" မတွေ့တာကြာပြီ။ "
" ဒါပေါ့ ... တစ်နှစ်လောက်ရှိပြီ။ အရင်တစ််ခါ အန်ကယ်ဇေယျာနှင့်အတူ မင်းဆီ လာတွေ့ပြီးကတည်းက မတွေ့ဖြစ်တာပဲလေ။ "
" မင်းတာဝန်ယူထားတဲ့ လုပ်ငန်းပိုင်းတွေ အဆင်ပြေရဲ့လား ရန်ငြိမ်းချမ်း။ "
" နည်းနည်းတော့ အခက်အခဲရှိတယ်။ ဒါပေမယ့် မင်းရောက်လာပြီဆိုတော့ မင်းကိုပဲ အားကိုးရတော့မယ်။ "
ရန်ငြိမ်းက နူးနူးညံ့ညံ့နဲ့ ချောမောသည်။ဆလိုင်းနဲ့ သက်တူရွယ်တူ သူငယ်ချင်းဖြစ်သည်။
" မင်းက အရင်လိုပဲ ရန်ငြိမ်း။ "
" ဒါပေါ့ ... မင်းကသာ အများကြီး ပြောင်းလဲသွားတာ။ အများကြီးလည်း ကြည့်ကောင်းလာတယ်။ "
" ကျေးဇူးမတင်တော့ဘူး။ ငါသိပြီးသားမို့။ "
ဒီနှစ်ယောက်က ဒီလိုပဲ ရင်းနှီးတာမို့ အကုန်လုံးအတွက် မထူးဆန်းကြပေ။အင်း ... အခုမှ တကယ် ထူးခြားသည့် ကိစ္စကို တွေ့ရမှာဖြစ်သည်။
ဆလိုင်းက ရန်ငြိမ်းကို စကားပြောနေရင်းမှ ကြမ်းပေါ်ကို ခြေထောက် တစ်ဖက်ကို အားယူပြီး ထောက်ကာ လမ်းလျှောက်လာသော ပိန်ပိန်ပါးပါးနဲ့ တစ်ယောက်ကို လှမ်းကြည့်သည်။ရှပ်အင်္ကျီအဖြူအပွနှင့်ဘောင်းဘီရှည် အညိုအပွကို ဝတ်ဆင်ထားတဲ့သူက ဆလိုင်းကို မြင်တော့ ခြေလှမ်း အနည်းငယ် ရပ်သွားပြီးမှ အကြည့်လွှဲကာ ဆက်သွားသည်။
" နေယံ ကားအဆင်သင့် ဖြစ်ပြီမလား။ "
" ဟုတ်ကဲ့။ "
နေယံဆိုသည့် တစ်ယောက်က ခပ်သွက်သွက် ထွက်သွားကာ ကားသွားထုတ်သည်။ထိုခြေထောက်တစ်ဖက် ပုံမှန်မဟုတ်သည့်သူက ဆလိုင်းဘေးမှ မျက်နှာတည်တည်နဲ့ ဖြတ်သွားတော့ ဆလိုင်းက မျက်တောင်တစ််ချက်တောင် မခတ်ဘဲ ကြည့်လိုက်ရင်း လက်ကောက်ဝတ်လေးကို ဖမ်းဆုပ်လိုက်သည်။ အရင်အတိုင်းပဲ ထိုလူ၏အသားက အေးစက်စက်၊ ထိုလူ၏ နှလုံးသားလိုပင်။ ကွာခြားသွားတာဆိုလို့ အရင်ထက် ပိုပိန်သွားတာ တစ်ခုသာရှိသည်။
![](https://img.wattpad.com/cover/345807594-288-k425983.jpg)