Part (12)

8 1 0
                                    

ဓာတ်လှေကား တံခါးက တတိယထပ်တွင် သူ့အလိုလိုပွင့်လာသည်။
အဆင်သင့် စောင့်နေသည့်ထိုက်ဟုန်စစ်ဟာ ဓာတ်လှေကားထဲကို ဝင်၍ နံပါတ်အချို့ကို လျှင်မြန်စွာ နှိပ်လိုက်၏။

တံခါးက ပြန်ပွင့်သွားချိန်မှာတော့ မျက်စိရှေ့က နေရာမှာ ရှေးဆန်သည့် အဆောက်အဦး တစ်ခု အဖြစ်ပြောင်းလဲလျက်ရှိနေသည်။

ချွင်းချက်မရှိ ဤနေရာသည် ရာဇဝတ်ရုံးပင်ဖြစ်သည်။

ရုံး၏ ကြမ်းခင်းပေါ်သို့ ခြေစုံချလိုက်သည်နှင့် ဓာတ်လှေကား တံခါးဟာ စေ့ပိတ်သွားပြီး တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
သူ ကျောခိုင်းခဲ့သည့် နေရာတွင်တော့ ထုထည်ကြီးမားသည့် ကျွန်းတံခါးကြီး နှစ်ချပ်သာ ကျန်နေရစ်သည်။

ရာဇဝတ်ရုံးမှာ အထပ်ပေါင်း များစွာနဲ့ ဖွဲ့စည်းထားပြီး နံရံတွေပေါ်မှာတော့ အမှုထမ်းဟောင်း နတ်သားရဲတွေရဲ့ အတ္ထုပ္ပတိတွေကို နံရံဆေးရေးပန်းချီတွေနဲ့ ပုံဖော်ထားသည်။
ကျွန်းသား ကြမ်းခင်းများနှင့် ပရိဘောဂများမှာ နင်းလျှောက်သွားသူရဲ့ ပုံရိပ် အရောင်ပြန်ပေါ်သည်အထိတောက်ပြောင်နေသည်။
ကျွန်းပွတ်လုံးနဲ့ ပြုလုပ်ထားသည့် လှေကားလက်ရန်းများ၊ အသုံးအဆောင်ပစ္စည်းများက မဟာဆန်သည့် အငွေ့အသက်ကိုရသော်ငြား ထွက်ပေါက်မရှိဘဲ ကျယ်ဝန်းလွန်းသည့် နေရာကြီးက သာမန်လူ တစ်ယောက်ကို အလိုလိုနေရင်း သေးငယ်ကျုံ့ဝင်သွားသလို ခံစားရစေသည်။

ဒီနေ့မနက် ခွန်းယံ အကြိုလေ့ကျင့်ရေးအတွက် ထွက်သွားပြီး မရှေးမနှောင်းမှာပင် ထိုက်ဟုန်စစ်ရဲ့ ဖုန်းကို အကြောင်းကြားစာဝင်လာသည်။
သွင်မင်းပိုင်မှ ရုံးကို အရေးတကြီး လာဖို့ လိုအပ်ကြောင်း ပို့လိုက်တဲ့ အကြောင်းကြားစာဖြစ်သည်။

"ဘာ အရေးကြီး ကိစ္စရှိလို့ ငါ့ကို ရှာနေကြတာလဲ ? "

တန်ဖိုးကြီး သားရေနှင့် လုပ်ထားသည့် ကြက်သွေးရောင် ဆိုဖာလက်ရန်းကို မှီထိုင်‌နေသော သိမ့်ဝတီက ဆတ်ခနဲ ခေါင်းထောင်ကြည့်သည်။

ထိုက်ဟုန်စစ်အား သူမဘေးရှိ စားပွဲပေါ်တွင် ပြန့်ကျဲနေသည့် ဓာတ်ပုံများကို လက်ညှိုးထိုးပြကာ...

VEILS OF MINZARIWhere stories live. Discover now