်။လက်ထဲမှာ စာရင်းစစ်စရာ စာရွက်ကို ကိုင်ထားလျက်သား ရှိနေသည်။ နာရီကို ကြည့်လိုက်တော့ နံနက် ဆယ်နာရီထိုးခါနီးနေပြီ။နံနက်လေးနာရီကျော်အထိ ကျောက်လုပ်ငန်းဘက်က စာရင်းတွေကို Laptopထဲ သွင်းနေရင်း အလုပ်ခန်းမှာတင် အိပ်ပျော်သွားတာ ဖြစ်မည်။
ဆလိုင်းက ခုံမှ ထလိုက်ကာ ခါးကို သုံး၊လေးခါ လှည့်လိုက်ပြီး အညောင်းဆန့်လိုက်သည်။ခုံပေါ်မှာ လွှားတင်ထားသည့် ကုတ်အင်္ကျီအနက်ကို လက်ထဲ လုံးကိုင်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ဆလိုင်း၏ ခန္ဓာကိုယ်အချိုးအစားက တော်တော်လေး မိုက်တာမို့ နက်စွေးနေတာတွေချည်း ဝတ်ထားတော့ ပိုပြီး ပေါ်လွင်သည်။
ဆလိုင်းက မျက်နှာကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ မကောင်းတဲ့ အတိတ်က ဖြစ်ရပ်တွေကို အိပ်မက်အဖြစ် မက်ခဲ့တာမို့ မျက်နှာမှာ ချွေးစတွေ ရှိနေကာ ပင်ပန်းနွမ်းနယ်သလို ဖြစ်နေသည်မို့ သေချာပြုပြင်လိုက်သည်။ဂုတ်ထောက်နေသည့် Mullet ဆံပင်က သေချာပုံသွင်းထားတာမို့ ဆံပင်ပုံစံကတော့ အဆင်ပြေသည်။
" ဘာဖြစ်နေကြတာလဲ။ "
ဆလိုင်းက မေးလိုက်တော့ သူရိန်နှင့် လွင်ဦးနိုင်က လှေကားမှ ဆင်းလာသည့် ဆလိုင်းကို မော့ကြည့်သည်။ ပြီးနောက် စောမင်းခန့်ကို လက်ညှိုးထိုးကာ ပြောသည်။
" သူ့ကို Driverအဖြစ် ကားမောင်းပေးဖို့ ခေါ်တာကို လက်မခံဘူး။ ကျိုးနေလို့ သူလုပ်နိုင်တဲ့ အလုပ်ကို သေချာ ရှာပေးတာကို သူကလက်မခံဘူးလေ။ "
သူရိန်တို့က စောမင်းခန့်နဲ့လည်း ရန်စတွေ ရှိတာမို့ အလှည့်ရောက်တော့ ကလဲ့စားချေချင်တာကို ဆလိုင်းသိသည်။စောမင်းခန့်၏ မျက်နှာက တင်းသည်။ နည်းနည်းမှ ကြောက်လန့်နေတာမျို မရှိပေ။
" ငါ ... မလုပ်နိုင်ဘူး။ "
စောမင်းခန့်က ခပ်တန်းတန်းသာ ပြောသည်။ ဆလိုင်းက ကျန်နေသေးတဲ့ လှေကား သုံးထစ်လောက်ကို ဆင်းလိုက်ပြီး စောမင်းခန့် ဘေးမှ လာရပ်ပြီး သူရိန်တို့ကိုကြည့်သည်။