ဆလိုင်း၏ ခေါင်းက ခြောက်ချက်တောင် ချုပ်လိုက်ရသည်။နှစ်ဆယ့်လေးနာရီအတွင်း စောင့်ကြည့်ရမည်လို့ ရန်ငြိမ်းကို ဆရာဝန်က သေချာမှာလိုက်သည်။နှစ်ဆယ့်လေးနာရီအတွင်း နှာခေါင်းမှ သွေးထွက်တာ၊ နားမှသွေးထွက်တာ အပြင် အလွန်အကျွံမူးတာ၊အန်တာ ရှိရင် သွေးကြောမှ သွေးစိမ့်တာ ဖြစ်တတ်တာမို့ ဆေးရုံတက်ရမည်။
" မင်းသက်သာလား။ "
ဆလိုင်းနိုးလာတော့ ရန်ငြိမ်းက ဘေးမှာရှိသည်။ အပြစ်တင်တဲ့ စကားတွေ ဆိုမလာဘဲ ရန်ငြိမ်းမှာ စိုးရိမ်စိတ်သာရှိသည်။ ခေါင်းက ပတ်တီးကို ဆလိုင်းက လက်လေးနဲ့ ကိုင်လိုက်ပြီး အိပ်ယာပေါ်က ထလိုက်တော့ ရန်ငြိမ်းက တွဲကူပေးသည်။
" အင်း ... သက်သာပါတယ်။ ဒဏ်ရာက နည်းနည်းတော့ ကိုက်နေတယ်။ "
" အကိုက်အခဲပျောက်ဆေးထိုးပေးဖို့ ငါဆရာဝန် သွားခေါ်လိုက်မယ်။ "
ဆရာဝန်သွားခေါ်ဖို့ ပြင်နေသော ရန်ငြိမ်း၏ လက်ကို ဆလိုင်းကို ဆွဲထားကာ ပြောသည်။" ရတယ် ... ခဏထိုင်ဦး။ ငါ ပြောစရာရှိလို့။ "
" ဘာလဲ ပြောလေ။ "
ရန်ငြိမ်းက ဆလိုင်းကို စိတ်ပူကာ ပုံမှန်ထက် ပိုပြီး စိတ်ရှည်နေသည်။ ဆလိုင်း ခေါင်းကိုက်စေမည့် စကားတွေ မပြောဘဲ ပူညံပူညံလည်း မလုပ်ပေ။
" အစ်ကို ... ငါ့ကို လာကြည့်သေးလား။ "
ရန်ငြိမ်၏ မျက်နှာက တည်ကျသွားသည်။ ပြီးနောက် ဆလိုင်းကို ဂရုဏာဒေါသဖြင့် ကြည့်ကာ ပြောသည်။
" မကြည့်ဘူး။ မင်းသတိလစ်သွားတော့ အကုန်လုံး ပြာယာခတ်ကုန်ပေမယ့် သူကဘယ်ပျောက်သွားမှန်းကို မသိတာ။ မင်းကို ခွေးတစ်ကောင်လောက်တောင် တန်ဖိုးထားမနေဘူး။ အန်ကယ်ဇေယျာကတော့ ပြောသွားတယ်။ မင်းကို အခုလို လုပ်လို့ သူနဲ့သေချာ စကားပြောမယ်တဲ့။ သူ မင်းကို တောင်းပန်ရင်တောင် Feelမနေနဲ့။ အဲဒါ အန်ကယ်ဇေယျာခိုင်းလို့ မလွှဲသာလို့ ... အဲဒီကောင်က အကြင်နာတရား တစ်စက်မှ မရှိတဲ့ကောင်။ "