စောမင်းခန့်ကို တစ်လတစ်ကြိမ်၊ နှစ်လတစ်ကြိမ်လောက်သာ ဆလိုင်းတွေ့ခွင့်ရသည်။ဒါတောင် စကားပြောခွင့်မရဘဲ မျက်နှာမြင်ရရုံ၊ အကြည့်ချင်းဆုံရုံ၊ အသံလေး ကြားရရုံသာ ဖြစ်သည်။အခွင့်အရေးရလို့ ဆလိုင်းက စကားသွားပြောလျှင်လည်း စောမင်းခန့်က အရေးသိပ်မစိုက်ပေ။
" အစ်ကို "
ညစာစားပွဲလာသည့် စောမင်းခန့်ကို သန့်စင်ခန်းထဲက အထွက်မှာ ဆလိုင်းက တံခါးမှစောင့်နေကာ လက်တစ်ဖက်ကို ဆွဲထားကာ ခေါ်သည်။ စောမင်းခန့်၏ လက်ကောက်ဝတ်လေးတွေက ချစ်ဖို့ကောင်းစွာ သေးသေးကွေးကွေးလေးတွေပင်။ပွဲတက်လာတယ်ဆိုပေမယ့် စောမင်းခန့်က ကုတ်အင်္ကျီသာ ထပ်ဝတ်ထားပြီး အတွင်းကရှပ်အင်္ကျီအဖြူနှင့် ရိုးရိုးStyle Pantအနက် အပွလေးသာ ဝတ်ထားသည်။
ဆလိုင်းကို တွေ့တော့ အံ့သြသွားဟန်ဖြင့် မျက်လုံးလေးက အနည်းငယ် ပြူးကြောင်နေသည်။ ဆလိုင်းက ပြုံးပြလိုက်ရင်း ပြောသည်။
" အန်ကယ့်ဆီမှာ အလုပ်လုပ်ဖို့ ပြောထားတာ။ အဲဒါကြောင့် အန်ကယ်က လာခဲ့ခိုင်းလို့။ "
" အင်း "
စောမင်းခန့်က သွားဖို့ လုပ်နေတော့ ဆလိုင်းက စောမင်းခန့်၏ လက်မောင်းလေးကို ဆွဲထားပြန်သည်။
" သေချာမတွေ့ဖြစ်တာတောင် ကြာပြီနော် အစ်ကို။"
စောမင်းခန့်က ဒီအတိုင်းပဲ ရပ်နေသည်။ ဘာစကားမှ မပြောပေ။ ဆလိုင်းက အနည်းငယ် နေရခက်သွားပြီးမှ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်ပြောသည်။
" အန်ကယ်က ပြောတယ်။ အစ်ကိုနဲ့ အတူတူအလုပ် လုပ်လို့ရတယ်တဲ့။ "
ဆလိုင်းဘက်က ပြောတဲ့စကားတွေ အများကြီးထဲ ဒီစကားမှ စောမင်းခန့်က ဆလိုင်းကို ကြည့်လာသည်။
စောမင်းခန့် စကား မစခင် ဆလိုင်းက ဇွတ်အတင်း တရစပ်ပြောသည်။" ကျွန်တော့် ကျောင်းက မဟုတ်လည်း အဝေးသင်ပဲလေ။ ဒုတိယနှစ်တက်ဖို့လည်း နှစ်လလောက် လိုပါသေးတယ်။ ကျွန်တော် အလုပ်လုပ်ချင်တယ်။အန်ကယ်ဇေယျာ့ကို ကူညီချင်တယ်။ အန်ကယ်ကလည်း လက်ခံတယ်။ "