Chapter 12 (The End)

573 27 6
                                    

(UNICODE)

ကျွန်မ ဂျပန်ကိုရောက်ပြီး ၂ နှစ်ကျော်အတွင်း ဒေါက်တာနှင့် နေ့တိုင်း အဆက်အသွယ်လုပ်ဖြစ်ခဲ့ကြသည်။ တစ်နေ့တာ ဖြတ်သန်းမှုတွေကို အပြန်အလှန် ပြောဖြစ်ခဲ့ကြသည်။ လူချင်း ဝေးနေသော်လည်း စိတ်ချင်းကတော့ အမြဲနီးခဲ့ကြသည်။

သို့သော် ၃ နှစ်လောက်ကြာပြီးသည့် အချိန်တွင်တော့ ကျွန်မတို့ အဆက်အသွယ်ကြဲလာသည်။ ကျွန်မဘက်ကတော့ အမြဲ ဆက်သွယ်ခဲ့ပေမယ့် တစ်ခါတစ်ရံ ဒေါက်တာ့ဘက်က ဖုန်းမကိုင်တာမျိုး၊ စာချက်ချင်း မပြန်တာမျိုး ရှိတတ်သည်။ ထိုအခါများတွင် ကျွန်မရင်ထဲသို့ ချော်ရည်ပူများ လောင်းလိုက်သည့်သဖွယ် ပူလောင်ရသည်။ ဒေါက်တာ့ဆီမှ ပြန်စာရမှ ကျွန်မ စိတ်အေးနိုင်သည်။ ကျွန်မဘက်ကတော့ အရင်အတိုင်း ဒေါက်တာ့အပေါ်မှာ ခံစားချက်တွေရှိနေဆဲပင်။ သို့သော် ဒေါက်တာကရော ကျွန်မကို ဘယ်လိုတွေးသလဲဆိုတာ မသိနိုင်ပေ။

အင်း ... ဒါကလည်း ကျွန်မဘက်က ခံစားချက်သက်သက်ပါလေ။ ဒေါက်တာနဲ့ ကျွန်မက ဒီတိုင်း မိတ်ဆွေတွေပဲ မဟုတ်လား။
ကျွန်မက ဒေါက်တာ့ကို ချစ်ပါတယ်လို့မှ မပြောခဲ့ဖူးတာပဲ။
တကယ်ဆို ချစ်တာကို ချစ်ပါတယ်လို့ ပြောခဲ့သင့်လား၊ မပြောခဲ့သင့်ဘူးလားဆိုတာကို အခုချိန်ထိ ဆုံးဖြတ်၍ မရပေ။ သေချာတာ တစ်ခုကတော့ ကျွန်မ ဒေါက်တာ့ကို မြတ်နိုးစွာနှင့် ချစ်မိခဲ့သည်။ သို့သော် ဘယ်လိုမှ ပေါင်းစပ်လို့ မရနိုင်တဲ့ ဘဝပဲ မဟုတ်လား။

အိမ်ထောင်ရှိတဲ့ အမျိုးသမီးတစ်ယောက်။
အဲ့ဒီအမျိုးသမီးကို ချစ်မိတာကလည်း အမျိုးသမီးတစ်ယောက်တဲ့။

အချစ်ဟာ အချစ်ပါပဲလို့ မြင်ပေးလို့ရပေမယ့် သက်ဆိုင်သူရှိနေတဲ့ လူတစ်ယောက်ကိုတော့ ချစ်မိဖို့မကောင်းဘူးလို့ ကျွန်မတွေးမိသည်။ သို့သော် အချစ်ဆိုသည့် အရာက တမင်လုပ်ယူထားတာမျိုး မဟုတ်ပဲ ရင်ထဲကနေ သူ့အလိုလို ပေါက်ဖွားလာတတ်တဲ့ အရာမျိုးမဟုတ်လား။ သက်ဆိုင်သူရှိပြီးသားဆိုပေမယ့် တိတ်တခိုး ချစ်နေခြင်းက အပြစ်လို့ မဆိုသာဘူးထင်ပါရဲ့။

ကျွန်မ တက္ကသိုလ် နောက်ဆုံးနှစ်ရောက်သည့်အချိန်တွင် ဒေါက်တာနှင့် လုံးဝအဆက်အသွယ် ပြတ်သွားခဲ့သည်။ ‌ကျွန်မဘက်က ဖုန်းအကြိမ်ကြိမ်ဆက်သော်လည်း မကိုင်ခဲ့ပေ။ ပြန်စာများလည်း မရှိတော့ပေ။ တက္ကသိုလ်နောက်ဆုံးနှစ်ဖြစ်သည်မို့ ကျွန်မ သည်းခံနေရသည်။ တကယ်တမ်းဆိုလျှင် မြန်မာနိုင်ငံသို့ ချက်ချင်းပင် အပြေးပြန်လိုက်ချင်မိသည်။

When We Meet Again Where stories live. Discover now