ခြံထဲမှာရှိတဲ့ သစ်သားကွပ်ပျစ်ပေါ်မှာ နေယံက တစ်ယောက်တည်း ထိုင်နေသည်။ဆလိုင်း အိမ်ထဲက ထွက်လာတော့ သက်ပြင်းခပ်ဖွဖွ ချကာ နေယံ့ဘေးမှာ ဝင်ထိုင်လိုက်သည်။
" အိပ်သွားပြီလား။ "
နေယံက မေးလိုက်တော့ ဆလိုင်းက ဦးတည်ချက်မဲ့စွာ အရှေ့ကိုတည့်တည့် ကြည့်နေရင်းမှ ခေါင်းငြိမ့်ပြသည်။ စောမင်းခန့်၏ ခြေထောက်က ပြန်ကိုက်နေတာမို့ ဆလိုင်း ကိုယ်တိုင် ဆေးတိုက်ပြီး သေချာလေး သိပ်ခဲ့သည်။
" သူ့ခြေထောက် ... "
ဆလိုင်း မေးချင်တာကို နေယံက သိတာမို့ အလိုက်တသိပဲ ဖြေပေးသည်။
" ခွဲစိပ်မှု ထပ်လုပ်ဖို့ မလိုဘူး။မင်း ပြန်ပေါ်လာပြီးနောက် ဒီရက်တွေထဲ သူ အဲဒီခြေထောက်ကို ဂရုမစိုက်ဘဲ မင်းနောက်ပဲ လိုက်နေလို့ ပြန်ပြီး ဒဏ်ပေါ်လာတာ။ ဆေးရုံသွားပြ ကြည့်ပေါ့။ ဆေးရုံတက်ရင်တော့ ပိုကောင်းပေမယ့် သူက ဆေးရုံတက်ရတာ အရမ်းမုန်းတာ။ ပြောလို့ရမယ် မထင်ဘူး။ "
" ကြိုးစားကြည့်ရမှာပေါ့။ "
နေယံနှင့်ဆလိုင်းက အမြင်ကြည်တယ်လို့ မဟုတ်ပေမယ့် ရန်ဘက်တွေလည်း မဟုတ်ပေ။ ပုံမှန်ဆို စကားပြောစရာမရှိပေမယ့် နှစ်ယောက်လုံးက စောမင်းခန့်ကို ဂရုတစိုက်ရှိတာ အတူတူမို့ စောမင်းခန့်နဲ့ ပတ်သတ်ရင်တော့ စကားပြောဖြစ်သည်။ဆလိုင်းက လေသံတိုးတိုးလေးဖြင့် တွန့်ဆုတ်စွာ မေးလာသည်။
" စဖြစ်ဖြစ်ချင်းတုန်းက အရမ်းဆိုးလား။ "
နေယံက ဆလိုင်းကို ဘေးတစောင်းသာ အကြည့်ပို့ပြီး ပြောသည်။
" သိတော့ရော ဘာလုပ်မှာလဲ။ မင်းကိုယ်မင်း ခက်ခဲအောင် လုပ်မနေနဲ့။ ရင်နာရတာအပြင် မရှိဘူး။ အခု မင်းတို့ အတူရှိနေပြီပဲ။ ကျန်တာတွေ မေ့ထားပြီး ပျော်ပျော်နေပေါ့။ "
ဆလိုင်းက စောမင်းခန့်အိပ်နေသည့် အခန်းကို ကြည့်လိုက်ပြီးမှ ခေါင်းရမ်းသည်။
" ငါ မေ့လို့မရဘူး။ သူ ဘာတွေ လုပ်ခဲ့လဲ တွေးမိတိုင်း ငါ့ကို တစ်ယောက်ယောက်က လည်ပင်းညှစ်ထားသလို မွန်းကြပ်တယ်။ သူ ငါ့အနားမှာ ရှိနေပေမယ့် ငါ့စိတ်က ငါ့ကိုသတ်နေပြီး ဒါတွေကို အိပ်မက် ဖြစ်နေမှာ ကြောက်တယ်။ "